သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သဘောထား ပြောင်းလဲဖွယ်ရှိ


အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေ ထုတ်ပြန်ခဲ့တဲ့နောက် မြန်မာစစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်ထားတဲ့ ဥရောပသမဂ္ဂ အီးယူ ကလည်း အလားတူအပြောင်းအလဲတွေ လုပ်ဆောင်လာနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ ဥရောပအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဒီလို သဘောထား အပြောင်းအလဲတွေ ထွက်ပေါ်လာနိုင်တဲ့ အခြေအနေမျိုးမှာ အီးယူအစိုးရတွေကို တိုက်တွန်းလှုံ့ဆော်တာတွေ လုပ်ဆောင်နိုင်ဖို့အတွက် လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ European Burma Network ခေါ် ဥရောပတလွှား မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးနဲ့ မြန်မာ့ဒီမိုကရေးစီရေး လှုပ်ရှားသူတွေ မနေ့ကနဲ့ ဒီကနေ့ ၂ ရက်ကြာ ဘယ်လ်ဂျီယံ နိုင်ငံ ဘရက်ဆဲလ်စ် မြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ ဒီအကြောင်း စုံစမ်းထားတဲ့ မနော်ရှိုးက အပြည့်အစုံ တင်ပြထားပါတယ်။

အခုလို မြန်မာစစ်အစိုးရအပေါ် နှစ်အတန်ကြာ ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ အမေရိကန်အစိုးရက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံတဲ့ မူကိုပါ တပြိုင်တည်းကျင့်သုံးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ကြေညာခဲ့ပြီးနောက် မြန်မာစစ်အစိုးရအပေါ် နောက်ထပ် အဓိက ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ ဥရောပသမဂ္ဂရဲ့ မူမှာရော အပြောင်းအလဲတွေ ရှိလာလေမလားလို့ စိတ်ဝင်တစား မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး အခု ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်စ် မြို့မှာကျင်းပနေတဲ့ European Burma Network အစည်းအဝေးမှာ တက်ရောက်သူတဦး ဖြစ်တဲ့ NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီရဲ့ ဥရောပတာဝန်ခံ ဦးနွယ်အောင် က အခုလို ကောက်ချက်ချပါတယ်။

"အမေရိကန်ပေါ်လစီပြောင်းတာ မှန်ပေမယ့်လည်း ဥရောပပေါ်လစီလည်းပဲ လိုက်ပြောင်းရမယ်ဆိုတာတော့ မဟုတ်ပါဘူး။ အီးယူ ပေါ်လစီကလည်း ပိတ်ဆို့ဒဏ်ခတ်မှုဘက်မှာတော့ ပြောင်းမှာမဟုတ်ဘူး။ ဒါပေမယ့် သူတို့က အမေရိကန်ရော၊ အီးယူရောကတော့ ကျနော်တို့ စစ်အာဏာရှင်တွေနဲ့ စကားပြောမယ်ဆိုတာကတော့ နှစ်ဖက်စလုံးကတော့ ကမ်းလှမ်းထားတာရှိတယ်။ ဆိုတော့ ပေါ်လစီအနေအထားကတော့ လောလောဆယ်မှာ ဘာမှပြောင်းလဲမှု မရှိပါဘူး။"

ဆက်လက်ပြီး ဦးနွယ်အောင်က ၂ ရက်ကြာကျင်းပတဲ့ ဘရက်ဆဲလ်စ် မြို့က အစည်းအဝေးမှာ ဒီနေ့ ဘာတွေ အဓိကထား ဆွေးနွေးဖြစ်ခဲ့သလဲ ဆိုတာကို အခုလို ပြောပြပါတယ်။

"ကျနော်တို့ ဒီနေ့ အစည်းအဝေးမှာဆိုရင်တော့ ကျနော်တို့အားလုံး တက်လာတဲ့ အဖွဲ့အစည်းတွေက လက်ခံတာကတော့ ကျနော်တို့ မဟာမိတ် ၇ဖွဲ့ကလုပ်ထားတဲ့ proposal ဖြစ်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတာကိုတော့ ကျနော်တို့ လက်ခံတယ်။ ဒါကိုလည်းပဲ ဆက်ပြီးတော့ advocate လုပ်ပြီး ထောက်ခံသွားဖို့ကိုလည်း ကျနော်တို့ လုပ်ထားတာရှိတယ်။ အကယ်၍သာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်စဉ်ကိုလည်းပဲ စစ်အာဏာရှင်တွေက လက်မခံဘူး၊ လက်မခံဖို့လည်း များပါတယ်။ လက်မခံဘူးဆိုရင်တော့ ကျနော်တို့ ဘာတွေလုပ်မလဲ ဆိုတာ အဆင့်ဆင့်ကို ကျနော်တို့ ဒီမှာ ဆွေးနွေးထားတာတွေ ရှိပါတယ်။"

အလားတူ ဗြိတိန်အခြေစိုက် Burma Campaign UK က အမှုဆောင်ဒါရိုက်တာ မာ့က် ဖာမာနာ (Mark Farmaner) ကလည်း သူတို့လို ဥရောပတလွှားက လှုပ်ရှားမှုအဖွဲ့တွေအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂတွင်း ရှေ့ဆက် ဘာတွေဆက်လက် စည်းရုံးလှုံ့ဆော်သွားမလဲ ဆိုတာနဲ့ပတ်သက်လို့ အခုချိန်အထိ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးဖြစ်ခဲ့တယ် ဆိုတာကို ရှင်းပြပါတယ်။

"အခုလို ဥရောပအတွင်း မြန်မာ့အရေးလှုပ်ရှားနေတဲ့ လှုပ်ရှားမှုအဖွဲ့တွေ တွေ့ဆုံပြီး ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ချမှတ်တဲ့အခါမှာ ဒီမိုကရေစီအင်အားစုတွေက ဘာတွေတောင်းဆိုနေသလဲ ဆိုတဲ့အပေါ်မှာမူတည်ပြီး ချမှတ်ဆောင်ရွက်ကြတာပါ။ ဒါကြောင့် ဒီနေ့ တနေကုန်နီးပါး အဝေးရောက်ညွှွန့်ပေါင်းအစိုးရ (NCGUB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရွှေ သဘာ၀ ဓာတ်ငွေ့ စတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ တင်ပြဆွေးနွေးချက်တွေကို ကျနော်တို့ အာရုံစိုက် ကြားနာခဲ့ကြပါတယ်။ သူတို့ပြောတဲ့ထဲက ရှင်းရှင်းလင်းလင်း အချက်တချက်ကတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက မထောက်ခံဖို့ပါပဲ။ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီလှုပ်ရှားမှုကို ဆန့်ကျင်သလို လူနည်းစုတိုင်းရင်းသားတွေကိုပါ ဆန့်ကျင်နေပါတယ်။ နောက်ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူရဲ့ အားနည်းချက်တွေ၊ အထူးသဖြင့် မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုမျိုး မဟုတ်ဘဲ၊ မှားယွင်းတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုမျိုး ရှိနေတာတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျနော်တို့ အားလုံး ဝိုင်းဝန်းလှုပ်ရှားကြရင်တော့ ဥရောပသမဂ္ဂခေါင်းဆောင်တွေ အစိုးရတွေအပေါ် အနည်းနဲ့အများ ဩဇာသက်ရောက်မှာပါ။"

ဆက်လက်ပြီး မစ္စတာ ဖာမာနာ က အမေရိကန်အစိုးရအနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှု အပြင် တိုက်ရိုက်ထိတွေ့ဆက်ဆံမယ့် မူကို ကြိုဆိုလိုက်ပြီး၊ ဥရောပသမဂ္ဂအနေနဲ့တော့ ဒီမူသစ်အပေါ် မြန်မာစစ်အစိုးရက ဘယ်လို လက်တွေ့ကျကျ တုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်နေမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဥပမာ - နိုင်ငံရေးအကျဉ်းသား ၁၀၀ လောက်ပဲ လွတ်ပေးတာမျိုးမဟုတ်ဘဲ အားလုံးကိုပြန်လွတ်ပေးတာမျိုးကို သူက ရည်ညွှန်းခဲ့ပါတယ်။

အခု ၂ ရက်ကြာ ကျင်းပနေတဲ့ European Burma Network အစည်းအဝေးကို ဒီကနေ့မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပမှာ ဖြစ်ပြီး နောက် ၆ လအတွင်း ဥရောပတလွှား မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘာတွေ အကောင်အထည်ဖော် ဆောင်ရွက်ကြမလဲ ဆိုတဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဒီကနေ့ အစည်းအဝေးအဆုံးသတ်တဲ့အခါ ဆုံးဖြတ်ချက်ချကြမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG