သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာ မူဝါဒသစ် သုံးသပ်ဆွေးနွေး


နှစ်ပေါင်းများစွာ မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့ ဖိအားပေး အရေးယူ လုပ်ဆောင်လာခဲ့တဲ့ အမေရိကန်အစိုးရ အနေနဲ့ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရလက်ထက်မှာ နိုင်ငံခြားရေးရာဆိုင်ရာ မူဝါဒများ ပြောင်းလဲလာပြီး အမေရိကန်အစိုးရနဲ့ သဘောထား မူဝါဒ ကွဲပြားတဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံများစွာနဲ့ တွေ့ဆုံမှုနဲ့ တိုက်ရိုက်ချဉ်းကပ်မှု (direct engagement) မူဝါဒနဲ့ ဆက်ဆံလုပ်ဆောင်ဖို့ ပြောဆိုလုပ်ကိုင်လာပါတယ်။ ဒီလို ရုတ်ချည်းပြောင်းလဲလာတဲ့ မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ အမေရိကန်အစိုးရ နိုင်ငံခြားရေးရာ မူဝါဒကို မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစုများရဲ့ အမြင်၊ တုံ့ပြန်ချက်များကို ပိုမိုသိရှိနိုင်ဖို့ ဝါရှင်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (US Campaign for Burma) ရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်နဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအဖွဲ့ချုပ် ခေါင်းဆောင်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် တို့ကို ဦးကျော်ဇံသာ (ဗွီအိုအေ) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကိုအောင်ဒင်တို့ Burma Campaign USA အနေနဲ့ မြန်မာနိုင်ငံ စစ်အစိုးရကို ဖိအားပေး အရေးယူဖို့ တသမတ်တည်း တိုက်တွန်းလာခဲ့တာ အခုလို အမေရိကန် အစိုးရက မူဝါဒ ပြောင်းလိုက်တယ်ဆိုတော့ ဘဝင်ကျပါရဲ့လား။

ဦးအောင်ဒင် ။ ။ ကျနော်တို့ကတော့ စီးပွားရေးပိတ်ဆို့မှုကို ဒီအတိုင်း လုပ်ထားရုံနဲ့ မရဘူးပေါ့၊ သံတမန်ရေးရာ ချဉ်းကပ်မှုလည်း ရှိသင့်တယ်ဆိုတာ အရင်ကတည်းက စည်းရုံးလှုံ့ဆော်ခဲ့တယ်။ သမ္မတဘုရှ် သက်တမ်းတုန်းကတော့ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံမှုက မရှိသလောက် ဖြစ်ခဲ့ပါတယ်။ အခုလို အိုဘားမာလက်ထက်မှာ ပေါ်လစီပြောင်းဖို့ ပြန်လည်သုံးသပ်တဲ့အခါမှာ ကျနော်တို့က စီးပွားရေးပိတ်ဆို့မှုနဲ့ တိုက်ရိုက်ဆက်ဆံမှုကို ပူးတွဲကျင့်သုံးဖို့ တောင်းဆိုခဲ့ပါတယ်။ တချိန်တည်းမှာ စီးပွားရေး ပိတ်ဆို့မှုကို တဖက်က ရုပ်သိမ်းဖို့ လှုံ့ဆော်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ အဲဒီကြားထဲမှာ အမေရိကန်အစိုးရရဲ့ နောက်ဆုံး မူဝါဒ အပြောင်းအလဲကတော့ စီးပွားရေး ပိတ်ဆို့မှုနဲ့ တိုက်ရိုက်ချဉ်းကပ်မှုကို ပူးတွဲကျင့်သုံးမယ်ဆိုတော့ ကျနော်တို့လှုပ်ရှားမှု အောင်မြင်တယ်လို့ ပြောရမှာပါပဲ။

ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်တို့ အဖွဲ့ကိုတော့ ကျနော်သိသလောက်က စီးပွားရေးအားဖြင့် ပိတ်ဆို့အရေးယူဖို့ကိုသာ အဓိကထားပြီး ပြောခဲ့တယ်လို့ နားလည်ပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဦးမောင်မောင် ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ကတော့ ဖိအားပေးမှသာ နဝတက စကားပြောတဲ့ စကားဝိုင်းကို ရောက်လာမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျနော်တို့က ပြတ်ပြတ်သားသား ဖိအားပေးတဲ့ အနေအထားကို လုပ်တာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု အမေရိကန်ပြည်ထောင်စု သူတို့မူဝါဒ ပြောင်းလဲတော့မယ်ဆိုတော့ ဦးမောင်မောင်တို့က ဘယ်လိုစဉ်းစားပါသလဲ။

ဦးမောင်မောင် ။ ။ ဗမာပြည်အရေးကို စကားပြောမှသာ ပြေလည်မယ်ဆိုတာကို ကျနော်တို့ လက်ခံထားပြီးဖြစ်တယ်။ ဒါကိုလည်း ကျနော်တို့ ကျင့်သုံးမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒါကို အတိုင်းအတာ မရှိဘဲနဲ့တော့ အမြဲတမ်း ဆွဲခေါ်နေလို့ မရဘူး။ အချိန်တခုမှာ လုပ်ဖို့အတွက် လိုတဲ့အတွက်ကြောင့် တိုင်းပြည်မနစ်နာအောင်၊ ပြည်သူတွေ မနစ်နာအောင် ဖိအားပေးတဲ့ အနေအထားကို ကျနော်တို့ ကျင့်သုံးခြင်းဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဒင်ကို ပြန်မေးပါရစေ။ အခု အမေရိကန် အစိုးရက တဖက်က ဖိအားပေးထားမယ်၊ တဖက်ကလည်း သူတို့က ဆွေးနွေးမယ်ဆိုတော့ မူဝါဒနှစ်ခုက ထိပ်တိုက်တွေ့နေတယ်။ ဥပမာအားဖြင့် သူတို့နဲ့ စကားပြောပြီ ဆိုကတည်းက သူတို့ကို တရားဝင်အစိုးရလို့ အသိအမှတ်ပြုပြီး ပြောရတော့မှာပေါ့။ ဒီကိစ္စကိုရော ကိုအောင်ဒင်တို့က အမြင်ရှင်းပါသလား။

ဦးအောင်ဒင် ။ ။ ပထမအချက်ကတော့ အမေရိကန်အစိုးရ အနေနဲ့က မြန်မာစစ်အစိုးရအပေါ်မှာ သံတမန်ဆက်သွယ်ရေးအရ အခုအချိန်ထိရှိတယ်။ သံအမတ်ကြီးအဆင့်ကနေ ယာယီတာဝန်ခံ သံမှူးအဆင့်ထိ လျှော့ချထားတာပဲ ရှိတယ်။ အမေရိကန်အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရကို ဘာပဲပြောပြော တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတဲ့ အစိုးရတရပ်လို့ အသိအမှတ်ပြုတယ်ဆိုတာ အမှန်ပါပဲ။ ဒါ အပြောင်းအလဲ မဟုတ်ပါဘူး။ နောက်တခုကတော့ စီးပွားရေး ပိတ်ဆို့မှုနဲ့ တိုက်ရိုက်ချဉ်းကပ်မှုက တကယ်ကြတော့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး။ စီးပွားရေး ပိတ်ဆို့မှုတွေ ဘယ်လိုပဲ လုပ်ကိုင်လုပ်ကိုင် တဖက်မှာ သံတမန်ရေးအရ နည်းလမ်းမရှိဘဲနဲ့ စီးပွားရေး ပိတ်ဆို့မှုက မအောင်မြင်နိုင်ပါဘူး။ အဲဒီလိုပဲ သံတမန်ရေးအရ ချဉ်းကပ်မှုတွေ ဘယ်လောက်ပဲလုပ်လုပ် သံတမန်ရေးအရ ချဉ်းကပ်မှုကို အထောက်အကူပြုမယ့် စီးပွားရေး ပိတ်ဆို့မှုလို ဖိအားပေးမှုတွေ မရှိပြန်ရင်လည်း သံတမန်ရေးရာ ချဉ်းကပ်မှု နည်းလမ်းတခုတည်းနဲ့ မအောင်မြင်နိုင်ပါဘူး။

ဥပမာ ကျနော် တချက်ပြောလို့ရတာက ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံရေး ဝင်ရောက်စွက်ဖက်ရာမှာ သူ့ရဲ့ကိုယ်စားလှယ် ဂမ်ဘာရီ (Gambari) ကို စေလွှတ်ပြီးတော့ အတိုက်အခံတွေရော အစိုးရနဲ့ရော တွေ့ပြီး နှစ်ဖက်ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်တယ်။ သို့သော်လည်း သူ့ရဲ့ ချဉ်းကပ်မှုတွေကို နအဖ စစ်အုပ်စုက ဘာမှ အပြုသဘော တုံ့ပြန်မှုတွေ မရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဘန်ကီမွန်းကိုယ်တိုင် ဘာအာဏာ ဘာ power မှ မရှိလို့။ အမေရိကန်မှာကြတော့ နအဖက လိုချင်တဲ့ဟာတွေ ရှိတယ်။ အမေရိကန်အစိုးရ ကိုင်တွယ်တဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ အရေးယူမှုတွေ၊ ဒါတွေကို အင်အားတခုအနေနဲ့ သုံးပြီးတော့ အမေရိကန်အစိုးရရဲ့ ဝင်ရောက်ချဉ်းကပ်မှုက တစုံတရာ အဖြေထွက်နိုင်တယ်။ ဒါ ကျနော်တို့ရဲ့ မျှော်လင့်ချက်ပါ။ လက်တွေ့ဖြစ်မဖြစ်ကိုတော့ စောင့်ကြည့်ရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ တချိန်တုန်းက အမေရိကန်အစိုးရက မြန်မာနိုင်ငံ စစ်အစိုးရနဲ့ ပတ်သက်တဲ့ လူတွေကိုတောင် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ဆို့တဲ့အထိကို သူတို့က လက်ရှောင်ပြီးတော့ ဆက်ဆံနေခဲ့တယ်။ အခုဆိုရင် တန်းတူထားပြီး ဆွေးနွေးမယ်ဆိုတဲ့ ကိစ္စတရပ်၊ တချိန်တုန်းက မြန်မာနိုင်ငံက အရာရှိတွေနဲ့ တရုတ်ပြည်မှာ ဆွေးနွေးခဲ့ဘူးတဲ့ အဲရစ် ဂျွန် (Eric John) ကိုလည်း မြန်မာပြည်ထဲကို လာခဲ့ဖို့ ဖိတ်ခေါ်တော့ သူက NLD နဲ့ မတွေ့ရဘဲနဲ့ မင်းတို့နဲ့ချည်းပဲ မဆွေးနွေးနိုင်ဘူးလို့ ပြောခဲ့တယ်။ အခုကြတော့ အဲဒီအချက်အလက်တွေကို အမေရိကန်က လျှော့လိုက်တဲ့သဘော ဖြစ်မနေဘူးလား။

ဦးအောင်ဒင် ။ ။ မှန်ပါတယ်၊ လျှော့တာမှန်ပါတယ်။ သူက မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ သဘောထားရှိပြီ ဆိုကတည်းက တချို့အချက်တွေကို အလျှော့ပေးရမှာပဲ။ ဥပမာအားဖြင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်ကိုလာတဲ့ အချိန်မှာ ဝါရှင်တန်ကို ခဏတဖြုတ်လာဖို့ ခွင့်ပြုလိုက်တာမျိုး၊ ဒါမျိုးရှိမယ်။ ဦးဉာဏ်ဝင်းကို အမေရိကန်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တချို့က သွားရောက်တွေ့ဆုံ ဆွေးနွေးတာတွေ ရှိမယ်၊ စသဖြင့်ပေါ့။ အဲဒီလို သံတမန်ရေး ဆက်ဆံဖို့ စကားပြောဖို့ လုပ်ပြီ ဆိုကတည်းက စကားပြောတာ အောင်မြင်ဖို့ တစုံတရာ ချဉ်းကပ်မှု လုပ်ရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်ကို ကျနော်မေးပါရစေ။ အဲဒီလို လုပ်လိုက်တဲ့အခါမှာ ပထမဦးဆုံး ကိုအောင်ဒင် ပြောသလို နအဖဘက်ကို အလျှော့ပေးပြီးတော့ တန်းတူ အစိုးရနဲ့ ဆက်ဆံလာတယ် ဆိုကတည်းက စစ်အစိုးရဘက်က အမြတ်ထွက်သွားပြီ၊ လောလောဆယ်မှာ။ ဆိုတော့ ပြည်သူတွေ ဘယ်လောက် အကျိုးအမြတ် ဖြစ်လာမလဲဆိုတာ မတွေ့ရခင်မှာ လောလောဆယ် စစ်အစိုးရဟာ အမေရိကန် အစိုးရက အသိအမှတ်ပြုပြီး တန်းတူအစိုးရလို ဆက်ဆံခြင်းခံရတာ တခု အမြတ်ထွက်သွားပြီဆိုတော့ ဦးမောင်မောင်တို့က တချိန်တုန်းကဆိုရင် စစ်အစိုးရကို ကုလသမဂ္ဂမှာတောင်မှ သူတို့ထိုင်ခုံကို credential challenge လုပ်ခဲ့တယ်။ အခု တိုးတက်ပြောင်းလဲမှုတွေက ဦးမောင်မောင်တို့ရဲ့ မူလ မူတွေနဲ့ ကိုက်ညီပါသလား။

ဦးမောင်မောင် ။ ။ ကျနော်တို့ကတော့ challenge လုပ်တယ်ဆိုတာက ရွေးကောက်ပွဲကနိုင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ကုလသမဂ္ဂမှာ ဗမာပြည်ကို ကိုယ်စားပြုတဲ့ လုပ်ငန်းတခုဖြစ်တယ်။ ဒီကိစ္စကို အမေရိကန်အစိုးရက နအဖနဲ့ စကားပြောတာကြောင့်မို့ ရပ်စရာအကြောင်းလည်း မရှိပါဘူး။ ဒါဟာ ကျနော်တို့ရဲ့ right ဖြစ်တယ်၊ လုပ်ပိုင်ခွင့်ဖြစ်တယ်ဆိုတာ ကျနော် ပြန်ပြီးတော့ တင်ပြချင်တယ်။ ပြည်သူက မဲထည့်ထားတဲ့ကိစ္စကို အမေရိကန်အစိုးရ အပါအဝင် ကုလသမဂ္ဂကိုယ်တိုင် ငြင်းပယ်လို့ မရပါဘူး။ ဒါကြောင့်မို့ ကျနော်တို့ right ဖြစ်တဲ့အတွက် ဒီလုပ်ငန်းကို ကျနော်တို့ ဆက်လုပ်ပြီးတော့ ကြိုးစားဖို့ရှိတဲ့အကြောင်း ကျနော်တင်ပြချင်တယ်။

နောက်တခုက အမေရိကန်အစိုးရက နေပြီးတော့ တွေ့ဆုံလိုက်လို့ နအဖအနေနဲ့ မြတ်သွားတယ်ဆိုတာမျိုး ကျနော်က မမြင်ဘူး။ သူတို့အနေနဲ့ အမေရိကန်အစိုးရကို အသေအလဲ လိုက်ပြီး ကြိုးစားနေရတယ်။ အရင်တုန်းက သူတို့အားကိုးတဲ့ စီးပွားရေးသမားတွေကို ထုတ်ပြီးတော့ ကျနော်တို့ကအစ လာတွေ့ဆုံပြီး အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှု ဖယ်ပေးနိုင်မလားဆိုတဲ့ အကူအညီ လာတောင်းတဲ့ကိစ္စ ရှိတဲ့အတွက်ကြောင့် သူတို့ အမေရိကန်ကို ဘယ်လောက်ထိ အားကိုးနေတယ်ဆိုတာ အားလုံး မျက်ဝါးထင်ထင် တွေ့ရတဲ့ကိစ္စ ဖြစ်တယ်။ ဒါပေမဲ့ အရေးကြီးတာတခုကတော့ ဘာလဲဆိုတော့ နိုင်ငံတခုတည်းကြောင့်နဲ့ မြန်မာပြည်အရေးက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကုလသမဂ္ဂအောက်က နေပြီးတော့ အားလုံးပါဝင်တဲ့ လှုပ်ရှားမှုလုပ်မှသာ တိုးတက်မှုရှိမယ် ဆိုတာကို ကျနော်ကတော့ အမေရိကန်အစိုးရ အပါအဝင် အားလုံးကို ကျနော်တို့ မြန်မာပြည်သူအားလုံးကို ကျနော်တို့ ဒီလိုပဲ ရှိနေပါတယ်လို့ တင်ပြချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာအစိုးရက အမေရိကန်ကို အပြင်းအထန် လိုက်ပြီးတော့ ကပ်နေတယ်၊ အခု သူတို့ကပ်နေတာ အောင်မြင်သွားတယ်ပေါ့၊ အဲဒါကို ပြောတာပါ။

ဦးမောင်မောင် ။ ။ ကျနော်က အောင်မြင်တယ်လို့တော့ မသတ်မှတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သံအမတ်ခန့်မယ်ဆိုတာက protocol ပါပဲ။ စီးပွားရေး ပိတ်ဆို့မှုကို မဖယ်သေးဘူးလို့ တိတိကျကျ ပြောထားတယ်။ သူတို့ အဓိကလိုချင်တာ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ပေးတယ်ဆိုတာကို လိုချင်တာ၊ နောက်ပိုင်း ဒီဘက်ကိစ္စမှာ သူတို့လုပ်ငန်းတွေ အများကြီးရှိသေးတဲ့ အတွက်ကြောင့် ဒါတွေကို လုံး၀ ထိလို့မရသေးတဲ့အတွက် ကျနော်ကတော့ အောင်မြင်တယ်လို့ မပြောနိုင်သေးပါဘူး။

ဦးအောင်ဒင် ။ ။ ကျနော်တို့က ပြည်တွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဲ့ နိုင်ငံရေးအင်အားစုများကရော၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရများ အားလုံးကရော မြန်မာစစ်အစိုးရဟာ မြန်မာနိုင်ငံထဲမှာရှိတဲ့ ပြဿနာများရဲ့ အရင်းအမြစ်ဖြစ်သလို အဖြေရှာမယ်ဆိုရင်လည်း အဲဒီအဖြေရဲ့ တစိတ်တပိုင်းဖြစ်တယ်ဆိုတာ အားလုံး လက်ခံထားပြီးသားပါ။ ဒါကြောင့် ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်းဆိုတာကိုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နအဖစစ်ခေါင်းဆောင်များနဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေး၊ နိုင်ငံတကာက ပြောနေတာလည်း အဲဒီ သုံးပွင့်ဆိုင် ဆွေးနွေး ညှိနှိုင်း ဖြစ်ပေါ်မှုအတွက် ဆွေးနွေးပွဲတွေ ဖြစ်ပေါ်ရေး၊ ဒါပါပဲ။

ဆိုတော့ နအဖကိုတော့ ကျနော်တို့က ပြဿနာရဲ့ အရင်းအမြစ်ဖြစ်သလို ဖြေရှင်းမှုရဲ့ တစိတ်တပိုင်းဖြစ်တယ် ဆိုတာလည်း လက်ခံရမှာဖြစ်တယ်။ ဒါကြောင့် အခုလိုမျိုး နအဖကို အမေရိကန်အစိုးရက တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာ၊ သို့မဟုတ် တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားတာကို ကျနော်တို့ ကန့်ကွက်စရာ မရှိပါဘူး။ ဒါကို နအဖဘက်က အနိုင်ရသွားတယ်၊ အသာရသွားတယ်လို့ မြင်လို့မရဘူး ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အသာရသွားတယ်ဆိုတာတော့ ဒီမှာ အကျိုးစီးပွား ၃ ခုရှိတယ်လို့ ကျနော်မြင်တယ်။ နအဖရဲ့ အကျိုးစီးပွား၊ အမေရိကန်ရဲ့ အကျိုးစီးပွား၊ တရုတ်ရင်ခွင်ထဲကို စစ်အစိုးရ သိပ်မရောက်သွားအောင် သူတို့ ဆွဲချင်တာရယ်၊ မြောက်ကိုရီးယားနဲ့ သိပ်ပြီး အလွမ်းမသင့်စေချင်တာရယ်၊ သူတို့ပြောတဲ့အထဲမှာကို ပါပါတယ်။

ဦးအောင်ဒင် ။ ။ ဒါတွေကတော့ မှန်ပါတယ်။ ဒါပေမဲ့ လုံး၀ နအဖအလိုကျ စီးပွားရေး ပိတ်ဆို့မှုကို ဘာရလဒ်မှ မရှိဘဲနဲ့ တဖက်သတ် ရုပ်သိမ်းပေးဖို့ လှုံ့ဆော်နေတဲ့ အင်အားစုတွေ အများကြီးရှိတဲ့ကြားထဲက ကျနော်တို့က အခု စီးပွားရေး ပိတ်ဆို့မှုကို ဆက်လက်ကိုင်တွယ်ထားဖို့ လှုံ့ဆော် စည်းရုံးနိုင်ခဲ့တယ်။ ဒါကိုက ကျနော်တို့အတွက် အကျိုးရှိတဲ့ အလုပ်တခုပါ။ ဒါပေမဲ့ ဒီတွေ့ဆုံဆွေးနွေးမှုတွေက နအဖအလိုကျ၊ နအဖဘက်က အကျိုးအမြတ်ရှိမယ့်ဘက်ကို ရောက်မသွားအောင် ကျနော်တို့က မျက်ခြည်မပြတ် စောင့်ကြည့်ပြီးတော့ ထိန်းသိမ်းနေရမှာပေါ့ဗျာ။

ဦးကျော်ဇံသာ ။ ။ ကျနော်ပြောချင်တာ အဲဒါပါ။ နအဖက လောလောဆယ်မှာ အသိအမှတ်ပြုခံရတယ်။ အမေရိကန်ကလည်း သူတို့လိုချင်တဲ့ အမြတ်ကို သူတို့ မြင်နေပြီ။ မြန်မာပြည်သူအတွက် အကျိုးအမြတ်ဆိုတာ ဘယ်မှာလဲ၊ ဘာမှကြိုပြီး မမြင်ရသေးပါလား၊ အဲဒါကို မေးတာပါ။

ဦးအောင်ဒင် ။ ။ အဲဒါတော့ မြင်လို့မရသေးဘူးဗျ။ ဒီတွေ့ဆုံဆွေးနွေးပွဲတွေက ဘာရလဒ်ရှိမလဲ။ ဦးကျော်ဇံသာ ပြောသလိုပဲ အဆိုးဘက် ရောက်ချင်လည်း ရောက်သွားမယ်၊ နအဖအလိုကျ ဖြစ်ချင်လည်း ဖြစ်သွားမယ်။ သို့မဟုတ် မြန်မာပြည်သူတွေအတွက် သက်သာရာ သက်သာကြောင်း လမ်းပေါက်တခု ဖြစ်ချင်လည်း ဖြစ်သွားလိမ့်မယ်။ ဒါတွေအားလုံးက ဖြစ်လာမယ့် ဆွေးနွေးပွဲတွေမှာ အောင်မြင်မှုရှိမရှိဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပေါ့။ ဒါပေမဲ့ သေချာတာ ဒီဆွေးနွေးမှုတွေက ဂမ်ဘာရီ မကြာမကြာသွားနေတဲ့ အစည်းအဝေးတွေလိုတော့ မဟုတ်လောက်ဘူးဗျ။ ဂမ်ဘာရီသွားသလိုပဲ ဘာအောင်မြင်မှုမှ မရှိဘဲနဲ့ လူထုကို လိမ်တဲ့၊ ကမ္ဘာကို လှည့်ဖျားတဲ့ ရလဒ်မျိုးတော့ မဖြစ်နိုင်ဘူး။ ကျနော်တို့က မျက်ခြည်မပြတ် စောင့်ကြည့်ပြီးတော့ မှန်ရင်မှန်သလို၊ မှားရင်မှန်သလို ဆက်ပြီး လှုံ့ဆော်နေမှာပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက credential challenge ကိစ္စပါပဲ။ ဦးမောင်မောင်တို့က ဒီဟာနဲ့ ဘာမှမဆိုင်ဘူး၊ ဆက်လုပ်မယ်လို့ပြောတယ်။ ဆိုတော့ ဒီလုပ်ငန်းကို ဦးမောင်မောင်တို့ ဘယ်လိုဆက်လုပ်မလဲခင်ဗျ။

ဦးမောင်မောင် ။ ။ ကျနော်တို့ ဆက်ပြီးသွားပါမယ်၊ ဒီလောက်ပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီဟာကိုရော အရင်တုန်းက ထောက်ခံတဲ့ နိုင်ငံတချို့ ရှိရင်တောင်မှ အခု အမေရိကန် မူဝါဒသစ်ကြောင့် အဲဒီနိုင်ငံတွေရော ဒီကိစ္စကို ဒီလောက် စိတ်ပါဝင်စားမှု ရှိပါဦးမလား။

ဦးမောင်မောင် ။ ။ ကျနော်ခုနပြောခဲ့သလိုပဲ ဒါဟာ ကျနော်တို့နိုင်ငံသားတွေရဲ့ right ဖြစ်တယ်။ အဲတော့ အမေရိကန်က ကန့်ကွယ်မယ်ဆိုရင်လည်း ဒါ အမေရိကန်ရဲ့ အားနည်းချက်ဖြစ်တယ် ဆိုတာပဲ ပေါ်မယ်။ သို့သော် အားလုံး ငြင်းလို့မရတာကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကရတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ကုလသမဂ္ဂမှာ ဗမာပြည်ကို ကိုယ်စားပြုခွင့်ရှိတယ် ဆိုတာလောက်တော့ ကျနော် တင်ပြပေးရမယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဒင်ကို နောက်ဆုံး မေးပါရစေ၊ ဦးမောင်မောင်ကတော့ ၁၉၉၀ မှာ ရွေးကောက်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ရပိုင်မှုကို ပြောသွားပါတယ်။ ဒီအချက်ကို ကိုအောင်ဒင်တို့ကရော အမေရိကန်နဲ့ ဆက်ဆံရေး ပြေလည်တဲ့အခါ အဲဒီကိစ္စ ဘယ်လိုထည့်သွင်း စဉ်းစားမလဲခင်ဗျ။ ၉၀ ပြည့်ရလဒ်ကို ပစ်ပယ်လိုက်ဖို့ အဆင့်အထိ ရည်ရွယ်ထားပါသလား။

ဦးအောင်ဒင် ။ ။ အမေရိကန်အစိုးရရဲ့ သဘောထားက ရှင်းပါတယ်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို လက်ကိုင်ထားတဲ့ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီများရဲ့ ဆုံးဖြတ်ချက် ဆန္ဒကို လေးစားရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမေရိကန်အစိုးရပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံ စစ်အစိုးရပဲဖြစ်ဖြစ် ပထမဦးဆုံးကတော့ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဦးတည်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း သူတို့ရဲ့ အကျိုးစီးပွားနဲ့ ယှဉ်တွဲပြီးတော့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွား တစုံတရာ ဖြစ်ထွန်းလာမယ် ဆိုရင်ပဲ ဒီလုပ်ရပ်ကို ကြိုဆိုရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG