သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယူခံဆုံးဖြတ်ချက်အကြို ဒေါ်စု ရှေ့နေနဲ့ ညှိမည်


နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တွေက သူနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပြုဖို့ အာဏာပိုင်တွေဆီမှာ တောင်းခံထားတယ်လို့ အကျိုးဆောင်ရှေ့နေတဦးက ပြောပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့မှာ ချမှတ်မယ့် အယူခံလွှာဆုံးဖြတ်ချက်ကိစ္စနဲ့ ကန့်သတ်ချက်တွေကိစ္စ ဆွေးနွေးဖို့လို့ ဆိုပါ တယ်။ တချိန်ထဲမှာပဲ အကျဉ်းသားတွေကိုလွှတ်ပေးလိုက်တဲ့အပေါ် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုလိုက်ပြီး ကျန်တဲ့လူ တွေကိုလည်း လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကိုဖောက်ဖျက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာကို အယူခံဝင်ခဲ့ပြီးတဲ့နောက် စက်တင်ဘာလက ၁၈ ရက်နေ့က နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ပေးဖို့ ရန်ကုန်တိုင်း တရားရုံးက ရုံးချိန်းပေးထားပါတယ်။ ဒီ ဆုံးဖြတ်ချက်က ဘယ်လိုပဲထွက်လာထွက်လာ ဘာဆက်လုပ်မယ်ဆိုတာ ဆွေးနွေးဖို့နဲ့ ကန့်သတ်ချက်တွေနဲ့ပတ်သက်ပြီး မရှင်းလင်းတာ တွေ တင်ပြမယ့်ကိစ္စ ဆွေးနွေးဖို့ တွေ့ခွင့်တောင်းထားတာလို့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်း က ပြောပါတယ်။

“မနက်ဖြန် တွေ့ခွင့်ပေးဖို့ ကျွန်တော်တို့ တင်ပြထားပါတယ်။ အကျိုးအကြောင်း အခုထိတော့ မသိသေးပါဘူး။ အချက် ၂ချက်ပါ။ တချက်က အောက်တိုဘာ ၂ရက်နေ့မှာ ချမှတ်မယ့် အမိန့်၊ ဘာလဲတော့ ကျွန်တော်တို့ မသိဘူး။ ဘယ်လို အမိန့်ပဲ ချချ၊ ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်မယ်။ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ညှိနှိုင်းဖို့၊ ဒါက တချက်၊ ဒုတိယ တချက်က ဒေါ်အောင်ဆန်းစုကြည် ဒေါ်ဝင်းမမ၊ ဒေါ်ခင်ဝင်းတို့ အပေါ်မှာ ကန့်သတ်ထားတဲ့ စည်းကမ်းချက် ၈ချက်၊ ဒီ ၈ချက်ထဲက ကျွန်တော်တို့ အခုထိ မရှင်းလင်းသေးတဲ့အချက်တွေ ရှိနေတယ်။ အဲဒီ မရှင်းလင်းတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာကို တင်ပြ မေးမြန်းဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားပါတယ်။ သူတို့ တင်ပြ မေးမြန်းမယ့် ကျွန်တော်တို့ ရေးထားတာတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် အတည်ပြုချက် ရယူဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို တွေ့ခွင့် ပေးပါလို့ တောင်းဆိုထားပါတယ်။”

ဒီတွေ့ခွင့်တောင်းထားတဲ့အပေါ် အာဏာပိုင်တွေဘက်က ဘာမှ အကြောင်းမပြန်သေးဘူးလို့လည်း ဦးဥာဏ်ဝင်းက ပြောပါ တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပါတီ ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေ၊ လက်ရှိ နိုင်ငံ ရေးအခြေအနေအရ ပါတီရဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို ဆွေးနွေးတိုင်ပင်နိုင်ဖို့အတွက် အထိန်းသိမ်းခံထားရတဲ့ ပါတီ ခေါင်းဆောင် တွေ ဖြစ်ကြတဲ့ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပါတီကိုတော့ ဒါနဲ့ပတ်သက်ပြီးလည်း ဘာမှအကြောင်းမပြန်သေးဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ လည်း ဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း နိုင်ငံသားအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တာကို NLD ပါတီက လှိုက်လှဲစွာ ကြိုဆိုတဲ့အကြောင်း ဒီကနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေ့ရှုပြီး ပြန်လွှတ်ပေးဖို့လည်း ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။
အခုလွတ်မြောက်လာသူတွေထဲမှာ NLD ပါတီဝင် ၄၃ ယောက်ပါဝင်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒီပါတီဝင်တွေ အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပြန်ပြီး တာဝန်ထမ်းဆောင်ကြဖို့လည်း NLD ပါတီက တိုက်တွန်းခဲ့ပါတယ်။ ပြန်လွတ်လာတဲ့ ပါတီဝင်တွေက သူတို့အကျဉ်းကျနေစဉ် ကာလအတွင်း ပါတီရဲ့ ကူညီပံ့ပိုးမှု၊ ပြန်လွတ်တဲ့အချိန်မှာ အကူအညီပေးတာတွေ အတွက် ၀မ်းမြောက်ဝမ်းသာ အသိအမှတ်ပြုကြတယ်လို့လည်း ဦးဥာဏ်ဝင်းကပြောပါတယ်။

“ပြန်လွတ်လာပြီးတော့၊ နယ်ထောင်ပေါ့ဗျာ။ မိမိနေရပ်ကို ပြန်ဖို့ စားရိတ်မရှိဘူးခင်ဗျ။ ကျွန်တော်တို့ NLD အဖွဲ့ဝင်တွေ၊ မြို့နယ်အသီးသီး၊ တိုင်းအသီးသီးမှာ ရှိတဲ့ NLD အင်အားစုတွေက ထွက်လာတဲ့ နိုင်ငံရေး အကျဉ်းသားစုတွေကို ကြိုဆို ပြီးတော့ ခရီးဆုံးတဲ့အထိကို လက်မှတ်ဝယ်ပေး၊ ကားပေါ်တင်ပေး၊ အားလုံး လုပ်တယ်ခင်ဗျ။ အဲဒါကို ဒီဟာအတွက် အများကြီး ကျေးဇူးတင်တယ်။ ကျွန်တော်တို့ ဗဟိုအနေနဲ့ ပြောချင်ပါတယ်။ နယ်မြေအသီးသီးက ဒီလို ဆောင်ရွက်တာ တကယ့်ကို ကောင်းတဲ့ ကိစ္စပါ။ ”

လွတ်မြောက်လာသူတွေ လွတ်မြောက်လာပြီဖြစ်ပေမဲ့ အကျဉ်းထောင်အသီးသီးမှာ NLD ပါတီဝင်တွေအပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ဆက်ရှိနေဆဲပါ။ ဒီလူတွေအားလုံး မလွတ်မြောက်သေးသရွေ့ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ ယုံကြည်လက်ခံနိုင်ဖွယ်မရှိဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က မကြာသေးခင်ကပဲ အစီရင်ခံစာတစောင်ထုတ်ဝေပြီး ပြောဆိုထားကြောင်းပါခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG