သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဖိအားပေးရင်း ဆက်ဆံသွားမည်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) အနေနဲ့ မြန်မာစစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိသွားမှာ ဖြစ်သလို ထိတွေ့ဆက်ဆံမှုတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်တာဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်စေရေး အမေရိကန်ရဲ့ ရည်မှန်းချက်တွေ လျော့ပါး သွားတာ မဟုတ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရုံးချုပ်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့နဲ့ တွေ့ဆုံအပြီး ဗုဒ္ဓဟူး နေ့က ဝန်ကြီးကလင်တန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်နဲ့ ပတ်သက်လို့ ထပ်လောင်း ရှင်းပြရင်း အခုလို ပြောဆိုခဲ့တာ လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေး တိုးတက်မှုတွေ မရှိတာကြောင့် ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက အခုအခါမှာ ထိတွေ့ဆက်ဆံမှုတွေပါ လုပ်ဆောင် သွားဖို့ ပြောဆိုလိုက်တာမို့ ဒါဟာ ကွဲပြားတဲ့ မူဝါဒ ၂ ခုကို ကျင့်သုံးသွားမယ့် သဘောလို့ ရှုမြင်နေကြတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အမေရိကန် အစိုးရသစ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်ဟာ ပိုမိုထိရောက်မှု ရှိစေဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အကြောင်းနဲ့ ဒါတွေဟာ ဆန့်ကျင်ဘက် မူဝါဒတွေအဖြစ် မမြင်နိုင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် အီရန် ကယ်လီ (Ian Kelley) က မနေ့တုန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့တာပါ။

“ကျနော်တို့ရဲ့ နောက်ဆုံး ရည်မှန်းချက်တွေကတော့ အပြောင်းအလဲ မရှိပါဘူး။ မြန်မာနိုင်ငံမှာ လေးနက်တဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ဖို့ပါ။ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို တုံ့ပြန်ဆောင်ရွက်တဲ့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို အကန့်အသတ်မရှိ ပြန်လွှတ်ပေးပြီး နိုင်ငံရေး အတိုက်အခံတွေနဲ့ အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်တဲ့ အစိုးရတရပ်ကို လိုချင်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေနဲ့ ပတ်သက်လို့ တော့ နိုင်ငံခြားရေးဝန်ကြီး မနေ့ညကပဲ ပြောသွားတာကို တွေ့မှာပါ။ ကျနော်တို့ ယုံကြည်တာကတော့ ကျနော်တို့ရဲ့ မူဝါဒ မှာ အရေးယူ ဒဏ်ခတ်မှုတွေ ရှိနေမှာပါ။

“ဒါပေမဲ့လည်း ဒဏ်ခတ်အရေးယူတာပဲဖြစ်ဖြစ်၊ အထီးကျန်စေတာကပဲဖြစ်ဖြစ် ကျနော်တို့ စောင့်စားနေသလို အပြောင်း အလဲ ရလဒ်တွေ ထွက်ပေါ်လာစေဖို့ လုံလောက်မှု မရှိပါဘူး။ အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ဆန့်ကျင်ဘက် ၂ ခုအဖြစ် မမြင်နိုင်သလို၊ ဒီ ၂ ခုကြား တခုမဟုတ် တခုကိုပဲ ရွေးရမယ် ဆိုတာမျိုးကလည်း မဖြစ်သင့်ဘူးလို့ ကျနော်တို့အနေနဲ့ ယုံကြည်ထားကြောင်း ဝန်ကြီးက ပြောသွားတာလည်း ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ လုပ်ချင်တာ ကတော့ ဒီနည်းလမ်း ၂ မျိုးစလုံး၊ ဖိအားနဲ့ ဆက်ဆံမှုတွေကို အသုံးချဖို့ပါ။ ကျနော်တို့လည်း နိုင်ငံတကာက လိုလားနေသလို မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကို လိုလားပါတယ်။”

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရ တက်လာပြီးတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ သစ် တွေ ချမှတ်ဖို့ ပြန်ပြောင်း သုံးသပ်မှုတွေ လုပ်နေတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုခဲ့ပေမဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး အရေးယူမှုတွေ စတင်စဉ်ကစလို့ ဒါတွေဟာလည်း နှောင့်နှေး ကြန့်ကြာ မှုတွေ ရှိခဲ့ရာက အခုနောက်ဆုံး မူဝါဒသစ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်နဲ့ ပတ်သက်လို့ ဒီတပတ်ထဲ ကြေညာပြီးတဲ့ နောက်မှာတော့ ဒါကို ဒေါ်အောင်ဆန်းစုကြည် က ကြိုဆိုကြောင်း ပြောဆိုခဲ့ပေမယ့် ဒီလို ထိတွေ့ဆက်ဆံမှုတွေ လုပ်တဲ့နေရာမှာ စစ်အစိုးရကိုသာမက အတိုက်အခံ နိုင်ငံရေး အင်အားစုတွေပါ ပါဝင်ဖို့ လိုတယ်လို့ မှတ်ချက်ပေး ပြောဆိုခဲ့ကြောင်း သူနဲ့ တွေ့ဆုံခဲ့သူ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မူဝါဒကျင့်သုံးရာမှာ အပြောင်းအလဲတွေ ရှိလာမှာ ဖြစ်ပေမဲ့ မူလ ရည်ရွယ်ချက်တွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။

“ကျနော်ပြောခဲ့သလိုပါပဲ၊ ကျနော်တို့ အာရုံစိုက်နေတာတွေကိုတော့ မျက်ခြည်မပြတ်ပါဘူး။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တွေကို အာမခံချက် ပေးနိုင်တဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ကျနော်တို့က လိုချင်တာပါ။ အခုမူဝါဒကို အကောင်အထည်ဖော်ဖို့ လေ့လာဆန်းစစ်မှုတွေ ကျနော်တို့ လုပ်ခဲ့ပါတယ်။ ကျနော်တို့ ကြိုးပမ်းနေခဲ့တဲ့ လုံး၀ အထီးကျန် ပစ်ပယ်ထားတဲ့ လမ်းကြောင်းဟာ အခုအချိန်အထိ တကယ်တမ်း အလုပ်မဖြစ်ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။

“ဒါပေမဲ့လည်း ဒီအတွက်ကြောင့် ကျနော်တို့က ဆက်ဆံရေးတွေလုပ်မယ့် လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့တော့ မထင်စေချင်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေးတွေ ရရှိဖို့အတွက် ကျနော်တို့ ရည်ရွယ်ချမှတ်ထားတဲ့ သန္နိဋ္ဌာန်တွေကို လျှော့ပေါ့ပေးတယ်လို့ အဓိပ္ပာယ်ရောက်သွားမှာမို့ပါ။ တကယ်တော့ ဒါတွေဟာ ကျနော်တို့ မူဝါဒမှာ အမြဲ ရှေ့တန်းတင်ထားတဲ့ ကိစ္စရပ်တွေအဖြစ်နဲ့ နောင်မှာလည်း ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီရန် ကယ်လီ ပြောပြသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ၆၄ ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲနေ့မှာပဲ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံအရေး နိုင်ငံတကာ မိသားစုက ဒီထက်ပို ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သလို မြန်မာ့မိတ်ဆွေများအဖွဲ့နဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေလည်း လုပ်ခဲ့ကြတာပါ။ ဒီဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့သူ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ် ယိုး (George Yeo) ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက မူဝါဒ အပြောင်းအလဲတွေ ချမှတ်လာတာဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

“အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ပြီး လောလောဆယ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို ဆက်လက်ထားရှိသွားမယ်ဆိုပြီး မူဝါဒရေးရာ အပြောင်းအလဲတွေ လုပ်ခဲ့တဲ့အတွက် စင်ကာပူနိုင်ငံက ကြိုဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် တိုးတက်စေဖို့ သြဇာသက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့လည်း ကျနော်တို့က ယုံကြည်ထားပါတယ်။”

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြောပြသွားတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံရေးရာ မူဝါဒတွေနဲ့ ပတ်သက်လို့ လောလောဆယ်တော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်တ် ကမ်ဘဲလ် (Kurt Campbell) က ဦးဆောင်နေပြီး မကြာခင်မှာလည်း တခြား ပါဝင်မယ့် ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကို ထုတ်ပြန်နိုင်စရာ ရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အီရန် ကယ်လီက ပြောပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆက်ဆံရေးတွေမှာ အပြောင်းအလဲတွေ ရှိလာတော့မှာဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒအသစ်နဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကိုတော့ အစောဆုံး ဒီတပတ်ထဲ ထုတ်ပြန်ကောင်း ထုတ်ပြန်သွားနိုင်လိမ့်မယ်လို့လည်း သူက ဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG