အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် ဂီနီနိုင်ငံမှာ အနည်းဆုံး လူ ၁၅၇ ယောက် သေဆုံး သွားခဲ့တယ်လို့ ဒေသခံ လူ့အခွင့်အရေး အုပ်စုတစုက ပြောပါတယ်။ လူပေါင်း ၁,၂၀၀ ကျော် ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။
Conakry အားကစားကွင်းထဲက လူအုပ်ကို တနင်္လာနေ့က ပစ်ခတ်ခဲ့တဲ့အတွက် ဒဏ်ရာရရာက သေဆုံးသွားကြသူတွေ တိုးလာနေပါတယ်လို့ လူ့အခွင့်အရေး ခုခံကာကွယ်ရေး ဂီနီအဖွဲ့က ဆိုပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေက လေထဲကို သေနတ်နဲ့ အရင်ပစ်ခဲ့ပြီးတဲ့နောက် လူ ၅၀,၀၀၀ လောက်ရှိတဲ့ လူအုပ်ထဲကို ပစ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေက စွပ်စွဲ ကြပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ကိုးကားခဲ့တဲ့ သက်သေတွေထဲမှာ ဆေးဝန်ထမ်းတွေ ပါဝင်ခဲ့ပြီး သူတို့က သွေးစွန်းတဲ့ အစုလိုက် အပြုံလိုက်သတ်မှုလို့ ပြောဆိုခဲ့ကြပါတယ်။ ကန့်ကွက်ဆန္ဒပြသူတွေကို အကြိမ်များစွာ ပစ်ခတ်ခဲ့ရုံတင်မက ဓားတွေ၊ လှံစွပ်တွေနဲ့ ထိုးခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အမျိုးသမီးတွေကို ရိုက်နှက် ဗလက္ကာရ ပြုခဲ့တယ်လို့ သူတို့က ဆိုကြပါတယ်။
ဆန္ဒပြပွဲမှာ တချို့စစ်သားတွေက ထိန်းလို့မရ ဖြစ်ခဲ့တယ်လို့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ကြီး မူဆာ ဒါဒိစ် ကာမာရာ (Moussa Dadis Camara) က ပြင်သစ်ရေဒီယိုကို ၀န်ခံစကား ပြောသွားခဲ့ပါတယ်။
ဒီပစ်ခတ်မှုကြောင့် တကမ္ဘာလုံးက ၀ိုင်းဝန်းရှုတ်ချနေကြပါတယ်။