သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့် ပေးဖို့ NLD တောင်းဆို


အထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ပေးဖို့ ပါတီ ဗဟိုအလုပ်အမှုဆောင် တချို့က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ခွင့်တောင်းလိုက်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအပြင် ၂၀၁၀ ခုနှစ်မှာ မြန်မာစစ်အစိုးရက ကျင်းပဖို့ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးဖို့ တောင်းဆိုတာဖြစ်တယ် ဆိုပြီး NLD တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘန်ကောက်ကနေ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

NLD ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဏာပိုင်တွေက ထိန်းသိမ်းထားတဲ့အတွက် လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပါတီ ရှေ့ဆက်လုပ်ဆောင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးဖို့ တွေ့ခွင့်ပြုပါလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီမှာ တင်ပြ တောင်းခံထားတဲ့အကြောင်း NLD သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ၁၆ ရက်နေ့က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည်၊ အန်ကယ် ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေ မျက်နှာစုံညီ တွေ့ဆုံဖို့၊ အဲဒီလိုတွေ့ဆုံတာကို ခွင့်ပြုဖို့ဆိုပြီး နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးပြီး တင်ပြတောင်းဆိုထားတာပါ။”

စက်တင်ဘာလ ၁၆ ရက်နေ့ကတည်းက စာပို့ခဲ့တာဖြစ်ပေမဲ့ ဒီနေ့ထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့လည်း ဒေါက်တာဝင်းနိုင်က ပြောပါတယ်။ အခုအချိန်ကာလမှာ NLD ရဲ့ မူဝါဒတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ညှိနှိုင်းတိုင်ပင် ဆွေးနွေးဖို့ လိုအပ်နေပြီ ဖြစ်တဲ့အတွက် ပါတီခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခွင့်ပြုဖို့ ထပ်ပြီး အကြောင်းကြားတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေ ကိစ္စလည်း ပါတီခေါင်းဆောင်တွေ တွေ့ပြီး ဆွေးနွေးကြတဲ့အခါ ပါဝင်နိုင်ပါတယ်လို့ ဒေါက်တာဝင်းနိုင်က ပြောပါတယ်။

“လူကြီးတွေ တွေ့တဲ့အခါမှာတော့ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်ဆိုတော့ ရွေးကောက်ပွဲကိစ္စတွေလည်း ပါကောင်းပါနိုင်တာပေါ့။ ဥပမာ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးပေါ့၊ ကျနော်တို့ လက်ရှိချမှတ်ထားတဲ့ မူအရကတော့ ရွှေဂုံတိုင် ကြေညာစာတမ်း ရပ်တည်ချက် အတိုင်းပဲလေ။ သို့သော် လူကြီးတွေတွေ့ပြီး ဆွေးနွေးတဲ့အခါမှာ သူတို့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါတယ်။”

NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူး ဆိုတာကို ခုချိန်ထိတော့ တရားဝင် မကြေညာသေးပါဘူး။ ဒါပေမဲ့ မြန်မာစစ်အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းလမ်းနဲ့ မကိုက်ညီတာတွေကို ပြန်ပြင်ဆင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ ပြီးခဲ့တဲ့မေလက ရွှေဂုံတိုင် ကြေညာစာတမ်း ထုတ်ပြန်ပြီး သဘောထား ပေးထားပါတယ်။ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်ဖို့အတွက် အဲဒီအချက်တွေကို အာဏာပိုင်တွေဘက်က အရင်လုပ်ပေးရမယ်လို့ တောင်းဆိုထားပါတယ်။

ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဘက်က ဒီအချက်တွေကို အကြောင်းပြန်ကြားတာမျိုး မရှိသလို လုပ်ဆောင်ပေးတာလည်း ခုချိန်ထိ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက အကျဉ်းသား ၇,၀၀၀ ကျော် လွှတ်ပေးတယ်ဆိုတဲ့ အထဲမှာလည်း ခုချိန်ထိ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်ပဲ ပါဝင်ပါသေးတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့ ဆိုတဲ့ အချက်တွေကို တောင်းဆိုပေမဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကိုတော့ ပြောဆိုတာမျိုး မရှိပါဘူး။ ဒါ့အပြင် NLD အပါအဝင် လက်ရှိ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲဝင်ရေးကိစ္စ စဉ်းစားဖို့ တိုက်တွန်း ပြောဆိုတာတွေတောင်မှ ရှိပါတယ်။

တရားဝင် မှတ်ပုံမတင်ရသေးတဲ့ အဖွဲ့အစည်းတချို့က ဆိုင်းဘုတ်တင်တာတွေ၊ စုဝေးဆွေးနွေးတာတွေကို အာဏာပိုင်တွေက ခွင့်ပြုထားပြီး NLD လို တရားဝင်ပါတီတွေကိုကျ ရုံးခန်းတွေတောင် ဖွင့်ခွင့်မပေးတဲ့အတွက် တခြားအဖွဲ့အစည်းတွေလိုပဲ လှုပ်ရှားမှုတွေ လုပ်ခွင့်ပြုဖို့ မကြာသေးခင်ကဘဲ NLD ကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ စာရေးသား တောင်းဆိုခဲ့ပါသေးတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ခုချိန်ထိ အကြောင်းပြန်ကြားချက် မရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG