မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်အစိုးရ မူဝါဒသစ်မှာ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဆက်လုပ် သွားမှာဖြစ်သလို တဘက်မှာလည်း အဆင့်မြင့်တန်း ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုသွားပါတယ်။ ဒါပေမဲ့ မူဝါဒ အတိအကျကို ထုတ်ပြန် ထားခြင်း မရှိသေးပါဘူး။ အမေရိကန်ရဲ့ ပြောင်းလဲတဲ့ မူဝါဒ ဟာ စစ်အစိုးရအပေါ် ဖိအားပေးနေတဲ့ အနောက် အုပ်စု တခု လုံးရဲ့ သဘောထားတွေပါ ပြောင်းလဲသွားစေမှာလားကို ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့ရဲ့ တာဝန်ခံဝန်ကြီးတဦးဖြစ်သူ ဦးဘိုလှတင့် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ပိတ်ဆို့ ဒဏ်ခတ်ရေးနဲ့ ထိတွေ့ဆက်ဆံမှု နှစ်ခုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အခု မူဝါဒ အသစ်အရ ဘယ်လို ချိန်ခွင်လျှာ မျှတအောင်လုပ်ပြီးတော့ မြန်မာ့ဒီမိုကရေစီဘက်ဆီကို တွန်းပို့ပေးနိုင်လိမ့်မယ်လို့ ယူဆသလဲ။
ဦးဘိုလှတင့် ။ ။ ပထမကတော့ အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားကတော့ အရင်တုန်းကလို့ ပစ်ပယ်ပိတ်ဆို့မှု မဟုတ်ဘဲနဲ့ နအဖနဲ့လည်း အဆင့်မြင့်ခေါင်းဆောင် level မှာ ထိတွေ့ဆက်ဆံမှုတွေ လုပ်မယ်။ သူတို့ အမေရိကန် ပြည်ထောင်စုရဲ့ ပြည်သူလူထု နဲ့ အမေရိကန်ပြည်ထောင်စုက မြင်ချင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဒီမိုကရေစီ ရေး နဲ့ လူ့အခွင့်အရေးတွေ ဖွံ့ဖြိုးတိုးတက်လာရေးတို့ ကိစ္စတွေကို ကျနော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ၊ ကူညီမှု တွေဆွေးနွေးမယ်။ အဲဒီလိုအခါမှာ နအဖအစိုးရရဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုတွေပေါ်မှာ မူတည်ပြီးတော့မှ အရေးယူပိတ်ဆို့မှုတွေကို အဆင့်လိုက်လျှော့ချသွားမယ်ဆိုတဲ့ သဘောထားဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ပိတ်စို့ဟန့်တားမှုတွေကို ဆက်ထားမယ်၊ ဒါပေမဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ လုပ်မယ် ဆိုတော့ ပထမအဆင့်အနေနဲ့ မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို ပြည်ဝင်ခွင့် ဗီဇာတွေ ပိတ်ထားတာကို လျှော့ချပေး ရမယ့်သဘောဖြစ်နေတာပေါ့။ အဲသလို အကြိုသဘောမျိုးအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ကုလသမဂ္ဂ လာတက်တဲ့ ဘောင်ကိုကျော်ပြီးတော့ ဝါရှင်တန်ဒီစီကို လာခွင့်ပြုခဲ့တာ အစပျိုးလုပ်ဆောင်မှုလို့ ယူဆသလား။
ဦးဘိုလှတင့် ။ ။ အခု သိရသလောက်တော့ ကန့်သတ်ချက်က နယူးယောက်(New York) ကနေပြီးတော့ ၂၅ မိုင်ထက် နအဖခေါင်းဆောင်တွေအနေနဲ့ ကျော်သွားခွင့်မရှိပါဘူး။ သို့သော်လည်း သံတမန်ဆက်ဆံရေးအရ ရှိနေတယ်။ ကျနော်တို့ သိရသလောက် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း က သူတို့ ဝါရှင်တန် (ဒီစီ) မှာရှိတဲ့ သံရုံးပျက်စီးနေတာကို သွားပြီးတော့ စစ်ဆေးချင်တယ် ဆိုတဲ့ အခြေခံတောင်းဆိုမှုအပေါ်မှာ ကန့်သတ်ခွင့်ပြုခဲ့တာ သိရပါတယ်။ ဆိုတော့ ဒါတွေကတော့ မူဝါဒတိတိကျကျ မထွက်ခင်မှာတော့ အလားအလာလို့ ပြောလို့ခက်ပါတယ်ခင်များ။
ဦးသန်းလွင်ထွန်း ။ ။ တခြားအနောက်နိုင်ငံတွေကလည်း အမေရိကန်အစိုးရ ဦးဆောင်မှုနောက်ကို လိုက်လာပြီးတော့ ဖိအားပေးရေး နဲ့ ထိတွေ့ဆက်ဆံမှုအပိုင်းကို ချိန်ခွင်လျှာမျှပြီးတော့ ကြိုးစားလုပ်လာလိမ်မယ်လို့ ထင်သလား။
ဦးဘိုလှတင့် ။ ။ တကယ်တမ်းပြောရမယ်ဆိုရင် ဥရောပနိုင်ငံများ သမဂ္ဂအနေနဲ့ အစတည်းက အဲဒီနည်းနာကို ဆက်ပြီး တော့ ကျင့်သုံးနေတယ်လို့ ကျနော်တို့ သုံးသပ်တွေ့ရှိပါတယ်။ ဘာလဲဆိုတော့ ဥရောပနိုင်ငံများသမဂ္ဂမှာ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် (EU Special Envoy for Burma) Piero Fassino ကို ခန့်အပ်ခဲ့တာ အခုဆိုရင် ၂ နှစ် ၃ နှစ်တောင် ရှိလာခဲ့ပါပြီ။ အဲဒီတော့ ဥရောပနိုင်ငံများ သမဂ္ဂကတော့ တဘက်မှာ သူတို့ရဲ့ common position လို့ခေါ်တဲ့ အားလုံးရဲ့ ဘုံသဘောတူညီချက်တွေ သူတို့လိုလားတဲ့ ဒီမိုကရေစီအရေး နဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို တိုက်တွန်း တောင်းဆိုနေသလို၊ တဘက်က အထူးသံတမန်ခန့်အပ်ပြီးတော့ နအဖ ခေါင်းဆောင်ပိုင်းနဲ့ ညှိနှိုင်းဆွေးနွေးနေတာတွေ ရှိတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတာလည်း ရှိတယ် ဆိုတော့ သူတို့က အမေရိကန်ပြည်ထောင်စု မစတင်တည်းက ဒီကိစ္စတွေကို ဆောင်ရွက်နေတယ်လို့ ပြောလို့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဥရောပသမဂ္ဂမှာဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း မြန်မာစစ်အစိုးရနဲ့ အဆင့်မြင့်တန်း ထိတွေ့ဆက်ဆံမှုနိုင်ဖို့ ကိုယ်စားလှယ်ခန့်အပ်လာမဲ့ သဘောရှိတာပေါ့။
ဦးဘိုလှတင့် ။ ။ အဲသလိုတော့ ကျနော်တို့လည်း အစကတည်းက တိုက်တွန်းပါတယ်။ နိုင်ငံရေးအရ ကျနော်တို့အနေနဲ့ တိုက်တွန်းခဲ့ကြတာကတော့ ဥရောပနိုင်ငံများ သမဂ္ဂ အထူးကိုယ်စားလှယ်တို့၊ ကုလသမဂ္ဂအထူးသံတမန်တို့၊ အမေရိကန် ပြည်ထောင်စု အထူးသံတမန်တို့ နောက်ဆုံး ဒေသအတွင်းမှာရှိတဲ့ အာဆီယံအထူးသံတမန်တို့ ရှိခဲ့မယ်ဆိုရင် တကယ်တမ်း ကုလသမဂ္ဂအထူးသံတမန် တယောက်တည်း လုပ်တာထက်ဆရင် ပိုပြီးတော့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြင်သာထင်သာလည်းရှိမယ်။ ပိုပြီးတော့ ပြည့်စုံလိမ့်မယ်ဆိုတဲ့ တိုက်တွန်းတောင်းဆိုချက်တွေရှိခဲ့တော့ အဲသလို ပေါ်လာ မယ်ဆိုရင် ကျနော်တို့ ကြိုဆိုရမှာဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခု ကျနော်တို့ ပြောနေတာတွေက အမေရိကန်ပြည်ထောင်စုကနေပြီးတော့ အသစ်ဖော်ထုတ်လိုက် တဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒအသစ်အကြောင်းပေါ့။ ဒါပေမဲ့လည်း တဘက်က မြန်မာစစ်အစိုးရအနေနဲ့ ဒီ မူဝါဒအသစ်အပေါ်ကို သူတို့ဖက်က ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်လာနိုင်တဲ့ အလားအလာတွေ ရှိသလဲ ဆိုတာ ကလည်း မေးစရာဖြစ်နေတယ်။ ဥပမာအားဖြင့် ဒီ အမေရိကန်နိုင်ငံခြားရေး မူဝါဒအသစ်ကို စပြီးကြေညာခဲ့တဲ့ နယူးယောက် ကုလသမဂ္ဂရဲ့ မြန်မာမိတ်ဆွေများနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဖြစ်တယ်။ အဲဒီအချိန်မှာ နယူးယောက်မှာ ရောက်ရှိနေတဲ့ ဦးဉာဏ်ဝင်းကို တက်ဖို့ဖိတ်ကြားခဲ့တာကို တက်ရောက်ခဲ့ခြင်းမရှိတာကို တွေ့ရတော့ နောက်ပိုင်းမှာ ဒီလို အနောက်အုပ်စု၊ မိတ်ဆွေနိုင်ငံတွေရဲ့ မြန်မာဒီမိုကရေစီရေးကို ဖျောင့်ဖျပြောကြားမှုတွေကို မြန်မာနိုင်ငံက တကယ်တမ်း နားထောင်လိုတဲ့ ဆန္ဒ ရှိပါ့မလား။
ဦးဘိုလှတင့် ။ ။ ဒါကတော့ ကျနော်တို့ အနီးကပ် လေ့လာစောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ နအဖအနေနဲ့ အားလုံး သိကြတဲ့အတိုင်း တချိန်တည်းမှာ အမေရိကန်ပြည်ထောင်စုကနေပြီး စီးပွားရေးအရ ပိတ်ဆို့အရေးယူထားတာတွေကို လျှော့ချပြီးတော့ ရပ်တန့်ပေးဖို့ အမြဲတမ်းတိုက်တွန်း တောင်းဆိုနေခဲ့တာဖြစ်တယ်။ တကယ်တမ်း အခုလို အမေရိကန် ပြည်ထောင်စုက တိုက်ရိုက်လည်း လာပြီးတော့ ဆက်သွယ်ဆောင်ရွက်မယ်၊ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ သူတို့အနေနဲ့ တန်းဖိုးထားတဲ့ ဖြစ်စေချင်တဲ့ တိုးတက်မှုတွေ ဖြစ်လာမယ်ဆိုရင် လျှော့သွားမယ်ဆိုလိုရှိရင် ဒါဟာ မြန်မာနိုင်ငံအတွက် နဲ့ နအဖအတွက် အကျိုးရှိတဲ့ကိစ္စတွေလို့ ကျနော်တို့ သုံးသပ်ပါတယ်။ အဲသလို ဖြစ်လာဖို့ဆို တကယ်တမ်း လက်ကမ်းလာတဲ့အခါကျမှ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုရင် သူတို့ လျှော့ချ ရပ်တန့်စေချင်တဲ့ ပိတ်ဆို့အရေးယူမှုက ဘယ်တော့မှ ပပျောက်သွားမှာ မဟုတ်ပါဘူးခင်များ။
ဦးသန်းလွင်ထွန်း ။ ။ ဒီမူဝါဒအသစ်နဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း စိုးရိမ်မှုတခုကို ဖော်ထုတ်ပြလာတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ဒီလိုမြန်မာနိုင်ငံအရေးအတွက် ထိတွေ့ဆက်ဆံမှုနေရာမှာ အစိုးရတဘက်တည်းကိုဘဲ ထိတွေ့ဆက်ဆံမှုတွေ လုပ်မနေဘဲနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အတိုက်အခံတွေကိုလည်း အတိုက်အခံတွေရဲ့ သဘောထားတွေကိုလည်း မျှမျှတတ တီးခေါက်နိုင်ဖို့ စကားပြောဖို့ ထိတွေ့ဆက်ဆံဖို့ လိုတယ်လို့ ပြောထားတာကို ကျနော်တို့သိရတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အရင်က ဘာတွေဖြစ်ခဲ့ဖူးသလဲ၊ အခုနောက်ပိုင်း ဘာတွေ ဆက်ဖြစ်လာမလဲလို့ ယူဆပါသလဲ။
ဦးဘိုလှတင့် ။ ။ အစဉ်တစိုက်အားဖြင့်တော့ အမေရိကန်ပြည်ထောင်စုဘဲဖြစ်ဖြစ်၊ ဥရောပနိုင်ငံများသမဂ္ဂပဲဖြစ်ဖြစ် ဒီမိုကရေစီလှုပ်ရှားမှု၊ ပြည်သူလူထုကို ကိုယ်စားပြုနေတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ အသံတွေကို သူတို့ တတ်နိုင်သမျှ တွေ့ဆုံမေးမြန်းတာ၊ ညှိနှိုင်းတိုင်ပင်တာ လုပ်ခဲ့ကြပါတယ်။ အဆင့်ကတော့ ကွာတာပေါ့။ အခုကျတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က နိုင်ငံရေးအရ လေးလေးနက်နက် တိုက်တွန်းမှုအပေါ်မှာတော့ ပိုပြီးတော့ စနစ်ကျတဲ့ မျှတပြီးတော့ တွေ့ဆုံမှုတွေရှိဖို့ လိုလည်းလိုအပ်တယ်။ ကျနော်တို့လည်း ဆက်လက်တိုက်တွန်းသွားဖို့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ ဖြစ်လာဖို့ဆိုရင် အင်အားစု အားပြိုင်မှုနှစ်ခုဖြစ်နေတဲ့ ဒီမိုကရေးစီအင်အားစုတွေ နဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ အသံတွေကိုလည်း နိုင်ငံတကာ အင်အားစု၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ လေးလေးနက်နက် နားထောင်ဖို့။ အဲဒီလို နားထောင်တဲ့အခါမှာလည်း တဆင့်စကားနဲ့ နားထောင်တာမျိုးမဟုတ်ဘဲနဲ့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ပြီးတော့ ထိတွေ့ ဆက်ဆံနိုင်တဲ့ အပြုအမှုမျိုးတွေ ဆက်လက်ပြီး ဆောင်ရွက်သွားဖို့က အင်မတန် အရေးကြီးတယ်။ ဒီလိုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည့်အဝ သဘောတူတယ်လို့ ပြောချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီ အမေရိကန်မူဝါဒအသစ်နဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ - မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ပြီးတော့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေ နဲ့ တွေ့ခွင့်ရခဲ့တဲ့ အထက် လွှတ်တော်အမတ် Jim Webb က အမေရိကန်အထက်လွှတ်တော်မှာ နိုင်ငံခြားရေးမူဝါဒမှာ ထိရောက်တဲ့ သြဇာရှိတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်။ သူရဲ့ အဆိုအရဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ တရုတ်သြဇာ လွှမ်းမိုးမှု တွေကို ချိန်ခွင်လျှာညှိနိုင်ဖို့အတွက် ဆက်ဆံရမယ်ဆိုတဲ့သဘောတွေ ပြောထားတယ်ဆိုတော့ အခု အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒအသစ်ကို တရုတ်နိုင်ငံဖက်ကရော သူတို့ကို အားပြိုင်လာတဲ့ တန်ပြန်လာတဲ့ မူဝါဒတခုအနေနဲ့ ရှုမြင် လာနိုင်ဖွယ်ရာ ရှိသလား။ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်လာမယ်လို့ ယူဆသလား။
ဦးဘိုလှတင့် ။ ။ တကယ်တမ်း ပြောမယ်ဆိုရင်တော့ ကြိုတင်ခန့်မှန်းဖို့ ခက်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ လက်တွေ့ကျကျ ပြုမှုဆောင်ရွက်မှု၊ သူတို့ပေါ်လစီကို အကောင်အထည်ဖော် ဆောင်ရွက်မှုအပေါ်မှာ မူတည်မှာ ဖြစ်ပါ တယ်။ သူတို့ကနေ တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်နိုင်တဲ့ ဝင်ရောက်စွတ်ဖက်မှုပုံစံမျိုး မဟုတ်ဘဲနဲ့ တကယ့် အဓိကကျတဲ့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အထူးသဖြင့် အာဆီယံနိုင်ငံတို့နဲ့ အရေးကြီးတဲ့ မူဝါဒ အပြောင်းအလဲဆိုင်ရာကိစ္စတွေ မြန်မာပြည်နဲ့ဆိုင်တဲ့ကိစ္စတွေမှာ ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ လုပ်ဖို့လည်း ကျနော်တို့ တိုက်တွန်းပါတယ်။ အဲသလို ဆောင်ရွက်သွားမယ်ဆိုလိုရှိရင် တဦးနဲ့တဦး သပ်သပ်စီ လုပ်တာမဟုတ်ဘဲ ကြိုတင်ညှိနှိုင်း လုပ်ဆောင်မှုတွေရှိတဲ့အတွက် ဒီလို စိုးရိမ်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ကတော့ မမြင်ပါဘူး။