သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်မြောက်လာသူများရဲ့ နိုင်ငံရေးယုံကြည်ချက်


စက်တင်ဘာလ ၁၇ ရက်နေ့က စစ်အစိုးရက စစ်အစိုးရအခေါ် နိုင်ငံသား အကျဉ်းသူ၊ အကျဉ်းသားပေါင်း ၇,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူများအထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ပြီး အများစုမှာ ရာဇဝတ် အကျဉ်းသားများဖြစ်ကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကနေ စာရင်းထုတ်ပြန်ခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသမားများဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) အဖွဲ့ဝင် ကဗျာဆရာ၊ စာရေးဆရာ မုံရွာအောင်ရှင်နဲ့ ကျောင်းသားသမိုင်းစာအုပ် ပြုစုရေးသားခဲ့သူ ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်ထွန်းတို့ကို ဦးကျော်ဇံသာ (ဗွီအိုအေ) က ဆက်သွယ်ပြီး သူတို့ ဘာကြောင့် အဖမ်းခံရသလဲ၊ ဘယ်လို ထောင်ထဲရောက်ရှိသွားခဲ့သလဲ၊ ယုံကြည်ချက်၊ ခံယူချက်၊ ဘာတွေ ရှေ့ဆက်လုပ်ဆောင်သွားမလဲ စတဲ့ အကြောင်းအရာများကို မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဆရာ မုံရွာအောင်ရှင် ဘာကြောင့် အဖမ်းခံရတယ်၊ ဘယ်လို ထောင်ထဲရောက်သွားတယ်ဆိုတာ စပြောပါခင်ဗျာ။

ဦးအောင်ရှင် ။ ။ ကျနော်တို့က အတိုချုံးလေး ပြောရရင် ၂၀၀၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ကွမ်းခြံကုန်း ခရီးစဉ်ပေါ့ဗျာ၊ အဲဒီကနေပြီးတော့ ဒေါ်စုကို ညခေါ်လာပြီး အိမ်မှာ house arrest လုပ်တယ်ဗျာ။ ကျနော်တို့ လူကြီးတွေကိုလည်း house arrest လုပ်တယ်ဗျာ။ ရုံးကိုလည်း ညကြီး ဝင်ပြီး raid လုပ်ပြီးတော့ ချိတ်ပိတ်တယ်ဗျာ။ အဲဒါတွေကြောင့် ကျနော်တို့က အချက် ၃ ချက်နဲ့ တောင်းဆိုတဲ့ ကြေညာချက်တခု ထုတ်တယ်ဗျာ။ အဲဒါကတော့ တစ်အချက်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူကြီးတွေကို ပြန်ပြီးလွှတ်ပေးရေး၊ နှစ်အချက်က ရုံးပြန်ဖွင့်ပေးရေး၊ သုံးအချက်က နှစ်ဦးနှစ်ဘက် dialogue လုပ်ပါ။ အဲဒါတွေကို ကြေညာချက်ထုတ်တယ်။ အဲဒါကို သူတို့က ဖမ်းတော့တာပဲ။ ပုဒ်မ ၃ ခုတပ်တယ်၊ ပုဒ်မ ၅(ည) နဲ့ ထုံးစံအတိုင်း တခု၊ နောက်တခုက press act လို့ခေါ်တဲ့ ပုံနှိပ်ခြင်း၊ ဖြန့်ချိခြင်း ၁၇/၂၀ လို့ခေါ်တဲ့ ပုဒ်မနဲ့ ဖမ်းတာပါ။ ဖမ်းပြီးတော့ ကျနော်တို့ကို အိမ်နဲ့လည်း တွေ့ခွင့်မပေးဘူး၊ အပြင်က ရှေ့နေလည်း ငှားခွင့်မပေးဘဲနဲ့ သူတို့ဘာသာသူတို့ တရားစီရင်ပြီးတော့ ချလိုက်တာပါပဲ။ အားလုံးပေါင်း ၂၁ နှစ် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ထွန်းက ဘယ်လိုကြောင့် ဘယ်ခုနှစ်မှာ အဖမ်းခံရတယ်ဆိုတာ အကျဉ်းလေးပြောပေးပါ။

ကိုအောင်ထွန်း ။ ။ ကျနော်က ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကျနော့်ကို အိမ်မှာလာခေါ်ပြီးတော့ ၁၉၉၈ ဧပြီလ ၁၀ ရက်နေ့မှာ ထောင်ချလိုက်ပါတယ်။ ပုဒ်မစွဲချက်တွေကတော့ ကျောင်းသားသမိုင်း ရေးသားမှုနဲ့ နောက်ပြီးတော့ ထောင်အကြောင်းနဲ့ ကိုဖုန်းမော်ကိစ္စ ရေးသားမှု စာအုပ်တွေနဲ့ ပုဒ်မ ၅(ည) နဲ့ ၇ နှစ်၊ ပုံနှိပ် ၁၇ နဲ့ ၇ နှစ်၊ ၁၇(၁) နဲ့ ၃ နှစ် အားလုံးပေါင်း ၁၇ နှစ်။ အဲဒါ အခု နေသား ၁၂ နှစ်နီးပါးရှိတဲ့အခါ ပြန်လွတ်လာပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါတွေကို လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ကြည့်မယ်ဆိုရင် ဆရာမုံရွာအောင်ရှင်နဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်ထွန်းတို့ကို ဒီပြစ်မှုတွေဟာ ပြစ်မှုလို့တောင် မခေါ်ဆိုနိုင်တဲ့ ကိစ္စတွေပါ။ ဆရာဆိုရင် လွှတ်ပေးဖို့တောင်းဆိုတယ်၊ ရုံးဖွင့်ပေးဖို့ ကြေညာချက်ထုတ်တယ်။ ကိုအောင်ထွန်းဆိုရင် သမိုင်းပြုစုဖို့ လုပ်တာကို ဒီလောက် ပြစ်မှုအကြီးတွေ တပ်ပြီးတော့ ထောင်ချတယ်ဆိုတာ တကယ်တော့ သူတို့ စစ်အစိုးရဟာ ဆရာတို့ကို ဘယ်လိုဖြစ်စေချင်လို့ ထောင်ချတယ်လို့ ဆရာမုံရွာအောင်ရှင် ဘယ်လိုသုံးသပ်မိပါသလဲ။ အဓိက ထောင်ချတဲ့ ရည်ရွယ်ချက်က ဘာလဲ။

ဦးအောင်ရှင် ။ ။ အဓိကတော့ ကျနော်တို့ကို ငြိုးနေတာ ကြာပါပြီ။ အထူးသဖြင့် ကျနော်ဆိုရင် အန်န်အယ်လ်ဒီ အဖွဲ့ဝင်ဖြစ်လို့၊ အန်န်အယ်လ်ဒီမှာ အလုပ်တွေ လုပ်ပေးလို့ဆိုပြီး ကျနော်တို့ဆိုရင် စာရေးခွင့်မရတာ ကြာပြီ။ လုံးဝပိတ်ပစ်တယ် စာရေးခွင့်ကို။ နောက်ဆုံး ကျနော့်နာမည်လေးတောင်မှ ထည့်ခွင့်မပေးဘူး။ လူပုဂ္ဂိုလ်တဦးချင်း၊ နောက် အဲဒီလူပုဂ္ဂိုလ်နဲ့ နွယ်တဲ့ မိသားစု၊ သူ့ရဲ့ ပတ်ဝန်းကျင်၊ အကုန်လုံး ဘာမှလုပ်လို့မရအောင် လုပ်ပစ်တာပဲ။ ဒါ အထင်အရှားပါ။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ထွန်းရော ဘယ်လိုထင်ပါသလဲ။ ဘာကြောင့် ချသလဲ။

ကိုအောင်ထွန်း ။ ။ ကျနော်ပြောပြရရင် ကျနော်ရေးထားတဲ့ ကျောင်းသားသမိုင်းစာအုပ်က ၁၉၀၃ ကနေ ကျနော်ရေးဖို့ ရည်ရွယ်ချက်က ၁၉၉၁ အထိ ၈၈ နှစ်ပေါ့။ ဒီစာအုပ်အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့သမိုင်းက ၁၉၀၆ ခုနှစ်က YMBA က စခဲ့တယ်ဆိုတာ မဟုတ်ဘဲ ၁၉၀၃ ခုနှစ်မှာ စိန်ပေါလ် (St. Paul) ကျောင်းသားတွေ ဗြိတိသျှနယ်ချဲ့ကို ဆန့်ကျင်ပြီး ရှစ်ခိုးပြဿနာနဲ့ ဆန့်ကျင်ခဲ့တယ်လို့ သမိုင်းတခုလုံးကို ပြောင်းလဲစေတဲ့ သမိုင်းအမှန်တခု။ ပြီးတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ ဒီဘက်ခေတ်ပိုင်းအထိ လူတွေအားလုံးရဲ့ ကျောင်းသားသမဂ္ဂမှာ ဘယ်လိုပါဝင်လှုပ်ရှားခဲ့သလဲ၊ ကျောင်းသားသမဂ္ဂမှာရှိတဲ့ လူတွေအားလုံး ဘယ်လိုဆန္ဒပြခဲ့သလဲ၊ ကျောင်းသားသမဂ္ဂရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေက ဘယ်လိုလဲ၊ ကျောင်းသားသမဂ္ဂကို ဘယ်လိုဖွဲ့စည်းကြမလဲ၊ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ဘယ်လိုဆန္ဒပြပွဲတွေ လုပ်မလဲ ဆိုတဲ့ အကြောင်းအရာတွေ အားလုံး ပါဝင်တဲ့ စာအုပ်တအုပ် ဖြစ်နေလို့တကြောင်း၊ သူတို့ရဲ့ အနေအထားကို ထိခိုက်စေတဲ့အတွက် ထောင်ချလိုက်ခြင်း ဖြစ်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့က ဆရာဦးအောင်ရှင်နဲ့ ကိုအောင်ထွန်းတို့ကို ထောင်ထဲမှာထားတာ နှစ်ပေါင်း ၂၀ လောက်ထားဖို့ ရည်ရွယ်ခဲ့တယ်။ အခု ၁၀ နှစ်ကျော်ကျော်လောက် ပျမ်းမျှအားဖြင့် ကျခံပြီးတော့ လွတ်လာတယ်။ သူတို့စိတ်ထဲမှာတော့ ဒီလူတွေကို၊ ဒီပုဂ္ဂိုလ်တွေကို ထောင်ထဲမှာ ထည့်ထားလိုက်ခြင်းအားဖြင့် သူတို့ရဲ့ တက်ကြွမှု၊ သူတို့ရဲ့ ယဉ်ကျေးမှုတွေ ပပျောက်သွားလိမ့်မယ်လို့ ယုံကြည်ကောင်း ယုံကြည်ပါလိမ့်မယ်။ ဆရာတို့ရဲ့ ယုံကြည်ချက်ကရော မှေးမှိန်သွားပါလား၊ ဒီလို ထောင်ချခံခဲ့ရလို့။

ဦးအောင်ရှင် ။ ။ အဲဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ကျနော်တို့က အခုမှ လုပ်လာခဲ့တဲ့လူမှ မဟုတ်ဘဲ။ တလျှောက်လုံး လုပ်လာခဲ့ကြတာပဲ။ စဉ်းစားကြည့်ပေါ့၊ ကျနော်တို့အသက်အရွယ်နဲ့ ဒီအချိန်မှ ကျနော်တို့က ဘယ်လို ပြန်ဆုတ်လို့ ရတော့မလဲ။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ထွန်းကရော၊ နှိုင်းယှဉ်ရင် ကိုအောင်ထွန်းက နည်းနည်းငယ်ပါလိမ့်မယ်။ ကိုအောင်ထွန်း အနေနဲ့ရော လုပ်လို ကိုင်လိုတဲ့၊ အမှန်တရား ဖော်ထုတ်လိုတဲ့ ဆန္ဒတွေ မှေးမှိန်သွားပါသလား၊ ထောင်ချလိုက်တဲ့အတွက်။

ကိုအောင်ထွန်း ။ ။ မမှေးမှိန်ပါဘူး။ ကျနော်က ကိုဖုန်းမော် ကျဆုံးတဲ့ မတ်လ ၁၃ ရက်နေ့ကစရင် ၂၁ နှစ် ကျော်နေပါပြီ။ စာပေလွတ်လပ်ခွင့် အတွက်ရော၊ နိုင်ငံရေးနဲ့ လူထုလွတ်လပ်ခွင့် အတွက်ရော မှေးမှိန်သွားခြင်း မရှိဘဲ ဆက်လုပ်မှာပါ။

ဦးကျော်ဇံသာ ။ ။ သူတို့ အဲဒီလို ထောင်သွင်း အကျဉ်းချထားတဲ့ နေရာမှာ ယုံကြည်ချက်နဲ့ အကျဉ်းကျနေတဲ့ သူတွေကို ယုံကြည်ချက် ပပျောက်သွားအောင်ရော ဘယ်လိုမျိုး လုပ်ပါသလဲ။ ဆရာဦးအောင်ရှင် စပြောပါခင်ဗျာ။

ဦးအောင်ရှင် ။ ။ ထောင်ထဲမှာကတော့ ထုံးစံအတိုင်းပေါ့ဗျာ၊ mentally physically ပေါ့၊ တနည်းမဟုတ် တနည်းနဲ့ အမြဲတမ်း ကြောက်ရွံ့နေအောင်၊ ထိတ်လန့်နေအောင်၊ အကျဉ်းအကျပ်နဲ့ စိတ်ကျဉ်းကျပ်နေအောင် ဒါတွေကတော့ သူတို့ လုပ်နေကြ အလုပ်တွေပါပဲ။ ပြီးတော့ ပြဿနာဖြစ်လာမယ်ဆိုရင် တံခါးတွေပိတ်မယ်၊ စစ်ခွေးကိုခေါ်ပြီး တိုက်ပိတ်မယ်၊ ထိပ်တုံးခတ်မယ်၊ ရိုက်နှက်မယ်၊ ဒါတွေက လုပ်နေကြပါပဲ။ ဒါတွေက အပေါ်ယံ ပြဿနာပါ။ ကျနော်တို့ရဲ့ အတွင်းစိတ်ဓာတ်ကို ဘယ်လိုမှ ဖိနှိပ်ပြီး ပျက်ပြယ်အောင် မလုပ်နိုင်ပါဘူး။ ပန်းပဲသမား များများထုတဲ့ သံဟာ ပိုပြီးတော့ သံမဏိသားကျတဲ့ ဓားတချောင်း ဖြစ်လာတာပါပဲ။ နောက်တခုက ပန်းပုသမား များများထုနိုင်၊ ဖြတ်နိုင်၊ လှီးနိုင်တဲ့ သစ်သားတုံးက လှပတဲ့အရုပ် ဖြစ်လာတာပဲ။ နာကြည်းချက်တွေ၊ ခံစားချက်တွေ၊ ဒါတွေအားလုံးက အင်အားအဖြစ် ပြောင်းနေကြတာပါပဲ။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ထွန်းရော ဘယ်လိုကြုံတွေ့ခဲ့ရပါသလဲ၊ ကိုအောင်ထွန်းရဲ့ အယူအဆတွေ နည်းနည်းမှေးမှိန်သွားအောင် ဒီဟာကို ကိုအောင်ထွန်း ဆက်ပြီး မလုပ်ချင်အောင် သူတို့က ဘယ်လိုများ ထောင်ထဲမှာ လုပ်ပါသလဲ။

ကိုအောင်ထွန်း ။ ။ ဒါကတော့ နည်းမျိုးစုံ သုံးပါတယ်။ ကျနော့်ဆီက စာရွက်စာတမ်းတွေ အားလုံး သိမ်းတာတို့၊ ပြီးတော့ ကျနော်နဲ့ပတ်သက်တဲ့လူ အားလုံး ၂၃ ယောက်တိတိကို အဲဒီစာအုပ်ကိစ္စနဲ့ပဲ နှစ်ပေါင်းများစွာချပြီးတော့ နောင် ဆက်မရေးနိုင်အောင်လို့၊ ထောင်ထဲမှာတော့ တယောက်တည်းထားပြီးတော့၊ ၁ တိုက်ပေါ့၊ သာယာဝတီမရောက်ခင် ၅ နှစ်နီးပါး နေခဲ့ရတာမျိုးတို့၊ သာယာဝတီမှာလည်း တယောက်တည်း နေခဲ့ရတဲ့ ကာလမျိုးတို့၊ နောက် အရေးပေါ် အခြေအနေ ပုံစံမျိုးတွေ ဖြစ်လာတဲ့အခါကြတော့ တံခါးပိတ်ထားတာမျိုးတို့၊ စပါးလုံးတွေများနေတဲ့ ထမင်းနဲ့ အနံ့ထွက်နေတဲ့ ပဲတွေ ကျွေးတာမျိုးတို့ပေါ့ဗျာ၊ စိတ်ဓာတ်ကို ကျဆင်းပြီးတော့၊ ပြီးတော့ ကျနော် ဝမ်းချုပ်တဲ့ရောဂါ ခံစားရသေးတယ်။ အဲဒီတုန်းက ဆေးဝါး ကုသမပေးတာမျိုးတို့ပေါ့ဗျာ။ အဲလိုမျိုး နည်းမျိုးစုံနဲ့ စိတ်ဓာတ်ကျပြီး ပျက်သွားအောင် လုပ်ပေမဲ့လည်း ကျနော်တို့ ရှစ်လေးလုံးတုန်းက ကြွေးကြော်ခဲ့တဲ့ စကားလုံးတခု ရှိပါတယ်၊ “မဆလများခင်ဗျား၊ ငါတို့ကို မခြောက်ပါနဲ့၊ ငါတို့ မကြောက်ပါဘူး၊ မဆလများခင်ဗျား၊ ငါတို့ကို မချော့ပါနဲ့၊ ငါတို့ မပျော့ပါဘူး၊ မဆလများခင်ဗျား ငါတို့ကို ဖျားယောင်း သွေးမဆောင်ပါနဲ့၊ ငါတို့ နားမယောင်ဘူး။”

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အခုလို သိပ်ပြီးတော့ အကျဉ်းအကျပ်တွေ၊ ဒုက္ခတွေ ခံနေရတဲ့အချိန်မှာ ငါ ဒီလိုမျိုး မလုပ်ခဲ့ရင် ကောင်းသားဆိုတဲ့ နောင်တလေးတောင်မှ မရခဲ့ဘူးလား ကိုအောင်ထွန်း။

ကိုအောင်ထွန်း ။ ။ ဟာ မရပါဘူး၊ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားအတွက်ရော၊ မျိုးဆက်အတွက်ရော ကျနော် ဂုဏ်တောင်ယူသေးတယ်ဗျ။ တကယ် အမှန်အတိုင်းပြောရရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ထောင်ထဲမှာ သေဆုံးသွားရင်တောင်မှ ဂုဏ်ယူပါသေးတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ မုံရွာအောင်ရှင်ခင်ဗျား၊ အဲဒီတော့ ဒီလို နှိပ်စက်တာတွေ၊ ညှဉ်းပန်းတာတွေအပြင် မက်လုံးပေးပြီးတော့ သူတို့ကို ထောက်ခံလာအောင် ဆွယ်တာရော ရှိပါသလား ခင်ဗျ။

ဦးအောင်ရှင် ။ ။ ကျနော်တို့ဆီတော့ သူတို့က သိပ်မလာဘူးဗျ။ တခြားမှာတော့ လုပ်ပါတယ်။ မက်လုံးပေးတာပေါ့ဗျာ၊ ဥပမာ ထောင် လျှော့ရက်ပေးမယ်တို့၊ မကြာခင်ဘဲ ပြန်လွှတ်ပေးမယ် ဆိုတာမျိုးတွေပေါ့ဗျာ။ အဲဒါမျိုးတွေကတော့ သိပ်မနူးမနပ် တချို့ပေါ့ ရှိပါတယ်။ ဒါပေမယ့် အများစုကတော့ ဆက်ပြီး ရပ်တည်ပြီးတော့ ကြံ့ကြံ့ခံပြီး လုပ်နေကြတာ၊ သွားနေကြတာပါပဲ။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ထွန်းရော ကြုံခဲ့ရပါသေးလား၊ အဲဒီလို ချော့မော့ပြီးတော့။

ကိုအောင်ထွန်း ။ ။ မရှိပါဘူးဗျာ၊ လာရင်လည်း ကျနော် လက်ခံမှာမဟုတ်ဘူးလို့ သူတို့ သိထားပုံရပါတယ်။ တောက်လျှောက် နေရတဲ့ ကာလမှာ တခုမဟုတ် တခု၊ physical မဟုတ်ရင် mental၊ torture တခုမဟုတ် တခုနဲ့ ကျန်းမာရေးမဟုတ်ရင် အစားအသောက်၊ အနေအထိုင် တခုမဟုတ် တခုကို torture အမြဲတမ်းပေးနေတော့ ဘယ်လိုလုပ် ကျနော်က လက်ခံတော့မှာလဲ။

ဦးကျော်ဇံသာ ။ ။ သူတို့က ပြောလိုက်တယ်လို့ သိရပါတယ်၊ ၄၀၁ လက်မှတ်ထိုးရတယ်လို့ ပြောတယ်။ တကယ်လို့ အခု လျှော့ရက်ရသွားတယ် ဆိုရင်လည်း အပြင်ရောက်ပြီး ဒီကြားမှာ ကောင်းကောင်းမနေဘူးပေါ့၊ သူတို့ရဲ့ အတိုင်းအတာအရ ကောင်းကောင်းမနေဘူးဆိုရင် ပြန်သွင်းမယ်၊ ပြန်ဖမ်းမယ်လို့ ပြောတယ်လို့လည်း ဆိုပါတယ်။ ဟုတ်ပါသလား။

ကိုအောင်ထွန်း ။ ။ မဟုတ်ပါဘူး၊ ကျနော်တို့ကို ဘာမှမပြောဘူး။ ၄ နာရီခွဲလောက်မှာ လာခေါ်တယ်။ ခေါ်ပြီး ထောင်ကျရုံးမှာ စစ်ပြီးတော့ ၇ နာရီခွဲကြတော့ ထောင်ပိုင်ကိုယ်တိုင် ခန်းမကိုခေါ်ပြီးတော့ ညွှန်မှူးစကားပြောပြီး လွှတ်လိုက်တာပဲ။ ထောင်ထွက်လက်မှတ်လေး ပေးတယ်။ ဒါပါပဲ၊ ဘာမှမပြောဘူး၊ ဘယ်သူမှ လာပြီးတော့ ဒါလုပ်ရင် ဒါဖြစ်မယ်၊ ဒါလုပ်ရင် မင်းတို့ကို ပြန်ဖမ်းမယ်၊ ဒါကိုလက်မှတ်ထိုးပါလို့ တယောက်မှ မပြောပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်ရှင်ရောခင်ဗျာ။

ဦးအောင်ရှင် ။ ။ အဲဒါဟုတ်တယ်ဗျ၊ ကျနော်တို့လည်း ဘာမှမပြောဘူး။ မနက် ၁၀ နာရီခွဲလောက် လာခေါ်တယ်။ ကျနော်တို့ ထမင်းစားသောက်ပြီးတော့ ဒီလိုပဲ လွှတ်တယ်ဆိုတော့ ကျနော်တို့ကတော့ ဘယ်ယုံမလဲ၊ ခါတိုင်းလည်း ဒီလိုပဲ လုပ်နေကြဆိုတော့။ ကျနော်တောင် လာခေါ်တဲ့လူကိုပြောတယ်၊ ခင်ဗျား မနောက်ပါနဲ့ဗျာလို့ဆိုတော့ ဟုတ်တယ်ဗျ၊ တကယ်လာခေါ်တာပါဆိုတာနဲ့ ကျနော် လိုက်လာတာ။ ဒါလည်း ကျနော် သိပ်မယုံသေးဘူးဗျ။ အကုန်လုံး စစ်ဆေးပြီးတော့ ထောင်ဘူး၀ ရောက်တော့မှပဲ ဒါဆိုရင်တော့ လွှတ်တာသေချာလောက်ပြီ ဆိုပြီးတော့ အဲဒီလိုပဲ ထင်ရတော့တာပဲ။ ခံဝန်ချက် ဘာညာ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ အခု အပြင်ကို ရောက်လာတော့ရော ဆရာတို့ရဲ့ ယုံကြည်ချက်အတွက် ထောင်ထဲမှာ အားမာန်တွေ ပိုမိုပြီးတော့ ရရှိခဲ့ပါသလား၊ ဒီဟာအတွက်။

ဦးအောင်ရှင် ။ ။ အများကြီးပဲဗျ ဒီဟာကတော့။ နံပါတ်တစ်ကတော့ ကျနော်တို့ ဝမ်းနည်းမှုတွေ၊ ကြေကွဲမှုတွေ၊ ခံစားမှုတွေပေါ့ဗျာ၊ ဒါတွေအကုန်လုံးက အားဖြစ်နေတာပဲ။ ဒီအားတွေ ရနေတယ်။ နောက်တချက် ကျနော်ဆိုရင် အန်န်အယ်လ်ဒီပေါ့၊ မိခင်ပါတီရှိတယ်၊ အန်န်အယ်လ်ဒီရဲ့ ကြေညာချက်တွေ၊ ရပ်တည်ချက်တွေ၊ အဲဒီအတိုင်းပဲ ကျနော် ရပ်မှာပဲ။ အဲဒီအတိုင်းပဲ ဆက်ပြီး လုပ်မှာပါပဲ။ အခု ကိုယ့်ရဲဘော် ရဲဘက်တွေနဲ့ ပြန်တွေ့တယ်။ သူတို့ဆီကလည်း ဒီအားတွေ ပြန်ရလာတာပါပဲ။ အဲတော့ ကျနော်ကတော့ ယုံကြည်ချက်ရှိရှိနဲ့ ဆက်ပြီး လုပ်မှာပါပဲ။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ထွန်းရဲ့ ရှေ့ခရီးလည်း သိပါရစေ။ ကိုအောင်ထွန်းက ထောင်ထဲမှာ ခံခဲ့ရတဲ့ ဒုက္ခတွေကို ဘယ်လိုများ အားအင်အဖြစ် ပြောင်းပြီးတော့ ဘယ်လိုများ ဆက်လက်ဆောင်ရွက်မယ်လို့ စဉ်းစားထားပါသလဲ။

ကိုအောင်ထွန်း ။ ။ ကျနော်က စာပေလွတ်လပ်မှုတခုအတွက် ကျောင်းသားသမိုင်း ရေးခဲ့တဲ့အတွက် ရှေ့လျှောက်လည်း စာပေလွတ်လပ်မှုအတွက် ဆက်ပြီး လုပ်ဦးမှာပဲ။ ကျနော်တို့ ၁၉၈၈ ခု ဇူလိုင်လ ၇ ရက်နေ့မှာ ၁၄၃ ဦးက ရန်ကုန်စက်မှုတက္ကသိုလ် ရင်ပြင်အောက်မှာ “မဆလပါတီ ပြုတ်ကျရေးနဲ့ ဒီမိုကရေစီရရှိရေး” ဆိုပြီး အဓိဋ္ဌာန်ဆိုခဲ့တာ ရှိပါတယ်။ အဲတော့ မဆလပါတီကတော့ ပြုတ်ကျသွားပါပြီ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကတော့ မပြည့်ဝသေးတဲ့အတွက် အဲဒီလမ်းကြောင်းပဲ ဆက်လျှောက်မှာပါ။

ဦးကျော်ဇံသာ ။ ။ အကျဉ်းထောင်ဆိုသည်မှာ ဖိနှိပ်ရေးယန္တရားတခု ဖြစ်သည်ဆိုတဲ့ စကားဟာ အာဏာရှင်နိုင်ငံတွေမှာ ပိုပြီးမှန်ကန်တယ်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီယန္တရားသည် ယုံကြည်မှု စွဲမြဲသူတို့၏ နှလုံးသားကိုတော့ ဖိနှိပ်ချေမှုန်းလို့ မရဘူးဆိုတာ ဒီပုဂ္ဂိုလ်တွေရဲ့ အတွေ့အကြုံက ပြသနေတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG