သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့ မစ္စတာဘန်ကီမွန်း မြန်မာဝန်ကြီးချုပ်ကို တိုက်တွန်း


မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်လာတဲ့ မြန်မာဝန်ကြီးချုပ်ကို အတွင်းရေးမှူးချုပ်က ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေအနေတွေ တိုးတက်စေဖို့ နိုင်ငံတကာ အသိုင်းအဝန်းက မျှော်လင့်ထားတဲ့အတိုင်း စစ်အစိုးရဘက်က ဆောင်ရွက်သွားတာကို မြင်တွေ့လိုတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို တိုက်တွန်းလိုက်တာပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့က မိန့်ခွန်းပြောဖို့ ရှိနေတဲ့အချိန် စစ်အစိုးရ ဝန်ကြီးချုပ်နဲ့ မနေ့မနက်ပိုင်းက နာရီဝက်လောက်ကြာ တွေ့ဆုံမှုအတွင်း ဒီလို တိုက်တွန်းမှုတွေ လုပ်ခဲ့တာလို့ အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကတော့ အထွေထွေညီလာခံမှာ ပြောဆိုတဲ့ သူ့ရဲ့ မိန့်ခွန်းအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် ဆောင်ရွက်နေသလို၊ ရှေ့နှစ်ထဲမှာဆိုရင်လည်း ရွေးကောက်ပွဲတွေ ကျင်းပပြီး ဒီမိုကရေစီနိုင်ငံဖြစ်အောင် ထူထောင်နေတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လို့ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာတုန်းကပဲ ၂ ရက်ကြာ မြန်မာနိုင်ငံကို ရောက်သွားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ နိုင်ငံရေး အခြေအနေတွေ တိုးတက်မှုရှိစေဖို့ တိုက်တွန်းထားတဲ့အတိုင်း ဆက်လက် ဆောင်ရွက်သွားဖို့ လိုတဲ့အကြောင်း ထပ်ပြီး သတိပေးခဲ့တာလို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ တဦးဖြစ်တဲ့ ချေ ဆုန်အား (Choi Song-ah) က ဗွီအိုအေကို ပြောပါတယ်။

“တွေ့ဆုံမှုအတွင်းမှာ သူ မြန်မာနိုင်ငံကို သွားတုန်းက မြန်မာထိပ်တန်း ခေါင်းဆောင်တွေကို တိုက်တွန်းထားခဲ့တာတွေကို အချိန်အခါနဲ့အညီ တုံ့ပြန်သွားမယ်လို့ သူ့အနေနဲ့ ခပ်ရှင်းရှင်း မျှော်လင့်ထားကြောင်း အတွင်းရေးမှူးချုပ်က ထပ်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။”

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကတော့ ကုလသမဂ္ဂမှာပြောတဲ့ မိန့်ခွန်းထဲမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအဖြစ် လာမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်နိုင်ဖို့ ခြေလှမ်းတလှမ်း အနေနဲ့ စနစ်တကျ လုပ်ဆောင်နေတဲ့ နေရာမှာ မကြာသေးခင်က အကျဉ်းသား ၇,၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့တာ ရှိတဲ့အကြောင်း ရည်ညွှန်း ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း ဒီလို ပြန်လွှတ်ပေးတယ်ဆိုတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားက ၁၀၀ ကျော်သာ ပါဝင်ခဲ့တာမို့ ဒါဟာ လုံလောက်မှု မရှိတဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ်က အစောပိုင်းမှာ ပြောထားတာပါ။ အခုလည်းပဲ စစ်အစိုးရက သူတို့ပြောနေသလို ဒီမိုကရေစီဆန်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် ဖမ်းဆီးခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ဟာ မရှိမဖြစ် လုပ်ရမယ့် တာဝန်တခုလို ဆိုခဲ့တာပါ။

“အထူးသဖြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတာတွေလို၊ သက်ဆိုင်သူတွေနဲ့ ဆွေးနွေး ပြောဆိုတာမျိုးတွေလို၊ အစိုးရအနေနဲ့ ရွေးကောက်ပွဲဟာ အများလက်ခံနိုင်ပြီး၊ ယုံကြည်ကိုးစားလောက်ပြီး အားလုံး ပါဝင်နိုင်မယ့် မရှိမဖြစ် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးရမယ့် တာဝန်ရှိပါတယ်။”

အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ တဦးဖြစ်တဲ့ ချေ ဆုန်အား ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေ၊ လူသားချင်း စာနာထောက်ထားမှု ကိစ္စတွေနဲ့၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေက စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ်ရုံးက လက်ရှိ မြန်မာအစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်နေတာတွေကို ဆက်လက် ဆောင်ရွက်လိုကြောင်းလည်း ပြောခဲ့တာပါ။ ဒါကိုလည်း ပြီးခဲ့တဲ့တပတ်ထဲ နိုင်ငံခြားရေးဝန်ကြီး အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေပါ ပါဝင်တက်ရောက်ခဲ့တဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ ဆွေးနွေးမှုတွေမှာ တညီတညွတ်တည်း လက်ခံထားကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG