ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ နယူးယောက်ကို ရောက်ရှိနေတဲ့ မြန်မာစစ်အစိုးရ၀န်ကြီး ဦးဉာဏ်ဝင်းကို အမေရိကန် နိုင်ငံခြားရေးဌာနကနေ အမေရိကန် ဗဟိုအစိုးရ ရုံးစိုက်ရာ ၀ါရှင်တန်ဒီစီကို လာရောက်ခွင့်ပြုခဲ့ပါတယ်။ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စု လာရောက်ခွင့် ပိတ်ပင်ထားတဲ့ ဥပဒေ ရှိနေလျက်နဲ့ အခုလို အစိုးရရုံးစိုက်ရာ ၀ါရှင်တန်ဒီစီကို မြန်မာနိုင်ငံခြားရေးဝန်ကြီး လာရောက်ခွင့် ရခဲ့တယ်ဆိုတော့ အမေရိကန်အစိုးရရဲ့ မူဝါဒဟာ မြန်မာအစိုးရအပေါ် ပိုပြီး ပျော့ပြောင်းလာနိုင်ချေ ရှိသလား။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ၀ါရှင်တန်ဒီစီ မြို့တော်ကို ရောက်ခဲ့တယ်ဆိုပေမဲ့ သိပ်ပြီး ပေါ်ပေါ်ထင်ထင်တော့ မဟုတ်ပါဘူး။ ပုံမှန်လုပ်ထုံးအရ ဆိုရင်တော့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ အမေရိကန်ဗီဇာ အပိတ်ခံထားရတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ နယူးယောက်မြို့ထဲမှာပဲ နေထိုင်ခွင့် ရှိပါတယ်။ အခြား အမေရိကန်ပြည်ထောင်စု အတွင်းကို သွားလာလည်ပတ်လို့ မရပါဘူး။ အခု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ၀ါရှင်တန်ဒီစီကို လာရောက်ခဲ့တာကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်လာတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းဟာ ၀ါရှင်တန်ဒီစီက မြန်မာသံရုံးကိုလာပြီး သံရုံးဝန်ထမ်းတွေနဲ့ တွေ့ဆုံလိုတယ်လို့ မေတ္တာရပ်ခံလာတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါကို ခရီးတိုအနေနဲ့ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ၀ါရှင်တန်ဒီစီက အစိုးရတာဝန်ရှိသူတွေ အကြားမှာ ဆွေးနွေးမှုတွေတော့ မရှိခဲ့ဘူး၊ အစီအစဉ်လည်း မရှိခဲ့ဘူးလို့ နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ဆို့ထားတဲ့ ၁၉၉၆ ခုနှစ် ဥပဒေ နောက်ပိုင်းမှာတော့ ဒါဟာ ပထမဆုံးအကြိမ် မြန်မာဘက်က အဆင့်မြင့်ဆုံး ခေါင်းဆောင်တဦး ၀ါရှင်တန်ဒီစီကို ရောက်လာတယ်လို့တော့ ပြောနိုင်ပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ USCB အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဒင်ကတော့ အမေရိကန် အစိုးရဘက်က မြန်မာအစိုးရနဲ့ သံတမန်ရေး ဆက်ဆံမှု တိုးမြှင့်လိုတဲ့ ရည်ရွယ်ချက် ရှိထားတယ်လို့ ပြောပါတယ်။
“အမေရိကန် အစိုးရကလည်း မြန်မာစစ်အစိုးရနဲ့ အနည်းဆုံး တဘက်မှာ ဖိအားပေးမှုတွေကို ဆက်ပြီး ကိုင်စွဲထားရင် တောင်မှ တဘက်မှာ သံတမန်ရေးအရ ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်ချက်ရှိတဲ့ အခါကျတော့ အခုလို နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကို ၀ါရှင်တန်ဒီစီလာပြီး သူ့ရဲ့သံရုံးကို စစ်ဆေးခွင့်ပြုဖို့ ခွင့်ပြုလိုက်တယ်လို့ ကျနော်ထင်ပါတယ်။”
တချိန်တည်းမှာပဲ မကြာခင် ထွက်လာမယ်လို့ ထင်ပါတယ်၊ အမေရိကန် အစိုးရကလည်း သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ မြန်မာ အပေါ်ထားတဲ့ဟာကို ပြန်ဆန်းစစ်တဲ့အခါကြတော့ မြန်မာစစ်အစိုးရအပေါ်ထားတဲ့ မူဝါဒက ပိုပြီး ပျော့ပြောင်း လာမယ်လို့ ယူဆလို့ရမလား၊ အခုလို အခြေအနေတွေကို ကြည့်ခြင်းအားဖြင့်။
“အဲလိုတော့ မဟုတ်ဘူးဗျ။ ကျနော်နားလည်သလောက်က သူတို့က ဖိအားပေးမှုနဲ့ ချဉ်းကပ်မှု၊ နှစ်ခုစလုံးကို ထိထိ ရောက်ရောက် ပေါင်းစပ်ကျင့်သုံးဖို့၊ Engagement နဲ့ Pressure ပေါ့။ တဖက်မှာ ဖိအားပေးမယ်၊ တဖက်မှာလည်း Engage လုပ်မယ်။ Engage လုပ်တဲ့နေရာမှာ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံတာ ရှိသလို မြန်မာစစ်အစိုးရကို ကျောထောက် နောက်ခံ ပြုနေတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ အာဆီယံ စတဲ့ နိုင်ငံတွေနဲ့လည်း သံတမန်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ပြီးတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်အောင် ကြိုးစားမယ်။ တဘက်မှာ စီးပွားရေး ပိတ်ဆို့မှု အပါအ၀င် ဖိအားပေးမှုတွေကိုလည်း ဆက်ပြီးတော့ ကိုင်တွယ် ကျင့်သုံးမယ်။ တဘက်မှာကြတော့ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးမှုတွေကို တိုးမြှင့်မယ်။ အဲဒီလို မကြာခင်မှာ ကြေညာလိမ့်မယ်လို့ သိရပါ တယ်။”
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရ မူဝါဒကို ပြန်သုံးသပ်နေပြီး မကြာခင်မှာ တရားဝင်သဘောထား ထုတ်ပြန် မယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် မကြာခင် ကုလသမဂ္ဂမှာလုပ်မယ့် အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် (Clinton) တက်ရောက်မှာမို့ အဲဒီမှာ အမေရိကန်အစိုးရရဲ့ မြန်မာ နိုင်ငံအပေါ် မူဝါဒ သဘောထား တရားဝင် ကြေညာဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ သုံးသပ်နေကြတာတွေတော့ ရှိပါတယ်၊ အမေရိကန်အစိုးရရဲ့ မြန်မာအစိုးရအပေါ် အရေးယူ ဖိအားပေးမှု အတော်များများကို ရုတ်တရက်တော့ လျှော့ချ နိုင်မှာမဟုတ်ဘဲ ဒီအတိုင်း ဆက်ထားနိုင်တယ်လို့ ယူဆကြပါတယ်။
ဒါပေမဲ့ အခုလို စစ်အစိုးရဘက်က တောင်းဆိုချက် အချို့ကို လိုက်လျောပေးတာမျိုးကနေ သံတမန်နည်းအရ ဆက်ဆံရေး တွေ အပြန်အလှန် တိုးမြင့်လာမယ့် လက္ခဏာတော့ မြင်နေရတယ်လို့ ပြောရမှာပါ။ အမေရိကန် လွှတ်တော်မှာလည်း မြန်မာ နိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) ဦးဆောင်ပြီး အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ မူဝါဒဆိုင်ရာ ကြားနာသုံးသပ်မှုတရပ်ကို အောက်တိုဘာလ ၁ ရက်နေ့မှာ ပြုလုပ်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ပြန်သုံးသပ်ပြီး မြန်မာ့အရေးမှာ ချဉ်းကပ်မှုအသစ်နဲ့ ဆောင်ရွက်ကြဖို့ မစ္စတာဂျင်မ်ဝက်ဘ်က အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။