သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-20 ထိပ်သီးညီလာခံမှာ ရွှေဝါရောင် နှစ်ပတ်လည် ဆန္ဒပြ


အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်က ဦးဆောင်ပြီး ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ကမ္ဘာ့နိုင်ငံ ၂၀ ရဲ့ ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ G-20 အစည်းအဝေး ကျင်းပရာ အဆောက်အဦးရှေ့မှာ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ စားဝတ်နေရေး ကျပ်တည်းနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် မေတ္တာပို့ ကြွချီ ဆုတောင်း ပြီး ဆန္ဒပြခဲ့ကြတဲ့ ရဟန်းသံဃာတွေနဲ့ လူထုကို သွေးမြေကျ နှိမ်နင်းခဲ့တဲ့ စစ်အစိုးရနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆို လှုပ်ရှားခဲ့ကြတာနဲ့ ပတ်သက်လို့ ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာ သံဃာ့ဥသျှောင်အဖွဲ့ အတွင်းရေးမှူး ဦးစန္ဒောဘာသစာရက အခုလို စပြီး မိန့်ပါတယ်။

“သာသနာ့ဥသျှောင် ဆရာတော်တွေက ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိဖို့အတွက် စစ်အစိုးရက ကျောင်းသားတွေ ရဟန်းရှင်လူတွေကို သတ်ဖြတ်ပြီးတော့ ထောင်ချနေတဲ့ အချိန်မှာ G-20 နဲ့လည်း တိုက်ဆိုင်နေတယ်၊ ရွှေဝါရောင် ၂ နှစ်ပြည့်နဲ့လည်း တိုက်ဆိုင်နေတယ်၊ အဲဒီလို တိုက်ဆိုင်နေတဲ့အတွက် ဘုန်းဘုန်းတို့ သာသနာ့ဥသျှောင်က ဦးစီးပြီးတော့ ဒီကနေ့ သာသနာ့ဥသျှောင်က ဆရာတော် ၂၈ ပါးနဲ့အတူ ပစ်ဘာ့ဂ်မှာရှိတဲ့ ဒေသခံ ဒီမိုကရေစီ အင်အားစုများ၊ ကင်တပ်ကီတို့ အိုဟိုင်းယိုးတို့ ဝါရှင်တန်ဒီစီကလည်း လာတာတွေ့ပါတယ်၊ ဖို့ဒ်ဝိန်းဘက်က လည်း လာတာရှိပါတယ်၊ ပြည်နယ်ပေါင်းစုံက စုပေါင်းပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိဖို့အတွက် စစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြပွဲ G-20 မှာ လာလုပ်ကြတာ ဖြစ်ပါတယ်။”

အစည်းအဝေး လုပ်နေတဲ့ ခေါင်းဆောင်တွေက သိကြလား။

“သိကြပါတယ်။ ဘုန်းဘုန်းတို့ လုံခြုံရေးအရ တော်တော် အခက်အခဲရှိတဲ့ အခါကျတော့ ဘုန်းဘုန်းတို့လို မျိုးစုံ လာဆန္ဒပြ ကြတဲ့လူတွေ အများကြီး တွေ့ပါတယ်။ ဒါပေမဲ့ အခြားသော ဆန္ဒပြအဖွဲ့တွေ ဘယ်အဖွဲ့အစည်းကိုမှ မပေးဘဲနဲ့ ဘုန်းဘုန်း တို့ သာသနာ့ဥသျှောင်အဖွဲ့ တဖွဲ့ကိုသာလျှင် G-20 လုပ်တဲ့နေရာ အရှေ့၊ ဘုန်းဘုန်းတို့ အတွင်းထဲကို မဝင်ရတာ တခုပဲ၊ အရှေ့မှာ ဒီနေ့ ဝင်ခွင့်ရခဲ့ပါတယ်။ ဝင်ခွင့်ရတာနဲ့အတူ ဘုန်းဘုန်းတို့ ဘာဖြစ်လို့ အခုလို အဝေးကြီး ပြည်နယ် ပေါင်းစုံက လာပြီးတော့ သံဃာတော်တွေစုပြီး သာသနာ့ဥသျှောင်က လုပ်ရသလဲဆိုရင် ဒီနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မရှိတဲ့အတွက် စစ်အစိုးရက သံဃာတွေ၊ ကျောင်းသားတွေ၊ ပြည်သူလူထုတွေကို ထောင်ထဲမှာ အများကြီး ထည့်ထားပြီး နှိပ်စက်ညှဉ်းပန်းလျက် ရှိပါတယ်။

“အဲဒီလို ညှဉ်းပန်းနှိပ်စက်နေတဲ့ စစ်အစိုးရကို အခု ကမ္ဘာ့ခေါင်းဆောင်တွေ စုစည်းနေတဲ့ G-20 ကနေပြီးတော့ မြန်မာနိုင်ငံ စစ်အစိုးရကနေ ဒီမိုကရေစီ အစိုးရ ဖြစ်အောင် အမြန်ဆုံး ပြုပြင်ပြောင်းလဲပေးဖို့ဆိုပြီး ဘုန်းဘုန်းတို့အနေနဲ့ နှုတ်အားဖြင့် လည်း ပြောလိုက်ပါတယ်၊ သာသနာ့ဥသျှောင်ရဲ့ စာလည်း ပေးလိုက်ပါတယ်။”

အရာရှိတွေဘက်က တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ ဘုရား။

“ဒီဟာနဲ့ ပတ်သက်ပြီး သူတို့ အရေးကြီးတဲ့ ဆွေးနွေး တိုင်ပင်စရာတွေလည်း အများကြီးတော့ ရှိပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံအရေးကို သူတို့ အတတ်နိုင်ဆုံး တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ဖို့ ရှိပါတယ် လို့ ဘုန်းဘုန်းတို့ကို ပြောသွားပါတယ်။”

ဘယ်သူက လာပြောတာပါလဲ။

“သူတို့ သတင်းဌာနကတဆင့် ဘုန်းဘုန်းတို့ကို ပြန်ပြီး အကြောင်းပြန်ပါတယ်။ G-20 Press Conference မှာ လုပ်တဲ့ တာဝန် ရှိတဲ့ ပုဂ္ဂိုလ်က အကြောင်းပြန်ပေးပါတယ်။”

ဘုန်းဘုန်းတို့ အခု အစီအစဉ် ဘာရှိပါသလဲ။

“ဒီနေ့ မနက်မှာ Press Release လုပ်တယ်။ အခု ၁၀ နာရီမှာ G-20 ရှေ့ကို ဘုန်းဘုန်းတို့ သံဃာတော်တွေရော၊ ဒကာ ဒကာမတွေရော စုပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ပြီးတော့ ဆန္ဒပြတယ်၊ မေတ္တာသုတ်တွေ ရွတ်ကြတယ်။ ညနေ ၃ နာရီမှာ ဆက်လက်ပြီး မြန်မာနိုင်ငံအတွက် ဆုတောင်းမေတ္တာ ပို့သပြီး လမ်းလျှောက်တာတွေ ညနေ ၆ နာရီအထိ ဆက်လုပ်သွား မှာပါ။

“မြန်မာနိုင်ငံမှာ ရွှေဝါရောင် ၂ နှစ်ပြည့် ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ သံဃာတော်တွေကို ဖမ်းထား တာ ရှိပါတယ်။ ဖမ်းထားတဲ့ သံဃာတွေရော၊ ကျောင်းသားတွေရော၊ ပြည်သူလူထုတွေရော အမြန်ဆုံး လွှတ်ပေးဖို့ G-20 မှာ ရောက်နေတဲ့ ခေါင်းဆောင်တွေက လေးလေးနက်နက် စဉ်းစားပြီးတော့ ဆောင်ရွက်ပေးပါလို့ ဘုန်းဘုန်းတို့ တောင်းဆို နေတာပါ။”

သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် လှုပ်ရှားမှု ၂ နှစ်ပြည့် ပြန်ပြောင်း အောက်မေ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တာ ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG