သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လို


မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်းနဲ့ ဒီလို ပူးပေါင်းဆောင်ရွက်နိုင်အောင် စီစဉ်ပေးဖို့ မေတ္တာရပ်ခံ အကြောင်းကြားတဲ့စာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ပို့ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်မှတ် ရေးထိုးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုသိန်းထိုက်ဦးက ဆက်သွယ် မေးမြန်းတဲ့အခါမှာ ဦးဉာဏ်ဝင်းက အခုလို စပြောပါတယ်။

“ကျနော် ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီလောက် သွားတွေ့တယ်။ အဓိကကတော့ဗျာ စည်းကမ်းချက် (၈) ချက်နဲ့ ပတ်သက်ပြီးတော့ ပြည်ထဲရေး ဝန်ကြီးဆီကို ရေးတဲ့စာကို အတည်ပြုတယ်။ အတည်ပြုဖို့ ကျနော် ယူသွားတာပေါ့ဗျာ၊ ဒါကို အတည်ပြုတယ်။ နောက် ဒုတိယတချက်က ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို မြန်မာနိုင်ငံအပေါ်မှာ အရေးယူ ပိတ်ဆို့ထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အယူအဆ၊ သူ့ရဲ့ အဲဒီက ဆောင်ရွက်ဖို့ လိုအပ်ချက်၊ အဲဒါတွေကို စာနဲ့ ရေးသားပြီး အကြောင်းကြားတဲ့စာကို ကျနော် Approval (ထောက်ခံချက်) ယူဖို့ သွားပါတယ်။ နှစ်ခုစလုံးကို Approval ယူပြီး ပါပြီ။ ရက်ပိုင်းအတွင်းမှာပဲ ကျနော်တို့ စာတိုက်နဲ့ ပို့ဖို့ စီစဉ်ပါတယ်။”

ပထမတခုက စည်းကမ်းချက် (၈) ချက်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကန့်သတ်ထားတဲ့အချက်တွေလို့ ကျနော်တို့ နားလည်ပါတယ်ခင်ဗျ၊ အဲဒီတော့ ဒီကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း သိရအောင် မေးမြန်းတဲ့ သဘောမျိုးလား ခင်ဗျ။

“ဟုတ်ပါတယ်၊ ရှင်းရှင်းလင်းလင်းသိရအောင် တချို့အချက်တွေက ဟိုဘက် ဒီဘက် နှစ်လမ်း၊ သုံးလမ်း တွေးလို့ ရတာမျိုးတွေ။ အဲဒီတော့ နောက်ပြီးတော့ ကာယကံရှင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီစည်းကမ်းချက်အပေါ်မှာ၊ တစ်ချက်ချင်းအပေါ်မှာ ဘယ်ဟာမှာ ဘာလုပ်ရမလဲဆိုတာကို မရှင်းတာတွေလည်း ရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံတဲ့စာကို ကျနော် ရေးပြီးတော့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားပြပါတယ်။”

ဒုတိယ အရေးယူ ပိတ်ဆို့မှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဖက်က သဘောထားဆိုတာက ဘယ်လို သဘောထားမျိုးကို ဒေါ်အောင်ဆန်းစုကြည်က ပေးပါသလဲခင်ဗျ။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ ၂၀၀၇ ခုနှစ်ကတည်းက သူက အစိုးရနဲ့၊ နအဖနဲ့ ဒီ Sanction တွေ Lift လုပ်ဖို့ (ရုပ်သိမ်းဖို့) ကို ပူးပေါင်း ဆောင်ရွက်လိုတယ်လို့ အဆိုပြုခဲ့ဘူးတယ်။ အခု အဲဒီဟာအပေါ်မှာ အဆိုပြုချက်တွေကို တကယ် အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် လိုအပ်ချက်၊ လိုအပ်ချက်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် သိရှိဖို့ လိုအပ်တဲ့ အချက်တွေ ရှိတယ်၊ နောက်တခုက သက်ဆိုင်ရာ Impose (ပိတ်ဆို့) တဲ့ နိုင်ငံတွေရဲ့ သဘောထား တွေလည်း သိဖို့လိုတယ်။ ဒါကြောင့် ဒီဟာနဲ့ ပတ်သက်ပြီးတော့ လုပ်ကိုင် ဆောင်ရွက်နိုင်အောင် စီစဉ် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ အကြောင်းကြားတဲ့ စာကို ကျနော် ပြုစုပါတယ်၊ ဒီ ပြုစုတဲ့စာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ် ရေးထိုးပြီးပါပြီ။ ကျနော်တို့ ရက်အနည်းငယ် အတွင်းမှာ ပို့မှာပါ။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG