သုံးရလွယ်ကူစေသည့် Link များ

ထိုင်းရောက် မြန်မာအလုပ်သမားတချို့ ပိတ်လှောင်စေခိုင်းခံရ


ပြည်တွင်းမှာ အဓမ္မလုပ်အား စေခိုင်းမှုတွေနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေဟာ ပြည်ပထွက် အလုပ်လုပ်ကိုင်ရာမှာလည်း ဒီလိုအခြေအနေတွေနဲ့ ကြုံနေရပါတယ်။ ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသက မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတွင်းမှာ ထိုင်းအာဏာပိုင်တွေနဲ့ မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေ မဟာချိုင်ဒေသက ပုစွန်လုပ်ငန်းခွင်တခုကို ဝင်ရောက်စီးနင်းခဲ့ရာမှာ လှောင်ပိတ်စေခိုင်းခံနေရတဲ့ မြန်မာအလုပ်သမား ၅၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ဟာ တရက်ကို နာရီ ၂၀ အလုပ်လုပ်ရပြီး လုပ်ခ ဘတ် ၅၀ သာ ရတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ (FTUB) က ပြောပါတယ်။

ကယ်တင်ခံရသူတွေထဲ ကလေးလုပ်သားတွေလည်း ပါတယ်လို့ FTUB ရွှေ့ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ဦးတင်ထွန်းအောင်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂ လလောက်ကလည်း ထောင်လိုထားပြီး အလုပ်သမားတွေကို ခိုင်းနေတဲ့ စက်ရုံမျိုးလည်း ကျနော်တို့ ကယ်ခဲ့ဖူးတာ ရှိတယ်။ အဲဒီမှာလည်း အသက်မပြည့်တဲ့ ကလေးတွေ ပါတယ်လေ။ အဲဒါတွေက လက်ရှိဖြစ်နေတဲ့ အနေထားပေါ့နော်”

ခုလို စစ်ဆေးမှုတွေ ရှိပေမယ့် စက်ရုံပိုင်ရှင် အများစုဟာ ကြိုတင် သတင်းရထားတာကြောင့် တရားမဝင် အလုပ်သမားတွေနဲ့ ကလေးလုပ်သားတွေကို ယာယီ ထုတ်ပယ်ထားကြတယ်လို့ အလုပ်သမားအရေး လုပ်သူတွေက ပြောကြပါတယ်။

မကြာခဏဆိုသလို အရေးယူခံရပေမဲ့လည်း ဥပဒေအရ ထိရောက်စွာ အရေးယူမှု မရှိသေးဘူးလို့ ဦးတင်ထွန်းအောင်က ဆက်ပြောပါတယ်။

“ဒီလို ကလေးအလုပ်သမားတွေ၊ မတရား အချိန်ကြာမြင့်စွာ ခိုင်းစေမှုတွေက မဟာချိုင် နယ်မြေဒေသမှာ မှုခင်းတော်တော်များများ ကျနော်တို့ ဖော်ထုတ်ခဲ့ဖူးတာ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့မြင်တာက ထိုင်းအစိုးရ ကိုယ်တိုင်ကိုကလည်း ဒီဟာတွေကို သူတို့ ဖုံးဖိချင်တယ်။ နောက်ပြီး နယ်မြေမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း နယ်မြေခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းမှုရှိတဲ့အတွက် အရေးယူ ဆောင်ရွက်မှုတွေဟာ ထိရောက်သင့်သလောက် မထိရောက်ဘူး။ အထူးသဖြင့် ဒီစက်ရုံတွေကို ထိုင်းအာဏာပိုင်တွေရော၊ နိုင်ငံတကာကရော ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးအရေးယူပေမဲ့ ကျနော်တို့မြင်တာ ဒီစက်ရုံသည် ဆက်ပြီး အလုပ်လုပ်ခွင့် ရှိနေတယ်၊ ဒီစက်ရုံက ပစ္စည်းတွေကို ဆက်ထုတ်နေတာ တွေ့ရတယ်။ အဲဒီလို ထိရောက်စွာ အရေးယူမှု မရှိတဲ့အတွက် ဒီလိုမျိုး အလုပ်ရှင်တွေရဲ့ ချိုးဖောက်မှုတွေ ပိုပြီး ရှိလာတဲ့ အနေအထား တွေ့ရတယ်။”

ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ပုစွန်လုပ်ငန်းခွင်တွေမှာ အလုပ်ချိန်များများ လုပ်ရပေမယ့် လုပ်ခနည်းနည်းသာရပြီး ကလေးအလုပ်သမားတွေကိုလည်း သုံးနေဆဲလို့ အမေရိကန်အခြေစိုက် Solidarity Center ရဲ့ သုတေသနစာတမ်း တစောင်မှာ ဖော်ပြထားပါတယ်။ ထိုင်းဟာ ပုစွန်တင်ပို့တဲ့ ထိပ်တန်းနိုင်ငံဖြစ်ပြီး ပုစွန်ကုန်ချော တင်ပို့ထုတ်လုပ်မှုရဲ့ ၄၀% ဟာ မဟာချိုင်ဒေသက ဖြစ်တယ်လို့လည်း သုတေသနစာတမ်းက ဆိုပါတယ်။ ဒီနှစ်ထဲ ရေချို၊ ရေငံ ငါးဖမ်းလုပ်ငန်းနဲ့ ရေထွက်ပစ္စည်း လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသား ၃၈၀,၀၀၀ နီးပါး မှတ်ပုံတင်ခဲ့ကြတယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG