သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဥပဒေအပေါ် တည်ပြီး NLD ရွေးကောက်ပွဲ ဝင်မဝင်ဆုံးဖြတ်မည်


ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်မှာ ဖြတ်သန်းရမယ့် အခြေအနေဖြစ်ပေမဲ့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မဝင်ဆိုတာကိုတော့ ရွေးကောက်ပွဲ ဥပဒေအပေါ် အခြေခံပြီး စဉ်စားသွားမယ်လို့ မြန်မာနိုင်ငံအတွင်းက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ပါတီအဖွဲ့အစည်း တည်ထောင်ခဲ့တာ ၂၁ပြည့် အထိမ်းအမှတ် အခန်းအနားတရပ်ကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ချုပ်ချုပ်မှာ ဒီနေ့ကျင်းပတာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတို့ကို လွှတ်ပေးဖို့ အဖွဲ့ချုပ်က တောင်းဆိုခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်အေးအေးမာက တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ၂၁ နှစ်ကာလကြာခဲ့ပေမဲ့ အချိန်အတော်များများ ပါတီ လုပ်ငန်းတွေ၊ ပါတီရုံးတွေ ကန့်သတ်ခံခဲ့ရပြီး ပါတီခေါင်းဆောင်တွေနဲ့ အဖွဲဝင် အတော်များများဟာ ထိန်းသိမ်းခံခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ၂၀၁၀ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောပြသွားတာကတော့

“ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီကို လိုလားတယ်ဆိုရင် ဖြတ်သန်းရမယ့် မုဒ်ဦးတခု ဖြစ်တယ်ဆိုတာ NLD က လက်ခံတယ်။ NLDဟာ ပြည်သူ့အကျိုးကို ဘယ်တော့မှ သွေဖီသွားမှာ မဟုတ်ဘူး။ ဘယ်တော့မှ သစ္စာဖောက် ကျောခိုင်းသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့က ရပ်တည်ချက်တွေနဲ့ တင်ပြထားတာ ရှိတယ်။ ၁။ ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံမှာပါတဲ့ ဒီမိုကရေစီနဲ့ မကိုက်ညီနဲ့ အချက်အလက်တွေကို တွေ့ဆုံညှိနှိုင်းပြီးတော့ ပြင်ဆင်သွားရအောင်ပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက် မရှိပြန်လွှတ်ပေးပါ။ ၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာက ယုံကြည်လေးစား လက်ခံနိုင်လောက်တဲ့ အသိအမှတ်ပြုခြင်းခံရလောက်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ပြင်ဆင်ပေးပါ။ နိုင်ငံတကာက လာရောက်ဆုံးဖြတ် ကြည့်ရှုပါဝင်ကူညီမှုတွေကို ခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့က စဉ်းစားမယ်။”
၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထွက်လာပြီ ဆိုရင်တော့ NLDဟာ တင်ပြထားတဲ့ အချက်တွေကို လိုက်လျောမယ်ဆိုရင် ရွေးကောက်ပွဲကို ဝင်သင့် မဝင်သင့်ဆိုတာကို တရားဝင် အသိပေးမယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲ ဥပဒေတို့ ထွက်လာရင် အဲဒါတွေကို သုံးသပ်ပြီးတော့ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်မဝင် ကြေညာမယ်။ စောစောက တင်ပြချက်တွေကို ခွင့်ပြုမယ်ဆိုရင်ဖြင့် ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်တယ်။ ”

အခုလို အရေးကြီးတဲ့ ကာလမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံခေါ်ပြီး အောက်ခြေမြို့နယ်ထု နဲ့ ထိတွေ့ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းကို တောင်းဆိုထားတာလည်း ရှိပါတယ်။

“နိုင်ငံရေးပါတီတဲ့ NLDဟာ မြို့နယ်၊ တိုင်း ရုံးတွေကို ပိတ်ခံထားရတာလည်း ၆နှစ်ကျော်ကျော် ကြာပြီ။ ဘာဥပဒေ အကြောင်းပြချက်မှ မရှိဘဲနဲ့ ချိတ်ပိတ်ခံထားရတာ ဖြစ်တဲ့အတွက် မြို့နယ် ရုံးတွေ၊ တိုင်းရုံးတွေဟာ လုံး၀ လှုပ်ရှားခွင့်မရှိဘူး၊ အစည်းအဝေးတောင် လုပ်ခွင့်မရှိဘူး။”

ဒီနေ့ကျင်းပတဲ့ အဖွဲ့ချုပ် နှစ်ပတ်လည်နေ့ပွဲကို လုံခြုံရေး တင်းကျပ်စွာ ချထားတဲ့ကြားကပဲ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာသံရုံးတွေက သံတမန်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက အဖွဲ့ချုပ်ဝင်တွေ လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာလည်း အဖွဲ့ချုပ်ရဲ့ နှစ်ပတ်လည်နေ့ပွဲတွေကို လုပ်တဲ့အခါ မြို့နယ်တိုင်းမှာ စောင့်ကြပ် ကြည့်ရှုတာတွေ၊ ဓာတ်ပုံ၊ဗွီဒီယို ရိုက်ကူးတာတွေကို အာဏာပိုင်တွေ လုပ်တာ ခံခဲ့ရကြောင်း တနင်္သာရီတိုင်း ကော့သောင်းနဲ့ မြိတ်မြို့ အဖွဲ့ချုပ်ဝင်တွေက ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG