သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ငလျင် အသေအပျောက်စာရင်း တိုးလာဆဲ


ငလျင်ဒဏ်ကြောင့် ပြိုကျပျက်ဆီးနေတဲ့ အဆောက်အဦးတွေအောက်မှာ ထောင်ပေါင်းများစွာသော လူတွေ ပိတ်မိနေပြီး နောက်တနေ့မှာပဲ နောက်ထပ်ငလျင်တခု အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းမှာ လှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်ဒဏ်ကြောင့် သေဆုံးသူ အနည်းဆုံး ၇၇၀ အထိ ရှိလာနေပြီး ဒီအရေအတွက်ထက် ထပ်တိုးလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်း ဂျကာတာကနေ ဗွီအိုအေ သတင်းထောက် ဘရိုင်ယန် ပတ်ဒန် (Brian Padden) က သတင်းပေးပို့ထားတာကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ပါဒန်မြို့ပေါ်က တိုက်တာအဆောက်အဦး အနည်းဆုံး ၅၀၀ လောက် ပြိုကျပျက်ဆီးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအနီးမှာ ရေအောက် မက်ဂနီကျု ၇.၆ ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားခဲ့တယ်လို့ အရာရှိတွေက ပြောဆိုပါတယ်။ နောက်ထပ် ငလျင်နဲ့ပတ်သက်တဲ့ သတိပေးချက်တွေ ထွက်ပေါ်နေသလို ကြာသပတေးနေ့ကလည်း မက်ဂနီကျု ၆.၆ ပြင်းအားရှိတဲ့ ငလျင်တခု အဲဒီဒေသမှာပဲ ထပ်ပြီးလှုပ်ခတ်ခဲ့ပါတယ်။

လူဦးရေ ၉၀၀,၀၀၀ နီးပါးလောက် နေထိုင်တဲ့ ပါဒန်မြို့မှာ ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးပြိုကျခဲ့တဲ့ အဆောက်အဦးတွေကြားမှာ ဆေးရုံတွေ၊ တည်ခိုခန်းတခုနဲ့ ကျောင်းအဆောက်အဦးတွေ ပါဝင်ခဲ့ပါတယ်။ ငလျင်ကြောင့် လမ်းတွေ၊ လျှပ်စစ်မီးတွေ၊ ဆက်သွယ်ရေး ကိရိယာတွေလည်း အကုန်ပျက်စီးခဲ့ပါတယ်။

အဲဒီ ပြိုကျနေတဲ့ အဆောက်အဦးတွေကြား ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက်ဟာ ထပ်တိုးလာဖို့ ရှိပါတယ်။ ဒါ့အပြင် ထောင်ပေါင်းများစွာအထိ တိုးလာမှာကို စိုးရိမ်နေရပါတယ်။ အကူအညီတွေ ပေးကြဖို့ တောင်းခံထားတဲ့ ပါဒန်မြို့တော်ဝန်က ပါဒန်မြို့ကြီးဟာ ငလျင်ဒဏ်ခံရတဲ့ ဒုက္ခသည်တွေနဲ့ ပြည့်နေတယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“လျှပ်စစ်မီးတွေ အဆက်အသွယ်တွေ ပြတ်နေတော့ ခန့်မှန်းရခက်ပါတယ်။ ဒါကြောင့် အဲဒီနေရာကိုရောက်ပြီး အမှန်တကယ် တွေ့မြင်ရတဲ့အချိန်အထိ ဘာတွေဖြစ်နေတယ်ဆိုတာကို ဘယ်သူမှ ကြိုတင်ပြောနိုင်မယ် မထင်ပါဘူး။”

World Vision က အရေးပေါ်ကိစ္စရပ်တွေအတွက် စောင်တွေလို အစားအစာ၊ ရေနဲ့ ဆေးဝါးတွေကို အမြဲတမ်း ထောက်ပံ့ခဲ့တာဖြစ်ပြီး ငလျင်နဲ့ပတ်သက်တဲ့ အကူအညီတွေကို ပုံမှန်ထောက်ပံ့ပေးတယ်လို့ သူမက ပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လက ဂျာဗားကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်အတွင်းက ဒုက္ခသည်တွေကို သူတို့ စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေ တော်တော်များများ ဝေငှခဲ့တယ်လို့ မစ်စ်ဘလန့်ခ်က ပြောဆိုပါတယ်။

“အခုလောလောဆယ် ကြုံတွေ့နေရတဲ့ ပြဿနာကတော့ ကြိုတင်ရရှိ စုဆောင်းထားတဲ့ အရေးပေါ်ပစ္စည်း အထောက်အပံ့တွေ ကုန်လုနီးပါးဖြစ်နေတဲ့ အချက်ပါပဲ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာမှ ငလျင်လှုပ်ခတ်ခဲ့တဲ့ အနောက်ဂျာဗားကျွန်းမှာလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်ကိုင်နေရဆဲပါ။”

အင်ဒိုနီးရှားအစိုးရကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အထောက်အကူဖြစ်အောင်လို့ စစ်လေယာဉ်တွေနဲ့ ဆေးအဖွဲ့တွေကို စေလွှတ်ခဲ့ပြီး ဒီအကူအညီတွေအတွက် ဒေါ်လာ ၁၀ သန်း ကုန်ကျခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG