မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒအသစ်ကို တနင်္လာနေ့က ထုတ်ဖော်ပြောဆိုရာမှာတော့ မြန်မာစစ်အစိုးရနဲ့ အမေရိကန်က တိုက်ရိုက်ဆက်ဆံသွားမယ့် နည်းလမ်းကို ရှာဖွေသွားမယ့်အကြောင်းနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရေးနဲ့ ပတ်သက်လို့တော့ အဓိကကျတဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို မြန်မာစစ်အစိုးရက အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသ၍ စဉ်းစားပေးနိုင်မယ့် အခြေအနေ မရှိကြောင်း အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက မနေ့က သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ် ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
၁၉၈၈ ခု ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့ရာကအစ နောက်ပိုင်း သက္ကရာဇ် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးအပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေရော၊ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကရော အလုပ်မဖြစ်သလို မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေရဲ့ မြန်မာစစ်အစိုးရကို နားချဆက်ဆံတဲ့ ပေါ်လစီကလည်း အရာမရောက်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီကို Smart Power ဆိုတဲ့ ဖိအားပေးတာနဲ့ တချိန်တည်းမှာပဲ ဆွဲဆောင် နားချတာတို့ကို အခြေခံပြီး အတွေးအခေါ်သစ်တွေကို စဉ်းစားကာ သမ္မတ အိုဘားမား အစိုးရအနေနဲ့ လွန်ခဲ့တဲ့ ၇ လတာ ကာလအတွင်း လွှတ်တော် ၂ ရပ်စလုံးရော၊ နိုင်ငံတကာ လူ့အဖွဲ့အစည်းရော၊ မြန်မာနိုင်ငံတွင်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးမှာ အဓိကကျသူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီသစ်ကို သုံးသပ်ခဲ့တာ ဖြစ်တယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က သတင်းစာရှင်းလင်းပွဲမှာ တနင်္လာနေ့က ပြောခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်ပိုင်းကလည်း အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရင်းနှီးလိုတဲ့ ဆန္ဒကို ပြသခဲ့တာ ဖြစ်တဲ့အတွက် အမေရိကန်က အဲဒီသဘောထားကို ဆက်လက် ပိုမိုသိရှိလာဖို့ ဆည်းပူးလိုစိတ် ရှိခဲ့တဲ့အပြင် မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးဟာလည်း အချေအတင် ဆွေးနွေးစရာ ကိစ္စရပ် ဖြစ်လာခဲ့ပါတယ်လို့ သူက ပြောခဲ့ပါတယ်။ အခုလို ပေါ်လစီကို ပြန်လည်သုံးသပ်ရာမှာ ဦးတည်ချက်တွေကတော့ မပြောင်းလဲဘဲ ကျင့်သုံးတဲ့ နည်းတွေကသာ ပြောင်းလဲတာ ဖြစ်ပါတယ်လို့ မစ္စတာကမ်းဘဲလ်က ပြောပါတယ်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ အခြေခံ ဦးတည်ချက်တွေကို ကျနော်တို့ ထပ်လောင်း အတည်ပြုထားပါတယ်။ စည်းလုံးငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနည်းကျ မြန်မာနိုင်ငံဟာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးတွေ လေးစားလိုက်နာတာကို ကျနော်တို့ ထောက်ခံပါတယ်။ ဒီအခြေအနေ ရောက်စေဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့၊ တိုင်းရင်းသား လူနည်းစုတွေအပေါ် ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့၊ ပြည်တွင်းမှာ ယုံကြည်ကိုးစားလောက်တဲ့ နိုင်ငံရေး အချေအတင် ဆွေးနွေးမှုတွေကို အတိုက်အခံ ဒီမိုကရေစီအင်အားစုအပြင် တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်တွေနဲ့ စတင်ပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်ဖို့လည်း ဖြစ်ပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အထီးကျန်နိုင်ငံအဖြစ် ဝိုင်းကြဉ်ထားခြင်း ခံရတဲ့ အနေအထားဟာလည်း နိုင်ငံအတွက်အပြင် ဒေသန္တရအတွက်လည်း အကျိုးမရှိတဲ့အတွက် အတွေးအခေါ်သစ်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းကို ပါဝင်လာစေဖို့ အမေရိကန်က မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံသွားမယ်လို့လည်း မစ္စတာကမ်းဘဲလ်က ပြောခဲ့ပါတယ်။
“ဆက်ဆံ ပြောဆို ဆွေးနွေးမှုတွေ လုပ်သွားမယ် ဆိုတဲ့နေရာမှာ ကျနော်တို့က မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက်အချေအတင် ဆွေးနွေးမှာကို စတင်နိုင်ဖို့ ဆက်ဆံရေး ပိုပြီးကောင်းမွန်စေမယ့် လမ်းကြောင်း ချမှတ်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ အချေအတင် ဆွေးနွေးမှုမှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြောင်းအလဲ အသေးစိတ် ဆွေးနွေးမှာ ဖြစ်သလို နျူကလီးယား မပြန့်ပွားရေး ကိစ္စတွေနဲ့ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ၁၈၇၄ နဲ့ ၁၇၁၈ တို့နဲ့အညီ လိုက်နာရေးအပြင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေဖြစ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ရစ်ခဲ့တဲ့ အမေရိကန် စစ်သားတွေရဲ့ ရုပ်ကြွင်းတွေ ပြန်လည်ရရှိရေးတွေလည်း ပါဝင်ပါတယ်။”
မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်ရာမှာ အဓိက မေးခွန်းထုတ်စရာကတော့ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရေး၊ မပေးရေးဘဲ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့တော့ ကာ့တ် ကမ်းဘဲလ်က ခိုင်မာတဲ့ တိုးတက်မှုတွေ မရရှိဘဲနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ စဉ်းစားနိုင်မှာ မဟုတ်ဘူးလို့ အခုလိုပြောပါတယ်။
“ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်လို့တော့ ပြုပြင်ပြောင်းလဲမှုတွေမှာ ခိုင်မာတဲ့ တိုးတက်မှုတွေ မတွေ့ရမခြင်း ကျနော်တို့ တည်ဆဲ ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုတော့ ဆက်လက် ချမှတ်သွားမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းပေးရင် မှားယွင်းတဲ့ အရိပ်လက္ခဏာ ပြတာမျိုး ဖြစ်သွားပါလိမ့်မယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်း ဖြစ်နေမှုတွေအပေါ် မြန်မာစစ်အစိုးရက အရေးယူ ဆောင်ရွက်ပေးမှသာ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးရေးတွေကို ကျနော်တို့ ဆွေးနွေးပေးနိုင်မယ်လို့ မြန်မာဘက်ကိုပြောဖို့ ရှိပါတယ်။”
ဒါ့အပြင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများအနက် တနိုင်ငံဖြစ်ပြီး မေလက နာဂစ်မုန်တိုင်းဒဏ်ကြောင့် အခြေအနေ ပိုဆိုးလာတဲ့ မြန်မာနိုင်ငံအတွက်တော့ လူသားချင်းစာနာမှု အထောက်အကူပေးရေးနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက တိုးပြီး လုပ်ဆောင်သွားမယ်လို့ မစ္စတာကမ်းဘဲလ်က ပြောပါတယ်။
“လူသားချင်းစာနာမှု အထောက်အကူပေးရေးနဲ့ ပတ်သက်လို့ မြန်မာလူထုအပေါ် ကျနော်တို့ ပေးထားတဲ့ ကတိအတိုင်း လူသားချင်း စာနာမှု အထောက်အကူတွေ တိုးပေးဖို့ ရှိပါတယ်။ ဒီနေရာမှာ လိုအပ်တဲ့ ပြည်သူတွေထံကို အထောက်အကူ ရောက်စေဖို့ကိုလည်း ကျနော်တို့ အပြည့်အ၀ စိတ်ချနိုင်ဖို့ လိုပါတယ်။ နာဂစ်မုန်တိုင်း ကာလတုန်းက ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုတွေအတွက် အမေရိကန်က ဒေါ်လာ ၇၅ သန်းနီးပါး ပေးအပ်ခဲ့တုန်းကလည်း မြန်မာလူထုထံကို တိုက်ရိုက် ထိထိရောက်ရောက် ပေးပို့နိုင်ခဲ့ပါတယ်။”
ဒါ့အပြင် လာမယ့် သက္ကရာဇ် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အမေရိကန်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေးအတွက် ဖိအားပေးသွားမှာ ဖြစ်တယ်လို့လည်း မစ္စတာကမ်းဘဲလ်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လာမယ့် သက္ကရာဇ် ၂၀၁၀ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ရွေးကောက်ပွဲ အခြေအနေတွေကို အကဲခတ်နိုင်တဲ့အထိ ချင့်ချိန်နိုင်မဲ့နည်းလမ်းကို သုံးသွားမှာ ဖြစ်ပါတယ်။ အတိုက်အခံနဲ့ တိုင်းရင်းသားအုပ်စု အားလုံး ပါဝင်ခွင့်ရမရ ဆိုတာတွေလည်း ပါဝင်ပါတယ်။ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိပါ့မလားဆိုတဲ့ အပေါ်တော့ ကျနော်တို့ သံသယ ရှိနေမှာပါ။ တချိန်တည်းမှာပဲ နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲ ဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ အခြေအနေတွေကိုလည်း ကျနော်တို့က မြန်မာစစ်အစိုးရကို အလေးအနက် အသိပေးသွားမှာ ဖြစ်ပါတယ်။”
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာရေးအတွက် EU အပါအဝင် သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ ကုလသမဂ္ဂတို့နဲ့ ပိုမို ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်သွားမှာ ဖြစ်တဲ့အပြင် အာဆီယံ၊ တရုတ်၊ အိန္ဒိယတို့နဲ့လည်း မြန်မာစစ်ခေါင်းဆောင်ပိုင်းကို ပြုပြင်ပြောင်းလဲရေးအတွက် ဝိုင်းဖိအားပေးဖို့နဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာ တာဝန်သိသိ ပါဝင်နိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုက အဲဒီနိုင်ငံတွေနဲ့ ထဲထဲဝင်ဝင် ဆက်ဆံသွားမှာ ဖြစ်တယ်လို့လည်း မစ္စတာကမ်းဘဲလ်က ပြောသွားပါတယ်။
အမေရိကန်က ထားရှိတဲ့ ပေါ်လစီသစ်ရဲ့ ရပ်တည်ချက်တွေဟာ အချိန်ယူပြီး ဖော်ဆောင်ရမှာ ခက်ခဲပေမဲ့လည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ ရေရှည်အကျိုးအတွက် ရပ်တည်သွားမှာ ဖြစ်တယ်လို့လည်း မစ္စတာကမ်းဘဲလ်က ပြောပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ ဒီဦးတည်ချက်တွေနဲ့ ပတ်သက်လို့ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေ ရရှိမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးမှာ တဆင့်ပြီးတဆင့် ခြေလှမ်းယူပြီး တိုးတက်မှု ရှိလာမှာပါ။ ဒီဖော်ဆောင်မှုဟာ ခက်ခဲပြီး အချိန်ယူရမှာ ဖြစ်ပေမဲ့ ဒီအရေးကိစ္စမှာ အမေရိကန် ပြည်ထောင်စုက ရေရှည် ရပ်တည်ဖို့လည်း အဆင်သင့် ရှိနေပါတယ်။”
မြန်မာနိုင်ငံအပေါ် ချမှတ်တဲ့ အမေရိကန်ရဲ့ ပေါ်လစီနဲ့ ပတ်သက်လို့ လာမယ့် ဗုဒ္ဓဟူးနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ နိုင်ငံခြားဆက်ဆံရေး ကော်မတီ ရှေ့မှောက်မှာ ကြားနာစစ်ဆေးပွဲတရပ် ကျင်းပဖို့ ရှိပါတယ်။ အဲဒီကော်မတီရဲ့ ဥက္ကဋ္ဌကတော့ မြန်မာနိုင်ငံကို မကြာသေးမီက သွားရောက်ခဲ့တဲ့ ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ် ဝက်ဘ်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တက်ရောက်ခဲ့တဲ့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့လည်း နယူးယောက်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီး အိုဘားမား အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီသစ်နဲ့ မြန်မာအစိုးရ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲများဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်မဲ့ လက္ခဏာရပ်တွေ ဖြစ်တယ်လို့လည်း သူ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။