သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုလွှတ်ရေး အာဆီယံ ပန်ကြားမယ့် အစီအစဉ် ဖျက်သိမ်း


အာဆီယံ အရှေ့တောင်အာရှ အသင်းကြီးက သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မြန်မာ စစ်အစိုးရထံကို မေတ္တာရပ်ခံစာ ပေးပို့မယ်ဆိုပြီး အစီအစဉ် ရှိခဲ့ပေမဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒကို ပြန်လည်သုံးသပ်နေတာကို အကြောင်းပြုပြီး အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါ တယ်။

အခုလို ဖျက်သိမ်းလိုက်တာကို ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကို ရောက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဒေသတွင်း လူ့အခွင့်အရေး အခြေအနေကို တိုးတက်အောင် လုပ်ဆောင်မယ်ဆိုတဲ့ အာဆီယံအသင်းကြီးရဲ့ ကြိုးပမ်းချက်ကို နောက်ပြန်ဆွဲစေတဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီရေး အားပေးတဲ့ အာဆီယံ လွှတ်တော်အမတ်တချို့က ရှုမြင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးက တင်ပြပေးထား ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာစစ်အစိုးရအပေါ် အာဆီယံ အနေနဲ့ မေတ္တာရပ်ခံမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီလို့ ပြောဆိုတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံအပေါ် ပိုပြီး ပြင်းထန်တဲ့ ရပ်တည်ချက်တွေ ချဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က အာဆီယံနိုင်ငံတွေကို တိုက်တွန်းခဲ့တာမျိုးလည်း မရှိဘူးလို့ ပြောဆိုပါတယ်။

AIPMC မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင် ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးရေး စဉ်းစားလာတာနဲ့ မြန်မာနိုင်ငံအတွင်း မတရား ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကို အာဆီယံက မတောင်းဆိုဘူး ဆိုတာ သိပ်ကိုမှားယွင်းတယ်လို့ သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ထိုင်းနိုင်ငံခြားရေးဝန်ကြီး အနေနဲ့ရော အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံ၊ နောက် အာဆီယံ တခုလုံးအနေနဲ့ ဒီကိစ္စက ရေတိုကိုပဲကြည့်တဲ့ ချဉ်းကပ်မှုတခုလို့ ကျနော်တို့က မြင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေအတွင်း ဘယ်လို ညီညီညွတ်ညွတ် လုပ်ကိုင် ချဉ်းကပ်မလဲဆိုတာ မရှိဘူးဆိုတာကို ပြသနေတယ်” လို့ လည်း AIPMC အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်က ပြောသွားတာပါ။

အာဆီယံဟာ နိုင်ငံတကာက မြန်မာ့အရေးကို အာရုံစိုက်ပြီး အလေးပေး ပြောလာတဲ့ အချိန်အခါမျိုး၊ အစည်းအဝေးတွေ အခမ်းအနားတွေမှာသာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုတာမျိုးတွေ ရှိနေတာက စိုးရိမ်စရာတခုလို့ သူက မြင်ပါတယ်။

“နိုင်ငံတကာက ဖိအားပေးတဲ့အခါတွေမှာ အာဆီယံက သူတို့ကလည်း လိုက်ပြီးရွေ့တယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူတို့လည်း လုပ်နေပါတယ်ဆိုတာမျိုး ပြောဆိုချင်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့က သူတို့ပြောတဲ့ စကားတွေကို ပြန်ရုပ်သိမ်းပြီးတော့ နောက်ဆုတ်သွားတာပါပဲ။ ဒါမျိုးကို ကစားကွက်တခုအဖြစ် သုံးနေတာ စိုးရိမ်စရာပါပဲ။” လို့ AIPMC အဖွဲ့ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင် ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဆက်လက်ဖမ်းဆီးထားတာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်တယ်ဆိုတဲ့ အမြင်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အကြား လက်ခံထားမယ်ဆိုရင် နိုင်ငံတကာအလယ်မှာ သိက္ခာရှိရှိ ရပ်တည်နိုင်အောင် အားယူနေတဲ့ အာဆီယံရဲ့ ခြေလှမ်း တွေကို နောက်ပြန်ဆွဲသလို ဖြစ်သွားလိမ့်မယ်လို့ ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ NCGUB ပြည်ပရောက် အစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင် ဝန်ကြီးတဦး ဖြစ်တဲ့ ဦးခွန်မြင့်ထွန်းက အခုလိုမြင်ပါတယ်။

“အပြစ်မရှိတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် ထောင်ချခံရခြင်းဟာ အာဆီယံရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်ခြင်းခံရတာ ဖြစ်ပါတယ်။ ထို့နည်းတူ အာဆီယံရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါတယ်။ အာဆီယံရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းတခုလုံး ချိုးဖောက်ခံရတဲ့အပေါ်မှာ ရပ်တည်ပြီးတော့၊ အာဆီယံရဲ့ ဂုဏ်သိက္ခာ အပေါ်မှာ ရပ်တည်ပြီးတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို ဆက်ပြီးလုပ်ရမှာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံ တွေအနေနဲ့က နအဖနဲ့ အဆင်ပြေအောင် ဆက်ဆံရင်းနဲ့ ဗမာပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆုတ်ယုတ်စေတယ် ဆိုတာ ကို အာဆီယံအနေနဲ့ သတိထားပေးဖို့လည်း လိုအပ်ပါတယ်။”

ဦးခွန်မြင့်ထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

AIPMC ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ရိုးရှန်း ဂျေဆင်ကတော့ အာဆီယံအဖွဲ့ကြီးကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ထောက်ပြနေတာက ဒေါ်အောင်ဆန်းစုကြည်က ဥပမာတခုသာ ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုဒေသတွေ၊ မကြာသေးခင်က ကိုးကန့်ဒေသနဲ့ ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို တခြား လူ့အခွင့်အရေး အခြေအနေတွေကိုလည်း အာဆီယံအနေနဲ့ ကြည့်ဖို့လိုမယ့်အကြောင်း ဝေဖန်ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG