သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် မူဝါဒသစ် NLD ကို ရှင်းပြ


အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ပြောင်းလဲလာမယ့် သဘောထားနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး ယာယီတာဝန်ခံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးကို သွားရောက်ရှင်းပြခဲ့ပါတယ်။ အဖွဲ့ချုပ်ရဲ့ တရားဝင် သဘောထားကို မနက်ဖြန်ပြုလုပ်မယ့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆွေးနွေးကြမှာ ဖြစ်ပေမဲ့ CEC တဦးဖြစ်တဲ့ ဦးဝင်းတင်က သူ့ရဲ့ ပုဂ္ဂိုလ်ရေးအမြင်တွေကို ပြောပြခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရအပေါ် ထားတဲ့ မူဝါဒတွေ ပြောင်းလဲလုပ်ဆောင်သွားမယ်လို့ မနေ့က ကုလသမဂ္ဂ စည်းဝေးပွဲပြင်ပမှာ ပြုလုပ်တဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောကြားသွားခဲ့တာပါ။ အမေရိကန်ပြည်ထောင်စု အနေနဲ့ စစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံသွားမှာဖြစ်သလို တဘက်ကလည်း တားဆီးပိတ်ဆို့မှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောကြားသွားခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီး အခုလို ပြောကြားလိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံး ယာယီတာဝန်ခံကနေ NLD ရုံးချုပ်ကိုသွားပြီး ရှင်းပြခဲ့ပါတယ်။

အမေရိကန်သံရုံး အရာရှိတွေ ဒီကနေ့ လာရောက်ရှင်းပြခဲ့တာနဲ့ ပတ်သက်လို့ NLD ပါတီရဲ့ ပြန်ကြားရေး တာဝန်ခံ တဦး ဖြစ်တဲ့ ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

“သံအမတ်နဲ့ နိုင်ငံရေးဌာနမှူးလား မသိဘူး၊ လာသွားပါတယ်။ ကျနော်တို့ CEC အဖွဲ့ဝင်တချို့ရယ်၊ ပြန်ကြားရေးက တချို့ ရယ်။ သူကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မနေ့က ကုလသမဂ္ဂမှာ ကျင်းပတဲ့ မြန်မာ့ မိတ်ဆွေနိုင်ငံများ အစည်းအဝေးမှာ ပြောကြားမယ့် မိန့်ခွန်းလို့ ပြောပါတယ်။ ဒါပေမဲ့ ပြောတယ်လို့ မပြောသေးဘူး။ ပြောကြားမယ့် မိန့်ခွန်းပါတဲ့၊ သို့သော် အချိန် ဘယ်လိုလွဲလို့လဲ မသိဘူး။ အဲဒီဟာကို လာရှင်းပြတာပါတဲ့၊ အဲဒါပဲ ပြောသွား ပါတယ်။ အဓိက အကြောင်းအရာကတော့ အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီနဲ့ ပတ်သက်တဲ့ အခု နောက်ဆုံးအဆင့်ထိ သုံးသပ်နေတဲ့ ကိစ္စတွေပါပဲ။ သူတို့ လုပ်နေတယ်ဆိုတဲ့ အကြောင်းအရာတွေ ပြောပြတာပါပဲ။ ဒါပေမဲ့ သူတို့ပြောတာ ကျနော်တို့ ပြောနေတဲ့အချိန်ထိ တရားဝင်တော့ ဒါတွေက မထွက်လာသေးပါဘူးတဲ့။”

ဒီကနေ့ သံရုံးအရာရှိတွေ လာရောက်ရှင်းပြတဲ့အချိန်မှာ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး စုံညီခြင်း မရှိတဲ့ အတွက် အမေရိကန်သံရုံးက ရှင်းလင်းပြောကြားတာတွေကို ချက်ချင်း မတုံ့ပြန်လိုက်နိုင်ပေမဲ့ မကြာခင်မှာ အမြန်ဆုံး အကြောင်းပြန်နိုင်ဖို့ စီစဉ်နေတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ အခု ဒီနေ့ CEC တွေလည်း မစုံဘူးပေါ့ဗျာ။ ရှိတဲ့အဖွဲ့ဝင်တွေနဲ့ပဲ လက်ခံပြီး တွေ့လိုက်တာဆိုတော့ ကျနော်တို့ကတော့ ဒါကို CEC အကုန်စုံညီ ပြန်ပြီး Review လုပ်ပါ့မယ်၊ ပြီးတော့မှ အကြောင်းပြန်ပါ့မယ်လို့ အဲဒီလို ပြောလိုက်ပါတယ်၊ ကျနော်တို့ဘက်က။”

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် အစဉ်တစိုက် ကူညီဆောင်ရွက်ပေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ NLD ပါတီဟာ ဆိုရင်လည်း ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ မြန်မာလူထုရဲ့ ရွေးကောက်တင်မြှောက် ခံထားရတဲ့ ပါတီအဖြစ် အရင်သမ္မတ ဘုရှ် (Bush) အစိုးရ လက်ထက်ကတည်းက တရားဝင် အသိအမှတ် ပြုထားတာ ကြောင့် အခုလို မူဝါဒဆိုင်ရာ ပြောင်းလဲလာတဲ့ အစီအစဉ်တွေကို လာရောက်ရှင်းပြတာ ဖြစ်မယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

အခုလို အမေရိကန် အစိုးရဘက်က စစ်အစိုးရအပေါ်ထားတဲ့ မူဝါဒဆိုင်ရာ ပြောင်းလဲလုပ်ဆောင်ဖို့ ပြင်ဆင်နေတာတွေနဲ့ ပတ်သက်လို့ ဒါဟာ အမေရိကန်အစိုးရရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းက ပြုလုပ်တာဖြစ်ပေမဲ့ ပိတ်ဆို့အရေးယူမှုတွေကို မရုပ်သိမ်းဘဲ ဆက်လက်ထားရှိမယ် ဆိုတဲ့အတွက် စိတ်သက်သာရာရတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင်က သူ့ပုဂ္ဂိုလ်တဦးတည်းအမြင်ကို သုံးသပ်ပြပါတယ်။

“ပထမဆုံး ကျနော်ပြောချင်တာ ဒီဟာက အမေရိကန် အစိုးရရဲ့ လုပ်ပိုင်ခွင့်ပဲ။ ဒါ သူ့ရဲ့ နိုင်ငံခြားရေး ပေါ်လစီကို သူ နိုင်ငံခြားရေး လုပ်ရုံပဲ။ အဲဒီအတွက်တော့ ကျနော်က ဘာမှ သိပ်ပြောစရာမရှိဘူး။ သို့သော် တခုပဲရှိတယ်၊ ဒီအထဲမှာ sanctions တွေကို သူ လွှင့်မပစ်ဘူးပေါ့ဗျာ၊ ဖယ်ချမပစ်ဘူး၊ စွန့်လွှတ်မပစ်ဘူးဆိုတဲ့ အတွက်တော့ ကျနော်က စိတ်သက်သာရာ ရတယ်လို့ ပြောချင်ပါတယ်၊ တစ်အချက်က။

“နှစ်ကတော့ သူက ထိတွေ့ဆက်ဆံမှုပေါ့၊ ဒီ ထိတွေ့ဆက်ဆံမှု လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒီလုပ်ဟန်က မစ္စတာ လီကွမ်ယူး (Mr. Lee Kuan Yew) တို့ ကတည်းက စခဲ့လို့ အာဆီယံက အများကြီး ကျင့်သုံးခဲ့ပြီးပြီ။ အာဆီယံလည်း နိုင်ငံရေး အားဖြင့် ဘာမှ ထိရောက်မှု မရှိခဲ့ပါဘူး။ အဲတော့ ဒီပေါ်လစီကို သုံးကြည့်ရင်လည်း သုံးကြည့်ပေါ့။ အမေရိကန်က အခု၂နည်း သုံးမယ်ပေါ့။ ဒီဟာက ဗမာအစိုးရလို ခေါင်းမာတဲ့၊ သို့မဟုတ် လှည့်စားတတ်တဲ့၊ သို့မဟုတ်လည်း ဟန်ဆောင်တတ်တဲ့၊ သို့မဟုတ် ဗြောင်ငြင်းတတ်တဲ့ စစ်အစိုးရမျိုးနဲ့တော့ ဘာမှ အကျိုးထူးလိမ့်မယ် မဟုတ်ဘူးလို့ ကျနော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်။

“ဒီဟာနဲ့ ပတ်သက်လို့ ကျနော်တို့က အခု ဒီအချိန်မှာ စစ်အစိုးရအနေနဲ့ အမှန်အတိုင်းပြောရရင် အမေရိကန်ရဲ့ ပိတ်ဆို့မှု တွေကြောင့် အများကြီး အထိနာနေတဲ့အချိန်၊ ရှင်းရှင်းပြောရရင် သူတို့က ကမ္ဘာကိုလည်း ထွက်ပြချင်တဲ့ အချိန်ပေါ့ဗျာ။ ကမ္ဘာနဲ့ နည်းနည်း ဆက်ဆံချင်တဲ့အချိန်မှာ အမေရိကန်အစိုးရက နေပြီးတော့၊ ဗမာစကားမှာ ရှိပါတယ်၊ ခါးမတို့ခင်က ယားတယ်အစ်ကို့လို့ ဆိုတဲ့ စကားလုံး ရှိတယ်ဗျ။ အခုဟာ စစ်အစိုးရအနေနဲ့ များများမလုပ်ရဘူး၊ များများကြီး ခါးမတို့ ရ သေးဘူး၊ အမေရိကန်က ယားတယ်အစ်ကို့လို့ အော်ပြီးတော့ ဒီဘက်ကို လှည့်လာတဲ့ဟာပေါ့ဗျာ။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအပေါ်ထားတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒ သဘောထားတွေကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရ တက်လာကတည်း ပြန်လည်သုံးသပ်နေခဲ့တာဖြစ်ပြီး အိုဘားမားအစိုးရ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ကို အမြန်ဆုံး ချမှတ်ဖို့ အများက စောင့်ဆိုင်းနေကြတဲ့ အချိန်မှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG