သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး နိုင်ငံတကာက ပိုမိုတွန်းအားပေးဖို့ ဘန်ကီမွန်း တိုက်တွန်း


ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ဖွင့် ကျင်းပလိုက်တဲ့နေ့မှာပဲ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေ အပါအဝင် နိုင်ငံတကာမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ ညီညီညွတ်ညွတ် ဝိုင်းဝန်းဖြေရှင်းဖို့ တိုက်တွန်း လိုက်ပါတယ်။ ကမ္ဘာတဝန်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရမယ့် အချိန်ရောက်နေတာမို့ နိုင်ငံတကာ မိသားစု အနေနဲ့ ဒီထက်ပို ဆောင်ရွက်ကြဖို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က အဖွဲ့ဝင် ၁၉၂ နိုင်ငံ ပါဝင်တဲ့ အထွေထွေညီလာခံရဲ့ အချေအတင် ဆွေးနွေးပွဲ အစနေ့ ဗုဒ္ဓဟူးနေ့တုန်းက မိန့်ခွန်းစကားပြောရာမှာ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေ တိုးတက်စေဖို့ ဒီထက်ပို ဝိုင်းဝန်းဆောင်ရွက်ဖို့ အတွင်းရေးမှူးချုပ်က ဆော်သြ လိုက်တာပါ။

“မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရေးအတွက် ကျွန်တော်တို့ ကြိုးစားပမ်းစား လုပ်ကြရပါလိမ့်မယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် နိုင်ငံရေး အကျဉ်းသားတချို့ ပြန်လွှတ်ပေးခဲ့တာဟာ ဆိုရင်လည်း လိုအပ်တာထက် အများကြီး နည်းနေပါသေးတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ အကျိုးအတွက်၊ မြန်မာနိုင်ငံရဲ့ မိတ်ဆွေ တွေ၊ အိမ်နီးချင်းတွေ အနေနဲ့ ဒီထက်ပိုပြီး၊ အများကြီး လုပ်ဖို့ ပြောချင်ပါတယ်။ ရှေ့နှစ် ရွေးကောက်ပွဲ တွေဟာ အများက ယုံကြည်လက်ခံနိုင်မယ့်၊ အားလုံးပါဝင်နိုင်မယ့် အခြေအနေ တရပ် ဖြစ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ လိုပါတယ်။”

ဆိုပြီး အတွင်းရေးမှူးချုပ်က ပြင်သစ်ဘာသာနဲ့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရကတော့ စည်းကမ်း နှင့် အကျင့်စာရိတ္တ ကောင်းမွန်လာတဲ့ နိုင်ငံသား အကျဉ်းသား အကျဉ်းသူပေါင်း ၇,၁၁၄ ယောက် လွှတ်ပေးမယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေငြာလိုက်ပြီး နောက်ပိုင်း အကျဉ်းသားတွေကို လွှတ်ပေးတဲ့ နေရာမှာ အင်္ဂါနေ့အထိ ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား ၁၂၇ ယောက်ထက် မနည်း ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဖော်ပြခဲ့တာပါ။ ဒါပေမဲ့လည်း အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ စစ်အစိုးရရဲ့ ကြေငြာချက်ဟာဆိုရင် မြန်မာနိုင်ငံက ပြဿနာတွေနဲ့ ပတ်သက်လို့ ပြောကြဆိုကြဖို့ ရှိသလို၊ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် လည်း တက်ရောက် လာဖို့ ရှိနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်မယ့် အချိန်နဲ့လည်း တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာ တာမို့ နိုင်ငံတကာက ဝေဖန်မှုတွေကနေ သက်သာရာရစေဖို့ ကြိုးပမ်းမှု တခုအဖြစ် ရှုမြင်မှုတွေလည်း ရှိနေ တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့ရဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြဖို့ အစီအစဉ်လည်း တခုအပါအဝင် ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ကြတဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရေး ဆွေးနွေးမှုနဲ့ ပတ်သက်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ဂျ် ယိုး က ပြောဆိုရာမှာတော့
“ကျွန်တော်တို့ အားလုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးရေး၊ မြန်မာစစ်အစိုးရ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေဟာ လွတ်လပ်၊ တရားမျှတပြီး အများက လက်ခံနိုင်တဲ့ အခြေအနေဖြစ်ဖို့ သန္နိဋ္ဌာန် ထားရှိ ရမယ်ဆိုတာကို ကျွန်တော်တို့ အားလုံးက တောင်းဆိုပါတယ်။”

စင်္ကာပူနိုင်ငံရဲ့ အမြင်ကတော့ မြန်မာစစ်တပ်ဟာ ပြဿနာရဲ့ တစိတ်တပိုင်းဖြစ်သလို၊ အဖြေရှာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းလည်း တခုဖြစ်တယ်လို့ ရှုမြင်ထားကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့ ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ဂျ် ယိုး က ပြောဆိုခဲ့တာပါ။ ဒီတွေ့ဆုံမှုအပြီး အတွင်းရေးမှူးချုပ်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ ကမ္ဘာပေါ်က အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိခဲ့တဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ အတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်ကို ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စတာ အီဗရာဟင် ဂမ်ဘာရီ က ဖတ်ကြားခဲ့တဲ့ နေရာမှာတော့

“ပထမ အနေနဲ့ကတော့ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာစေရေး သေချာစေဖို့၊ မြန်မာ့ မိတ်ဆွေများ နိုင်ငံတွေက သဘောတူ အတည်ပြုထားတဲ့အတိုင်း လာမယ့် ရွေးကောက်ပွဲတွေဟာ အများက လက်ခံနိုင်တဲ့ အခြေအနေတွေ ဖန်းတီးနိုင်ဖို့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့အတူတကွ လျှောက်လှမ်းဖို့ တောင်းဆိုပါတယ်။”

ဒါဟာဆိုရင် အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တက်ရောက်တဲ့ အဆင့်မြင့် ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ၁၁ ယောက် ပါဝင်တက်ရောက်တဲ့ ဒီဆွေးနွေးပွဲအတွင်း မြန်မာကိုယ်စားလှယ်တွေတော့ တက်ရောက်လာတာတော့ မရှိပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG