သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲမှုးကြီးဝင်းနိုင်အဖမ်းခံရသတင်း မမှန်ဟု ငြင်းဆို


ဒီရက်ပိုင်းတွေအတွင်းမှာ ထွက်ပေါ်နေတဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ကို နေပြည်တော်မှာ ထိန်းသိမ်းထားရာက ထွက်ပြေး သွားတယ်ဆိုတာနဲ့ မြန်မာနိုင်ငံ ရဲချုပ် ခင်ရီ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေဟာ မမှန်ကန်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ထိပ်တန်းရဲအရာရှိကြီးတဦးက ငြင်းဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ကို အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေပြီး နေအိမ်အကျယ်ချုပ်နဲ့ ချထားရာက ထွက်ပြေးလွတ်မြောက်သွားတယ်။

ဒီလို ရဲမှူးကြီး ဝင်းနိုင်ထွက်ပြေး လွတ်မြောက်သွားတဲ့နောက်မှာ မြန်မာနိုင်ငံ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကိုလည်း ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ရဲမှူးကြီး ဖုန်းကျော်ရွှေက မှန်ကန်မှုမရှိကြောင်း အခုလို ပြောပါတယ်။

"သူတို့က တာဝန်ထမ်းဆောင်လျက်ပါပဲ။ ကျွန်တော်နဲ့ အမြဲအဆက်အသွယ်ရှိပါတယ်ခင်ဗျ။ ကျွန်တော်သိသလောက်တော့ တခြားအလုပ် ကိစ္စလေးတွေပေါ့နော်။ ကျွန်တော်နဲ့ ဆက်နွယ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းပို့တာတို့ ဆက်သွယ်ဆောင်ရွက်မှု ရှိတာတို့ ရှိပါတယ်ခင်ဗျ။ ကျွန်တော်သိသလောက်ပေ့ါ။ ရဲချုပ်နဲ့တော့ ကျွန်တော်တို့ မနက်ကတင် တခြားအလုပ်ကိစ္စတွေ ဆောင်ရွက်ပါတယ်ခင်ဗျာ။ ကျွန်တော်နဲ့ မနက်က လွန်ခဲ့တဲ့ ၂နာရီကနေ ကျွန်တော်နဲ့ ဆက်သွယ်ဆောင်ရွက်လျက် ရှိပါတယ်။

ရန်ကုန်မြို့ခံတယောက်တော့ ရဲမှူးကြီး ဝင်းနိုင်ရဲ့ ဇနီးဟာ ရန်ကုန်မြို့အတွင်းမှာ အလှပြင်ဆိုင်နဲ့ အနှိပ်ခန်းတွေ အများအပြားဖွင့်လှစ်ထားတာ၊ နယ်ပြောင်းလိုတဲ့ ရဲအရာရှိတွေထံကနေ လာဘ်ငွေယူတာနဲ့ အခြား ဥပဒေနဲ့ မကိုက်ညီတဲ့လုပ်ငန်းတွေကို ဆက်ကြေးသဘောမျိုး ငွေကောက်ယူပြီး လုပ်ကိုင်ခွင့်ပေးထားတာတွေကြောင့် ဖမ်းဆီးခံရတာလို့ ကြားသိရကြောင်းပြောပါတယ်။

အခုအခါ ထိပ်တန်းရဲအရာရှိကြီးတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ ဖြစ်ပေါ်နေတဲ့သတင်းကိုတော့ သူက အခုလို ပြောပါတယ်။

"ဝင်းနိုင်ကတော့ တရုတ်ပြည်ကို ပြေးသွားပြီလို့ ကြားတယ်။ ရဲချုပ်ကတော့ နေပြည်တော်မှာ ဖမ်းထားတယ်လို့ ကြားတယ်။ အစက ကြားတာက ရဲချုပ်ပါ ထွက်ပြေးပြီလို့ ကြားတာ။"

ရဲမှူးကြီး ဝင်းနိုင်ဟာ အရင်က လားရှိုးမှာ တာဝန်ကျခဲ့ဖူးတာကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ပြောဆိုတာဖြစ်ပါတယ်။

အခုအခါမှာတော့ ရန်ကုန်မြို့ ပေါ်မှာရှိတဲ့ ကာရာအိုကေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ အလှပြင်ဆိုင်တွေကို ပိတ်ထားကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
XS
SM
MD
LG