သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြားစေ့ငွေ ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


ပထမဦးဆုံး တင်ပြပေးမဲ့ အီဒီယံအသုံးကတော့ penny wise and pound foolish ဖြစ်ပါတယ်။ Penny ဗြိတိသျှသုံး အနည်းဆုံးငွေ ပြားစေ့၊ wise က ဉာဏ် အမျှော်အမြင် ရှိခြင်း၊ pound က အင်္ဂလိပ် စတာလင် ပေါင်ငွေ၊ foolish က ဉာဏ်မရှိ မိုက်မဲခြင်း တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်ကတော့ 'ပြားစေ့သုံးတဲ့ နေရာမှာတော့ စေ့စပ်တယ်၊ ပို တန်ဖိုးကြီးတဲ့ ပေါင်ငွေကို သုံးတဲ့အခါမှာတော့ အမျှော်အမြင် နည်းတယ်' ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်က ပြားစေ့လို မဆိုလောက် တပြား နှစ်ပြားမှာတော့ ကပ်စီးနည်းနေပြီး တန်ဖိုးများတဲ့ နေရာမှာကျတော့ ချင့်ချင့်ချိန်ချိန် မရှိဘဲ အသုံးများတယ် ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်တဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"My friend is a penny wise and pound foolish. She economizes on small things, but wastes all of her money on big things."

"ကျနော် သူငယ်ချင်းက အသေးအဖွဲ ဆိုရင် တွက်ချက် သုံးပြီး အကုန်အကျ များတဲ့ အရာတွေအတွက်တော့ အသုံးကြမ်းတယ်။ မဆိုသလောက် ပစ္စည်းတွေဆိုရင် ချွေးတာ သုံးတတ်ပြီး ဈေးကြီးကြီးတွေကိုတော့ သူမက ရှိတဲ့ငွေတွေကို အကုန်ဖြုန်းတော့တယ်။"

Penny နဲ့ ပတ်သက်ပြီး နောက်ထပ်တင်ပြပေးမဲ့ အီဒီယံမှာ pinch pennies ဖြစ်ပါတယ်။ Pinch က ဝါကျအသုံးပေါ် မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ကွဲပြားပါတယ်။ ဆိတ်ဆွဲ၊ လိမ်ဆွဲခြင်း တို့ဖြစ်ပြီး ဒီနေရာမှာတော့ စေ့စေ့စပ်စပ်ရှိခြင်း ဖြစ်ပါတယ်၊ pennies ကတော့ ပြားစေ့များ ဖြစ်ပါတယ်။ Pinch pennies ရဲ့ တိုက်ရိုက် အဓိပ္ပါယ်ကတော့ 'ပြားစေ့တွေနဲ့တော့ ပတ်သက်ရင်တော့ စေ့စေ့စပ်စပ် ရှိခြင်း' ကို ဆိုလိုပါတယ်။ လူတဦးက ငွေနဲ့ ပတ်သက်လာရင် ပြားစေ့တွေ သုံးရာမှာ စေ့စေ့စပ်စပ် သုံးစွဲတက်ရင် ဒီလူကို တပြားနှစ်ပြား ပြားစေ့တောင် သိတတ်တဲ့ ကပ်စေးနည်း ကော်တရာလို့ ပြောဆိုနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"My grandmother always pinches pennies and never spends her money foolishly."

"ကျွန်တော့် အဖွားကတော့ ငွေကို တပြား နှစ်ပြားက အစ သိပ်သိတတ်၊ စေ့စပ်ပါတယ်။ ဘယ်တော့မှ ငွေကို အကျိုုးမရှိပဲ သုံးစွဲခြင်းမရှိပါဘူး။"

နောက်ဆုံးတင်ပြပေးမဲ့ အီဒီယံအသုံးကတော့ a penny saved is a penny earned ဖြစ်ပါတယ်။ ဒီနေရာမှာ saved က မသုံးမစွဲ စုဆောင်းထားခြင်းကို ဆိုလိုပြီး earned ကတော့ ရှာဖွေရရှိတဲ့ ဝင်ငွေ ချွေးနဲစာ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်ကတော့ 'တပြားစုမိရင် တပြားရှာလို့ ရခြင်းလို့' ဆိုနိုင်ပါတယ်။ အီဒီယံ အသုံးကတော့ 'မသုံးဘဲ ငွေစုနိုင်ရင် စုလို့ ရတဲ့ငွေဟာ တပင်တပန်း နေ့စဉ် ရှာဖွေ ရရှိတဲ့ ငွေနဲ့ အတူတူ ဖြစ်ပါတယ်'။

တနည်းဆိုရင် တပတ်မှာ ခြောက်ရက် အလုပ်လုပ်ပြီး ခြောက်ရက် ရတဲ့ဝင်ငွေကို သုံးဖြုန်းပစ်မဲ့ အစား တပတ် ငါးရက် အလုပ်လုပ် တရက်စာကို စုနိုင်ရင် ခြောက်ရက် လုပ်ခရငွေနဲ့ အတူတူဖြစ်ပါတယ်။ နောက်ပြီး ပင်စင်သွားဖို့ အသက် ရှစ်ဆယ် အထိ အလုပ်လုပ်ပြီး ရသမျှငွေကို သုံးဖြုန်းပြစ်မယ့် အစား စုစုဆောင်းဆောင်း လုပ်နိုင်ရင် အသက် ခြောက်ဆယ်လောက်နဲ့ အိုစာနာစာ ပြည့်စုံဖူလုံပြီး အနားယူနိုင်တဲ့ သဘောဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
"A penny saved is a penny earned and it is better to be thrifty sometimes than to only work more hours."

"စုလို့ ရတဲ့ ငွေဟာ ကိုယ့်ရဲ့ ဝင်ငွေပါ။ ဒါကြောင့်မို့ တခါတလေ စေ့စေ့စပ်စပ် သုံးစွဲတာဟာ အလုပ်ချိန်တွေ ပိုလုပ်တာထက် ပိုပြီး အကျိုးရှိတဲ့ သဘောဖြစ်ပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG