သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒသစ် ရှေ့တပတ်မှာ ထုတ်ပြန်ဖွယ်ရှိ


မြန်မာစစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒသစ် အသေးစိတ် ထုတ်ပြန်ဖို့ အစီအစဉ်ကို ရှေ့တပတ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန က ပြောဆို လိုက်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဆက်လက် ညှိနှိုင်းနေဆဲဖြစ်တာမို့ မူလ အစီအစဉ်အတိုင်း သောကြာနေ့မှာ ထုတ်ပြန်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပေမဲ့ အသစ်ထွက်ပေါ်လာမယ့် မူဝါဒအသစ် အပေါ် မျှော်လင့်ချက်တွေနဲ့ အကောင်းဖက်က ရှုမြင်မှုတွေလည်း ထွက်ပေါ်လာနေတာပါ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်စေဖို့ ပိုမိုထိရောက်စေရေး ရည်ရွယ်ပြီး အမေရိကန်က မူဝါဒ အသစ်တွေ ချမှတ်ဖို့ ကြေငြာခဲ့တဲ့နောက် ဒါနဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကို ထုတ်ပြန်ပြောဆိုဖို့ ဒီတပတ်ထဲ စီစဉ်ထားပေမဲ့ ရွှေ့ဆိုင်းလိုက်တာပါ။ မူဝါဒသစ်ကို ဦးဆောင်သွားဖို့ရှိတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်တ် ကမ်ဘဲလ် (Kurt Campbell) က နိုင်ငံခြားရေးရုံးမှာ အသေးစိတ် အချက်အလက်တွေကို ရှင်းလင်းဖို့ ရှိပေမဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အပြီးမသတ် နိုင်သေးတာမို့ ရှေ့တပတ်အထိ ရွှေ့ခဲ့တာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီရန် ကယ်လီ (Ian Kelley) က မနေ့တုန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့တာ ဖြစ်ပါတယ်။

"မူဝါဒ အပြောင်းအလဲနဲ့ ပတ်သက်လို့ လူသိရှင်ကြား ထုတ်ပြန်တာတွေ မလုပ်ခင်မှာ ဆွေးနွေးတိုင်ပင်တာတွေ တော်တော်များများ လုပ်ရမှာပါ။ ဒီတိုင်ပင်မှုတွေ ဒီမနက် အပြီးသတ်မယ်လို့လည်း မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့လို့ လတ်တလော ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေက အမေရိကန် အစိုးရထဲက ၃ နေရာလောက်မှာ ဖြစ်နေလို့ ဒါတွေကို မွန်းလွဲ ၁၂ နာရီခွဲအမှီ စုစည်းဖို့ အခက်အခဲ ရှိခဲ့ပါတယ်။"

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက မူဝါဒသစ်နဲ့ ပတ်သက်လို့ ရှင်းပြမယ့် အစီအစဉ်ကိုတော့ ရှေ့တပတ်အစောပိုင်း တနင်္လာနေ့ လောက်မှာ ဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ် အီရန် ကယ်လီ က ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်မှာ ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ ဆက်လက် ထားရှိမှာဖြစ်သလို ထိတွေ့ဆက်ဆံမှုတွေပါ လုပ်ဆောင်သွားမယ်လို့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့နဲ့တွေ့ဆုံအပြီး ဗုဒ္ဓဟူးနေ့က ဝန်ကြီးကလင်တန် က ပြောဆိုလိုက်တဲ့နောက် မူဝါဒ အသေးစိတ်တွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ဖို့ အစိုးရ တာဝန်ရှိသူတွေက စီစဉ်နေတာ ဖြစ်ပါတယ်။ မူဝါဒ အသေးစိတ်တွေ ထွက်ပေါ်မလာသေးပေမဲ့ မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံမှုတွေကနေ လူသားချင်းစာနာ ထောက်ထားပြီး အကူအညီပေးရေးလို ကိစ္စတွေမှာ တိုးတက်မှုတွေ ရှိလာလေမလား မျှော်လင့်ချက်တွေနဲ့ အကောင်းမြင် ကြိုဆိုမှုတွေလည်း ထွက်ပေါ် လာနေတာပါ။ အမေရိကန် အခြေစိုက် နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ကြီး တခုဖြစ်တဲ့ Refugees International ကတော့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဟောင်းတွေဟာ မြန်မာလူထုကို အထိနာစေတာမို့ အခုကျင့်သုံးဖို့ရှိတဲ့ မူဝါဒ အသစ်မှာ မျှော်လင့်စရာ ရှိလိမ့်မယ်လို့ ဆိုခဲ့တာပါ။

"ပြီးခဲ့တဲ့ ချဉ်းကပ်မှုတွေက လူထုကို ထပ်ဆင့် အထိနာစေပါတယ်။ အစိုးရက ဖိနှိပ်ထားသလို၊ အမေရိကန် ပြည်ထောင်စုက အကူအညီ အထောက်အပံ့တွေကို ငြင်းဆန်တာတွေဟာလည်း ထပ်ပြီး အပြစ်ပေးသလို ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာ အကျိုးခံစားခွင့်တွေဟာ အစိုးရဆီမသွားပဲ လူထုဆီရောက်နိုင်မယ့် နည်းလမ်းတွေရှိလာမလား ကျနော်တို့ အနေနဲ့ စဉ်းစားတာတွေ ရှိပါတယ်။ ဒါတွေဟာလည်း ဖြစ်နိုင်ပါတယ်။"

Refugees International အဖွဲ့ကြီးရဲ့ ယာယီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ Joel Charny ဖြစ်ပါတယ်။ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ အပြောင်းအလဲ ရှိလာတော့မယ့်အပေါ် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ ကြိုဆိုခဲ့တာပါ။ ဒီလိုပဲ မြန်မာစစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်ထားတာတွေကို ရုပ်သိမ်းနိုင်မယ့် အခြေအနေတွေ ထွက်ပေါ်လာစေဖို့အတွက် အဆိုပြုချက်တရပ်ကိုလည်း စစ်အစိုးရ အကြီးအကဲထံ ပေးပို့ဖို့ စီစဉ်နေပါတယ်။ အမေရိကန် အစိုးရကတော့ စစ်အစိုးရကို ဒဏ်ခတ်ပိတ်ဆို့တာ သက်သက်နဲ့တော့ နိုင်ငံရေး အပြောင်းအလဲတွေ အတွက် အထောက်အကူ မဖြစ်စေတာမို့ အခုလို အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောဆိုထားတာပါ။ Refugees International အဖွဲ့ရဲ့ ယာယီဥက္ကဋ္ဌ Joel Charny ကတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ သံတမန်ရေး ထောက်ခံမှုတွေ ရအောင် ကျိုးပမ်း သွားဖို့လည်း လိုတယ်လို့ ယူဆကြောင်း ပြောပါတယ်။

"အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတဲ့ မူဝါဒမှာ အခက်ခဲဆုံး ဖြစ်နေရတာကတော့ သဘောတူညီမှု မရနိုင်တာပဲလို့ ကျနော် ယူဆပါတယ်။ အမေရိကန်က ဒဏ်ခတ်အရေးယူထားပေမဲ့ တရုတ်နိုင်ငံ မပါဘူး၊ ထိုင်းနိုင်ငံ မပါဘူး၊ အိန္ဒိယနိုင်ငံ မပါဘူး၊ ဂျပန်ကဆိုရင်လည်း မပါဘူး၊ ဒီလို အဓိက နိုင်ငံတွေ ၄-၅ နိုင်ငံလောက်က မပါဘူးဆိုရင် စစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဟာလည်း ထိရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အမေရိကန် အနေနဲ့ မဟာဗျူဟာကျတဲ့ ဘုံရပ်တည်ချက်တွေရဖို့ သံတမန်ရေး ကျိုးပမ်းမှုတွေလည်း လုပ်ဖို့ လိုပါတယ်။"

Refugees International အဖွဲ့ကြီးကတော့ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်နဲ့အတူ၊ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးအပ်ဖို့ ရည်ရွယ်ထားတာတွေကိုလည်း အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့တာပါ။ မြန်မာနိုင်ငံအတွက် အမေရိကန် လွှတ်တော်က အထောက်အပံ့အဖြစ်နဲ့ ဒေါ်လာသန်း ၃၉ ဒဿမ ၈ သန်း ပေးအပ်ဖို့ လျာထား ဆုံးဖြတ်ထားပြီး၊ ဒီအကူအညီတွေဟာ လက်ရှိ အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံတွင်းက ပြည်သူတွေနဲ့ နိုင်ငံကို စွန့်ခွာထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေအတွက် အသုံးပြုမှာ ဖြစ်တဲ့အတွက် ကြိုဆိုကြောင်း ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG