သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူနာမီဒဏ်ကြောင့် တောင်ပစိဖိတ်ကျွန်းစုမှာ လူ ၁၄ ဦးထက်မနည်း သေဆုံး


ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းက အမေရိကန် ဆာမိုအာကျွန်းစု ကမ်းလွန်ဒေသမှာ ပြင်းအား ၈.၀ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် အမြင့် ၅ ပေကျော်ရှိတဲ့ ဆူနာမီရေလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၄ ဦး သေဆုံးခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက ငလျင်လှုပ်ပြီး ခဏအကြာမှာ အမေရိကန် ဆာမိုအာကျွန်းရဲ့ မြို့တော် ပါဂို ပါဂို (Pago Pago) မှာ ဆူနာမီရေလှိုင်း ရိုက်ခတ်တာတွေ ဖြစ်ခဲ့ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူး ဖြစ်နေပါတယ်။ အမေရိကန် ဆာမိုအာမှာ သေဆုံးသူအချို့ရှိပြီး တိုက်တွေနဲ့ မော်တော်ကားတွေ ပျက်စီးတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူအတော်များများက အမြင့်ပိုင်းနေရာတွေကို ရွှေ့သွားခဲ့တဲ့အတွက် ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးတာတွေ ဘယ်လောက်ရှိတယ် ဆိုတာကို သိရဖို့အတွက် အခက်အခဲ ဖြစ်စေခဲ့ပါတယ်။ အနောက် ဆာမိုအာကျွန်းမှာလည်း အလားတူ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပစိဖိတ် ဆူနာမီ သတိပေးရေးဌာနက အမေရိကန် ဆာမိုအာကနေ နယူးဇီးလန်နိုင်ငံအထိ တောင်ပိုင်း ပစိဖိတ်ဒေသ တခုလုံးမှာ ဆူနာမီရေလှိုင်းတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပေမဲ့ အခုတော့ ဒီသတိပေးချက်တွေကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ငလျင်ဟာ စက္ကန့် ၉၀ ကနေ ၃ မိနစ်လောက်အထိ လှုပ်ခတ်ခဲ့တယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။

တောင်ပစိဖိတ်ဒေသ တွန်ဂါ (Tonga) အရှေ့ဘက် မိုင် ၁၀၀ ကျော်အကွာ သမုဒ္ဒရာအောက် ၁၀ မိုင်အနက်မှာ ငလျင်ဟာ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ စူးစမ်းလေ့လာရေးအဖွဲ့ USGS က သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG