သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ရေဘေး ကြီးမားတဲ့ ကယ်ဆယ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်


နှစ်ပေါင်း ၄၀ ကျော်အတွင်းမှာ အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖိလစ်ပိုင်မြောက်ပိုင်းက ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ လုပ်ဆောင်နေကြပါပြီ။ နောက်ဆုံး တရားဝင် စာရင်းအရ လူ ၁၀၀ သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်အစိုးရ လုပ်နိုင်တာထက် ဘေးဒုက္ခက ပိုကြီးနေပါတယ်လို့ ဗွီအိုအေ သတင်းထောက် ဟေဒါ ဘေရွန် (Heda Bayron) ဟောင်ကောင်ကနေ သတင်းဆောင်းပါး ပေးပို့ထားတာကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ရေကြီးပြီး နေအိမ်တွေကို ပစ်ပြေးကြရတဲ့ ထောင်ချီတဲ့ ပြည်သူလူထုအတွက် အစိုးရဌာန အသီးသီးက နေစရာနေရာ၊ စားစရာ အစားအသောက်နဲ့ အခြေခံလိုအပ်ချက် ပစ္စည်းတွေကို ရှာဖွေနေပါတယ်။ ရုပ်မြင်သံကြား သတင်းဌာနတွေ၊ ကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေက တနိုင်ငံလုံးမှာ အလှူခံနေကြပါတယ်။ ဖိလစ်ပိုင်ဟာ အပူပိုင်းဒေသ မိုးသက်မုန်တိုင်းလွန် အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင်မြောက်ပိုင်းမှာ မိုးကြီးရွာသွန်းခဲ့ပြီး မြို့တော် မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေလွှမ်းသွားခဲ့ပါတယ်။ တက်လာတဲ့ ရေထဲမှာ အဆောက်အဦတွေနဲ့ ကားတွေ ပါသွားခဲ့ပါတယ်။ လူတွေ သေဆုံးခဲ့ကြပြီး တချို့က အခုထိ ပျောက်ဆုံးနေကြဆဲပါ။

ဘေးဒုက္ခ အတိုင်းအဆက ပိုပြီး ကြီးမားလွန်းလှပါတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အစိုးရက လုပ်နိုင်တာမှန်သမျှ လုပ်ဆောင်ကူညီနေပါတယ်လို့ ကာကွယ်ရေးဝန်ကြီး ဂေးလ်ဘတ် တီယိုဒိုရို (Gilbert Teodoro) က ပြောပါတယ်။

“ကိုယ့်အိမ်တွေထဲမှာပဲ ရှိနေကြပြီး အိမ်က မခွာချင်ကြသူတွေအတွက် အခြေခံ လိုအပ်တဲ့ ပစ္စည်းတွေကို မြန်နိုင်သမျှ အမြန်ဆုံး ကျနော်တို့ ပို့ပေးပါမယ်။”

နိုင်ငံတကာ အကူအညီပေးဖို့ အစိုးရက တရားဝင် တောင်းခံဖို့ လိုပါသေးတယ်။ တိုင်းပြည်ထဲမှာ ရှိနေတဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေ အပေါ်မှာပဲ ခုထိ အားထားနေဆဲပါ။

ဗေးလ်မား ကာဘရီယာ (Vilma Cabrera) ဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် တာဝန်ရှိတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန လက်ထောက်ဝန်ကြီး ဖြစ်ပါတယ်။

“အခု ကျမတို့ ဖျာတွေ၊ စောင်တွေ၊ ခြင်ထောင်တွေ၊ ပန်းကန်ခွက်ယောက် အိုးခွက်တွေ လိုအပ်ပါတယ်။ တကိုယ်ရေ သန့်ရှင်းရေးလုပ်ဖို့ ပစ္စည်းထုပ်တွေ၊ လက်နှိပ်ဓာတ်မီးတွေနဲ့ မီးထွန်းစရာ ဓာတ်မီးတွေ လိုနေပါတယ်။”

ရေလွှမ်းပြီး ၂ ရက်ကြာခဲ့ပေမဲ့ ရာဘာလှေတွေနဲ့ ရဟတ်ယာဉ်တွေ မရှိတဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေက နှေးကွေးနေပါတယ်။ ကြိုတင်သတိပေးတာ မရှိခဲ့ဘဲ အရေးပေါ် အရေးယူ ဆောင်ရွက်ပုံတွေက နှေးကွေးနေတာ ဘာကြောင့်လဲဆိုတဲ့ အဖြေကို ရေဘေးဒုက္ခသည်တွေက သိချင်နေကြပါတယ်။ အကူအညီ ရောက်မလာမီ အိမ်ခေါင်မိုးတွေအပေါ်မှာ နာရီပေါင်းများစွာ သူတို့ နေနေခဲ့ကြရပါတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

သဘာဝဘေးက ဖိလစ်ပိုင်နိုင်ငံအတွက် အရေးကြီးတဲ့အချိန်မှာ ဖြစ်လာခဲ့တာပါ။ တနိုင်ငံလုံး ရွေးကောက်ပွဲတွေလုပ်ဖို့က တနှစ် မကြာတော့ပါဘူး။ အာဏာရ ညွန့်ပေါင်းအဖွဲ့ရဲ့ သမ္မတလောင်းအဖြစ် ကာကွယ်ရေးဝန်ကြီးကို အဆိုတင်ထားကြပါတယ်။

တနင်္လာနေ့ ရောက်တဲ့အခါမှာတော့ တချို့နေရာတွေမှာ ရေကျသွားခဲ့ပါပြီ။ ဒါပေမဲ့ ထောင်ချီတဲ့ အိမ်တွေမှာ မီးပြတ်နေကြဆဲပါ။ ရေကြောင့်ဖြစ်မယ့် ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး လူတွေကို သတိပေးထားပါတယ်။ အင်္ဂါနေ့အထိ ကျောင်းတွေကို ပိတ်ထားမှာဖြစ်သလို ရုံးတွေကိုလည်း ပိတ်ထားကြပါတယ်။

နှစ်တိုင်း ဖိလစ်ပိုင်မှာ မုန်တိုင်းတွေ ကျတတ်ပါတယ်။ အပူပိုင်းဒေသ မုန်တိုင်း ကက်တ်ဆာနာ (Ketsana) ဟာ အပြင်းထန်ဆုံး မုန်တိုင်းတွေထဲမှာတော့ မပါဝင်ပါဘူး။ ဒါပေမဲ့ မိုးက တော်တော်ကြီးခဲ့ပါတယ်။ တလလောက်ရွာတဲ့ မိုးရေချိန်က မနီလာမြို့တော်မှာ စနေနေ့က ၁၂ နာရီအတွင်း ရွာချသွားခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG