သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရဝန်ကြီးချုပ် ကုလအထွေထွေညီလာခံမှာ ဒီနေ့မိန့်ခွန်းပြောမည်


အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းနေတဲ့ ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဒီကနေ့ မိန့်ခွန်းပြောဖို့ရှိနေပါတယ်။ ၁၄ နှစ်အတွင်းမှာ မြန်မာနိုင်ငံက အဆင့်အမြင့်တာဝန်ရှိသူတယောက်က ခုလို ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံကို လာတက်ပြီး မိန့်ခွန်းပြောမှာဟာ ထူးခြားတယ်လို့ပြောရမှာပါ။ မြန်မာနိုင်ငံက စစ်ခေါင်းဆောင် တယောက် ကုလသမဂ္ဂမှာ လာပြီးမိန့်ခွန်းပြောမဲ့ ကိစ္စအပေါ် မြန်မာ့အရေး လေ့လာနေသူတွေကလဲ တော်တော်လေး စိတ်ဝင်စားနေကြပါတယ်။ ဒီအကြောင်းကို သတင်းယူဖို့ ဝိုင်းတော်သူ မစုမြတ်မွန်ကလဲ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ရုံးရှေ့မှာ ရောက်နေပါတယ်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် မိန့်ခွန်း ပြောမယ့် အခြေအနေကို မစုမြတ်မွန်ကို မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မိန့်ခွန်းပြောမှာက နယူးယောက်မြို့ရဲ့ စက်တင်ဘာ၂၈ နေ့မှာ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် သိရသလောက်ကတော့ ဗိုလ်ချုပ်ကြီးသိန်းစိန် ဒီနေ့မနက်ပိုင်းကပဲ နယူးယောက် မြို့ကို ရောက်ပြီဆိုတာကို အတည်ပြုနိုင်ပါတယ်။ တနင်္လာနေ့မှာ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အစီအစဉ်အတိုင်း ဆိုရင်တော့ နယူးယောက်မြို့ ဒေသစံတော်ချိန် မနက်ပိုင်း လောက်မှာ ပြောပါလိမ့်မယ်။ သူဟာ ၁၄ နှစ်အတွင်းမှာ အထွေထွေ ညီလာခံကို မိန့်ခွန်းပြောမယ့် စစ်အစိုးရရဲ့ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အရင်နှစ်တွေက အထွေထွေ ညီလာခံကို စစ်အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး အဆင့်ပဲတက်တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ဝန်ကြီးချုပ်က တက်ရောက် မိန့်ခွန်းပြောမှာဟာ တော်တော်လေး ထူးခြားနေပါတယ်။ သူဘာပြောမယ်ဆိုတာကို အတိအကျ ကြိုပြောနိုင်ဖို့ ကတော့ ခက်ပါတယ်။ ဒါပေမဲ့ ခန့်မှန်းရတာကတော့ ရှေ့နှစ် ၂၀၁၀ မှာ စစ်အစိုးရ လုပ်တော့မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုအောင် သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောလိမ့်မယ်လို့ ယူဆရပါတယ်။ ဝန်ကြီးချုပ် ကုလသမဂ္ဂ အထွေထွေညီလာခံ သွားတက်မယ့် အစီအစဉ် နဲ့ အချိန်ကိုက်ပြီးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် အကျဉ်းသား ထောင်ချီကို ပြန်လွှတ်ပေး ထားတာလဲ ရှိတော့ ဒီကိစ္စကို ထောက်ပြပြီး စစ်အစိုးရဟာ လူ့အခွင့်အရေး အခြေအနေတွေတိုးတက်ဖို့၊ ဒီမိုကရေစီစနစ်ဆီ ပြုပြင်ပြောင်းလဲဖို့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ လုပ်ပြနေပါတယ် ဆိုတာမျိုးလဲ ပြောနိုင်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki Moon မြန်မာနိုင်ငံကို ဇူလိုင်လမှာ မြန်မာနိုင်ငံ သွားတုန်းက ၂၀၁၀ ရွေးကောက်ပွဲကို အဖွဲ့အစည်း အားလုံးပါဝင် နိုင်အောင် ဒီမိုကရေစီနည်းလမ်းကျလုပ်ပါလို့ တိုက်တွန်းထားတာလဲရှိပါတယ်။ ဒါကြောင့် မြန်မာဝန်ကြီးချုပ် ဘာတွေပြောမလဲ ဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေကြမှာ မလွဲပါဘူး။ အထူးသဖြင့်တော့ မြန်မာအပေါ်ထားတဲ့ မူကို အိုဘားမားအစိုးရက အသစ်ပြောင်းဖို့ စဉ်းစားနေတဲ့ အချိန်လဲဖြစ်လို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ မူဝါဒ အပြောင်းအလဲအတွက် သက်ရောက်စေမယ့် အချက် ဘာများပါမလဲဆိုတာကိုလည်း မြန်မာ့အရေး လေ့လာသူတွေ စိတ်ဝင် စားနေကြပါတယ်။

မစုမြတ်မွန်ပြောခဲ့သလို စစ်အစိုးရက သူတို့ လုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ လုပ်တဲ့ တချိန်ထဲမှာပဲ အမေရိကန် နိုင်ငံနဲ့လည်း ပုံမှန်ဆက်ဆံရေး ပြန်ရအောင် ကြိုးစားတဲ့ အနေနဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် အမေရိကန်မှာ လုပ်တဲ့ အထွေထွေညီလာခံကို လာတက်တာလို့ ပြောနိုင်ပါလား။

ဒီလိုလဲတွက်နေကြသူတွေ ရှိပါတယ်။ အထူးသဖြင့် အမေရိကန် အစိုးရသစ်က မြန်မာစစ်အစိုးရအပေါ် ထိတွေ့ဆက်ဆံချင်တယ်တယ်ဆိုတာ ပြသလာတဲ့ အပေါ်မှာလည်း စစ်အစိုးရက လိုလားပုံရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လုံးက စစ်အစိုးရနဲ့ အမေရိကန် အစိုးရကြားမှာ ဆက်ဆံရေးက တင်းမာခဲ့တာပါ။ အခု ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အထွေထွေညီလာခံ လာတက်တဲ့ ၃ ရက် အမေရိကန်ခရီးစဉ်မှာ အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ Washington Post သတင်းစာကြီးထဲမှာတော့ အမေရိကန်အရာရှိကြီးတွေရဲ့ အပြောကို ကိုးကားပြီးဖေါ်ပြခဲ့တာက ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ အမေရိကန်အစိုရရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးရာ ဝန်ကြီး Kurt Campbell နဲ့ တွေ့ဆုံလိမ့်မယ်လို့ ရေးထားတာရှိပါတယ်။ ဒါပေမဲ့ ဒီသတင်းကတော့ ခုချိန်မှာ အတည်မပြုနိုင်သေးပါဘူး။ အမေရိကန်ဟာ စစ်အစိုးရနဲ့ သံတမန် ဆက်ဆံရေးကို တိုးမြှင့် လိုတယ်ဆိုတာပြနိုင်တဲ့ တချက်ကတော့ စစ်အစိုးရခေါင်းဆောင်တွေ အားလုံးကို အမေရိကန်ကို လာခွင့်ပိတ်ပင် ကန့်သတ်အရေးယူထားတဲ့ကြားကပဲ ထွေထွေညီလာခံ တက်ဖို့ ကြိုရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို အမေရိကန်အစိုးရက ဝါရှင်တန်မြို့တော်ဆီကိုပါ လာခွင့်ပေးခဲ့ပါတယ်။ ပုံမှန်အားဖြင့်က နယူးယောက်မြို့မှာလုပ်တဲ့ညီလာခံလာတက်တဲ့ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ နယူးယောက်မြို့နဲ့ ၂၅ မိုင် ပတ်လည်ပဲ သွားလာခွင့်ရပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ မိုင် ၂၀၀ကျော်အကွာမှာရှိတဲ့ ဝါရှင်တန်ကို အမေရိကန်အစိုးရက လာခွင့်ပေးလိုက်တာကလည်း ထူးတယ်လို့ ပြောရမှာပါ။

မစုမြတ်ရေ မြန်မာဝန်ကြီးချုပ်က ကုလသမဂ္ဂ ညီလာခံတက်ရောက်ပြီး မိန့်ခွန်းပြောမယ့် အပေါ်မှာရော နယူးယောက်မြို့မှာ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေက ဘယ်လို သဘောထားနေကြပါလဲ။
သူတို့ ဘယ်လို သဘောထားနေကြသလဲဆိုတာ သိရဖို့ စောစောကပဲ ကုလသမဂ္ဂရုံးချုပ်ရှေ့ဆန္ဒပြပွဲက သူတချို့ကို မေးကြည့်ပါတယ်။ အရင်ဆုံးတော့ ဆရာတော် ဦးစိန်တိသ မိန့်တာကို နားထောင်ကြည်ပါ။ သူကတော့ ၂၀၀၇ ရွှေဝါရောင် သံဃာလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ပြည်ပကို ထွက်လာခဲ့တဲ့ဆရာတော်ပါ။
“၂၀၁၀ရွေးကောက်ပွဲကို အများမြင်ထားတာက အတုအယောင်ပါပဲ။ ကိုယ်တိုင်လည်း ကိုယ်တိုင်လှုပ်ရှား ပါဝင်ခဲ့တယ်ဆိုတော့ အများကြီး တွေ့ခဲ့ကြုံခဲ့ပါတယ်။ ဘုန်းကြီးတော့ ဒီလို မိန့်ခွန်းပြောတဲ့ကိစ္စကို လုံး၀ သဘောမတူပါဘူး။ ကန့်ကွက်ပါတယ်။ ဖမ်းဆီးခံတွေကိုလည်း မလွှတ်သေးဘူး။ အပြစ်မရှိ အပြစ်ရှာပြီး ဖမ်းထားတာပဲ။ ဒါတွေကို ကြည့်ရင် စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ယူဆလို့ ရပါတယ်။”

နောက်တခါ ကုလသမဂ္ဂရှေ့မှာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ ဦးမောင်မောင်တိတ်ကလဲ တရားဝင်မဟုတ်တဲ့ အစိုးရကိုယ်စား မိန့်ခွန်းလာပြောမှာကို သူ လက်မခံဘူးလို့ဆိုပါတယ်။
“စစ်အစိုးရက တရားမဝင်အစိုးရဖြစ်တယ်။ စစ်အစိုးရက လုပ်ဆောင်မှုမှန်သမျှဟာ ဘာမှ တရားဝင်မှာမဟုတ်ဘူး။ ဒါကြောင့် ဝန်ကြီးချုပ် သိန်းစိန်လာတာကိုလည်း ကုလသမဂ္ဂရဲ့ အစီအစဉ်အတိုင်း ဖယ်ရှားပေးဖို့ တောင်းဆိုထားတာတွေ ရှိတယ်။”

ဝန်ကြီးချုပ် သိန်းစိန်လာတဲ့ ခရီးဟာ ကောင်းတဲ့ ခရီးစဉ်ဖြစ်တယ်လို့ မျှော်လင့်ထားသူလည်း ရှိပါတယ်။ ပန်းချီဆရာကိုစောငိုပဲ ဖြစ်ပါတယ်။

“သိန်းစိန်လာလို့ စကားပြောရင်တော့ အဆင်ပြေတဲ့ အပိုင်း သူ့ဟာသူ ပြောလိုက်မယ်။ UN ကလည်း နားထောင်သင့်သလောက် နားထောင်လိမ့်မယ်။ ဆက်လုပ်သင့်သလောက် ဆက်လုပ်လိမ့်မယ်။ အမှန်ကတော့ ရိုးရိုးပြောရင် စစ်အစိုးရကတော့ ဘယ် ထောက်ခံမလဲဗျ။ ဒါပေမဲ့ အခုလာခြင်းသည် ကောင်းသော လာခြင်း ဖြစ်ပြီးတော့ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ ပြုပြင်ပြောင်းလဲဖို့ ဒီမိုကရေစီရေးအတွက်ကို လုပ်ဖို့လာတယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။”

ဒါကတော့ မကြာခင်အချိန်အထိ ကုလသမဂ္ဂဌာနချုပ်ရုံးရှေ့ မှာ ဆန္ဒပြနေကြသူတွေရဲ့ သဘောထား အမြင်တွေပါ။ ဒီဆန္ဒပြပွဲကတော့ လွန်ခဲ့တဲ့ ၄ လထဲက စခဲ့တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ မိုင် ၉၀၀ ခရီးရှည်လမ်းလျှောက်ပြီး အစာငတ်ခံဆန္ဒပြမှု အဆုံးသတ်ပွဲပါ။ မြန်မာနိုင်ငံ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရေး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူဆောင်ရွက်ပေးပါလို့ တောင်းဆိုတဲ့အနေနဲ့ ကုလသမဂ္ဂရှေ့မှာ စက်တင်ဘာ ၁၈ ရက်နေ့ကတည်းက အစာငတ်ခံ ဆန္ဒပြခဲ့ ကြတာဖြစ်ပါတယ်။ သူတို့က မြန်မာနိုင်ငံက တရားဝင်အစိုးရ ကုလသမဂ္ဂမှာ မိန့်ခွန်းလာ ပြောနိုင်တဲ့အထိ ဆန္ဒပြသွားကြမယ်လို့ ပြောပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG