သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်


အီရန်နိုင်ငံက တာတိုပစ် ဒုံးကျည် နှစ်စင်းကို စမ်းသပ် ပစ်လွှတ်လိုက်ပြီး နောက်ထပ်လည်း တာဝေးပစ် ဒုံးကျည် တစင်းကို ပစ်လွှတ် စမ်းသပ်ဖို့ ရှိနေတယ်လို့ ကြေငြာလိုက်ပါတယ်။ ဒါဟာဆိုရင် အီရန်နိုင်ငံက ယူရေနီယန်ဓာတ်သတ္ထုသန့်စင်တဲ့ စက်ရုံ နောက်ထပ် တခုကို တည်ဆောက်နေတဲ့အကြောင်း ထုတ်ဖော်ပြောဆိုလိုက်တဲ့နောက် အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်နဲ့ ပတ်သက်လို့ အနောက်အုပ်စု နိုင်ငံတွေနဲ့ တင်းမာမှုတွေကြီးထွားလာနေချိန် ထပ်မံထွက်ပေါ်လာတဲ့ လုပ်ဆောင်ချက် တရပ်လည်း ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Jessica Desvarieus နဲ့ Paula Wolfson တို့က သတင်းပေးပို့ ထားတာတွေကိုတော့ ကိုအောင်လွင်ဦး က စုစည်း တင်ပြပေးထားပါတယ်။

အီရန်နိုင်ငံက တာတိုပစ် ဒုံးကျည်တွေ မနေ့တုန်းက စမ်းသပ်ပစ်လွှတ်လိုက်သလို နောက်ထပ် တာဝေးပစ် ဒုံးကျည် တစင်းကိုလည်း ဒီကနေ့ ပစ်လွှတ်မယ်လို့ ကြေငြာထားတာပါ။ မဟာတမန်တော် အမှတ်-၄ လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှု တစိတ်တပိုင်း အဖြစ် သဲကန္တာရထဲမှာ စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်ခဲ့တာကိုတော့ အစိုးရပိုင် ရုပ်မြင်သံကြားက ပြသခဲ့ပါတယ်။ စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ အီရန် လေတပ်က ဗိုလ်မှူးချုပ် ဟူစိန် ဆလာမီ ကတော့ စစ်ရေးလေ့ကျင့်မှုတွေကို အဆင့်ဆင့် လုပ်သွားဖို့ ရှိတဲ့ အကြောင်း သတင်းထောက်တွေကို ပြောခဲ့တာပါ။
အီရန်နိုင်ငံက စစ်ရေးလေ့ကျင့်မှုမှာ အဆင့် ၄ ဆင့်ထားပြီး ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း အီရန်လေတပ် ဗိုလ်ချုပ် က ဖာရစီဘာသာနဲ့ ပြောသွားခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ အနောက်အုပ်စု နိုင်ငံတွေနဲ့ အီရန်အကြား တင်းမာမှုတွေ ကြီးထွားလာနေချိန် အခုလို စစ်ရေးလေ့ကျင့်မှုတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်ထဲမှာတော့ အီရန်နိုင်ငံက ယူရေနီယန်သန့်စင် ထုတ်လုပ်တဲ့ စက်ရုံ နောက်ထပ်တခုကို တည်ဆောက်နေတဲ့ အကြောင်း ဖွင့်ဟပြောဆိုခဲ့တာပါ။ အနောက်အုပ်စုနိုင်ငံတွေရဲ့ ထောက်လှမ်းရေးတွေက ဒီစက်ရုံနဲ့ ပတ်သက်လို့ သတင်း အချက်အလက်တွေ ရထားတာကို အီရန်နိုင်ငံက သိသွားတာမို့ အခုလို ထုတ်ဖော ်ပြောဆိုလာတာလို့လည်း အကဲခတ်တွေက ဆိုကြပါတယ်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကတော့ အီရန်နိုင်ငံရဲ့ နျူကလီးယားစက်ရုံတွေကို နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က ဝင်ရောက် စစ်ဆေးခွင့်ရဖို့ တောင်းဆိုနေတာပါ။ စနေနေ့မှာတုန်းကတော့ အီရန် နျူကလီးယား အစီအစဉ် အကြီးအကဲဖြစ်တဲ့ Ali Akbar Salehi ကတော့ စုံစမ်းစစ်ဆေးသူတွေကို ခွင့်ပြုမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ နျူကလီးယား စက်ရုံတွေနဲ့ ပတ်သက်လို့ ဘယ်တုန်းကမှ ဖုံးကွယ်မထားဘူးလို့လည်း အီရန်နိုင်ငံက ပြောဆိုထားတာပါ။ ပြီးခဲ့တဲ့ တပတ်ထဲ အမေရိကန် ပြည်ထောင်စု ပစ္စဘတ်ဂ်မြို့က စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံပေါင်း ၂၀ G-20 အစည်းအဝေးပွဲ အတွင်းမှာတုန်းကလည်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဥနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ထုတ်ဖော်ရမယ်ဆိုပြီး ပြောခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ ယူရေနီယန် သန့်စင်တဲ့ စက်ရုံနောက်တခု ရှိနေတာကို ဖုံးထားဖို့ အီရန်နိုင်ငံက ကျိုးစားခဲ့တာမို့ သူ့ရဲ့ရည်ရွယ်ချက်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ ဖြစ်ရတယ်လို့ ဆိုခဲ့တာပါ။ အီရန်နိုင်ငံက နျူကလီးယား အစီအစဉ်တွေကို ငြိမ်းချမ်းတဲ့ ရည်မှန်းချက်တွေနဲ့ ဆောင်ရွက်နေတာပါလို့ ပြောနေတဲ့အတိုင်း ခိုင်မာတဲ့ အထောက်အထားတွေကို ပြနိုင်ဖို့ လိုတဲ့အကြောင်း ဝန်ကြီးကလင်တန်က CBS ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းတခုမှာ ပြောလိုက်တာပါ။

“စကားလုံးတွေနဲ့တင် မလုံလောက်ပါဘူး။ သူတို့အနေနဲ့ ဘာတွေလုပ်နေတယ် ဆိုတာကို နိုင်ငံတကာ အသိုင်းအဝန်း ရှေ့မှောက် ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြသရမှာ ဖြစ်ပါတယ်။”


လက်ရှိ အီရန်နိုင်ငံ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ ဟာကွက်တွေရှိနေကြောင်းလည်း ဝန်ကြီးကလင်တန် က ပြောဆိုလိုက်သလို၊ ဒါတွေကို ပိုပြီး လေးနက်ကျယ်ပြန့်တဲ့ အဆင့်ရောက်အောင် ဆွေးနွေးမှုတွေ လုပ်သွားဖို့ ရှိတယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ် ကလည်း သံတမန်ရေး ကျိုးပမ်းတာတွေ မအောင်မြင်ရင် ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ လုပ်ဖို့ အစီအစဉ်ကို လုပ်သွားသင့်တဲ့အကြောင်း ပြောခဲ့တာပါ။ အလားတူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးပြီးလုပ်ဖို့ အချိန်ကျနေပြီလို့ တိုက်တွန်းလိုက်သူ နောက်တဦးကတော့ မစ်ဆူရီပြည်နယ်က ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ Kit Bond ပါ။ အီရန်နိုင်ငံရဲ့ လုပ်ရပ်တွေကို ပြောင်းလဲဖို့ဟာ ဒီနည်းလမ်းကိုသာ ရွေးဖို့ ဖြစ်လာရတယ်ဆိုတာ အခုနောက်ဆုံး ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတွေက ပြသနေတယ်လို့ သူက ဆိုခဲ့တာပါ။


“သံတမန်ရေး ကျိုးပမ်းမှုတွေ၊ သဘောတူညီချက်တွေ၊ စုံစမ်းစစ်ဆေးမှုတွေက အီရန်နိုင်ငံရဲ့ လုပ်ရပ်တွေကို ပြောင်းလဲလာအောင် သိမ်းသွင်းနိုင်လိမ့်မယ်လို့ ယူဆနေသူတွေကို အခု ဒုံးကျည်ပစ်လွှတ်မှုတွေက မျက်စေ့ကျယ်လာအောင် လုပ်ပေးလိုက်တာပါပဲ။”


အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ရုရှား၊ တရုတ်နိုင်ငံတွေနဲ့ အီရန်နိုင်ငံက ကိုယ်စားလှယ်တွေ ကြာသပတေးနေ့ ဂျီနီဗာမှာ တွေ့ဆုံဆွေးနွေးကြမှာပါ။ အဲဒီအချိန်ကျရင်တော့ အီရန် အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေဟာ ငြိမ်းချမ်းတဲ့ ရည်မှန်းချက်တွေနဲ့ ဆောင်ရွက်နေတယ်ဆိုတာကို သံသယ ဖြစ်လောက်စရာ မရှိအောင် သက်သေပြရလိမ့်မယ် ဆိုပြီးတော့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုထားတာ ဖြစ်ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG