မြန်မာနိုင်ငံတွင်း နိုင်ငံရေးအပြောင်းအလဲတွေရှိလာစေဖို့ နိုင်ငံတကာကြိုးပမ်းဆောင်ရွက်မှုတွေထဲမှာ အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ တည်ငြိမ်ဖွံဖြိုးပြီး ဒီမိုကရေစီ ပြည့်ဝတဲ့နိုင်ငံ ဖြစ်လာဖို့ဆိုရင် နိုင်ငံရေးလုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံတွင်းက အရေးပါသူအားလုံး ပါဝင်နိုင်ဖို့လိုတယ်လို့ အတွင်းရေးမှုးချုပ်က ထပ်လောင်းသတိပေးခဲ့ပါတယ်။ အကြောင်းစုံ ကိုသားညွန့်ဦးက ပြောပြပါဦး။
လာမယ့်နှစ်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့နှစ်ဖြစ်သလို ဆယ်စုနှစ် နှစ်ခုအတွင်းမှာ ပထမဆုံးပြန်လုပ်မယ့် ရွေးကောက်ပွဲမှာ အရေးပါသူအားလုံး ပါဝင်နိုင်ပြီး၊ အများလက်ခံယုံကြည်တဲ့အခြေအနေဖြစ်ဖို့လိုတယ်လို့ အတွင်းရေးမှုးချုပ်က မနေ့က ကုလသမဂ္ဂမှာလုပ်တဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုသွားတာပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံ အပြင်မှာ လုပ်တဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ ပူးတွဲအစည်းအဝေးမှာ အတွင်းရေးမှုးချုပ် အချက်သုံးချက် အလေးပေး ပြောသွားပါတယ်။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ကိစ္စ ကမ္ဘာ့စီးပွားရေး ပြဿနာတွေနဲ့ အတူထားပြီး အလေးပေးပြောသွားတဲ့ နောက်ဆုံးအချက်ကတော့ မြန်မာနိုင်ငံကိစ္စပါ။ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ ပြင်းပြင်းထန်ထန်နဲ့တညီတညွတ်တည်း သဘောထား တရပ်ရှိသင့်တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။ အန်စီဂျီယူဘီ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ အာဆီယံထဲမှာကို မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သဘောထား မတူမှုတွေ ဖြစ်နေလို့ အတွင်းရေးမှူးချုပ်က အခုလို ထောက်ပြခဲ့တာလို့ ပြောပါတယ်။
"အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒိမိုကရေစီရေးကို ကြိုးပမ်းတဲ့အခါမှာ မြန်မာနိုင်ငံ မိတ်ဆွေများ အဖွဲ့နဲ့ အားလုံးတိုင်ပင်ပြီးတော့ သဘောတူညီထားတဲ့ အချက် ၅ချက်၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ အချိန်ဇယား အတိအကျရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်တဲ့ စတာတွေပေါ့။ အဲဒီ အပိုင်းတွေမှာ အာစီယံအတွင်းမှာက သဘောထား ကွဲပြားမှုတွေ ရှိနေတုန်းပဲ။ အထူးသဖြင့် အာဆီယံ ထူထောင်ခဲ့တဲ့ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့၊ အင်ဒိုနီးရှားတို့၊ မလေးရှားတို့၊ ဖလစ်ပိုင်တို့၊ စင်္ကာပူတို့ အပိုင်းက အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အကြံပြုချက်တွေကို အပြည့်အ၀ ထောက်ခံပြီး ပြောဆိုနေကြပေမဲ့ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့မှာ သဘောထား ကွဲပြားမှုတွေ ရှိနေတယ်။ ဒါကြောင့် အထွေထွေအတွင်းရေးမှူးချုပ်က သူ့ရဲ့ အကြံပြုချက်တွေနဲ့ ကမ္ဘာတခုလုံးက လက်ခံထားတဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့အခါ အာဆီယံ တဖွဲ့လုံး တညီတညွှတ်တည်း ထောက်ခံရုံမကဘဲ သက်ဆိုင်ရာ သံတမန်လမ်းကြောင်းတွေကတဆင့် ဖိဖိစီးစီး တွန်းအားပေးတာတွေ လုပ်ဖို့ သူတိုက်တွန်းတဲ့ သဘောဖြစ်တယ်လို့ ကျွန်တော် ယူဆတယ်။"
အာဆီယံအနေနဲ့ကတော့ Constructive Engagement အပြုသဘော ဆက်ဆံမှုဆိုပြီး မြန်မာနို်င်ငံအပေါ် မူဝါဒကို အချိန်အတော်ကြာကတည်းက ထားရှိခဲ့တာပါ။ ဒါပေမဲ့ အာဆီယံအနေနဲ့ တကယ်တမ်းတော့ ဒီ အပြုသဘောဆက်ဆံရေးမူဝါဒဆိုတာ ပြောတဲ့အတိုင်း လုပ်တယ်လို့ ဒေါက်တာသောင်းထွန်းက မယူဆပါဘူး။
"Engage လုပ်တယ်၊ နအဖနဲ့ စကားပြောတယ်ဆိုတာ ဘာကိစ္စတွေ ပြောတာလဲ။ စီးပွားရေး ကိစ္စပဲ ပြောတာလား။ ဒါမှမဟုတ် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ ပြောတာလား။ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဆိုတာကို ပြောတာလား။ ၂၀၁၀ ရွေးကောက်ပွဲဟာ အင်အားစုအားလုံး ပါဝင်ပြီး၊ နိုင်ငံတကာက လက်ခံနိုင်တဲ့ အနေအထားဖြစ်အောင် လိုအပ်တဲ့ နိုင်ငံရေး ဝန်းကျင်၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာအောင် လုပ်ရမယ်ဆိုတဲ့ အပိုင်းတွေ အပေါ်မှာ ဆွေးနွေးမှာလား။ ဒါတွေကို တိတိကျကျ ရှိပြီး လုပ်ဖို့လိုပါတယ်။ ဒီနေ့အထိ engagement လုပ်ဖို့ ပြောနေတဲ့ သူတွေ အပိုင်းကလည်း အဲဒီလိုမျိုး ထိထိရောက်ရောက် ပြောဆိုဆွေးနွေးတာ၊ တိုက်တွန်းတာ မရှိသေးတာကို ကျွန်တော်တို့ တွေ့မြင်နေရတယ်။ "
အတွင်းရေးမှုးချုပ်အနေနဲ့ မြန်မာအရေးဆောင်ရွက်တဲ့နေရာမှာ အာဆီယံနိုင်ငံတွေနဲ့ အတူ တွဲဖက်ဆောင်ရွက်သွားမယ်လို့ ပြောသွားသလို၊ တဖက်မှာလည်း မြန်မာအစိုးရအနေနဲ့လည်း နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေကို လက်လွှတ်အဆုံးရှုံးမခံဖို့ကိုလည်း ထောက်ပြခဲ့ပါတယ်။