သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ ခုနှစ် အိုလံပစ်ပွဲ ချီကာဂိုမြို့မှာ ကျင်းပခွင့်ရရေး သမ္မတအိုဘားမား တွန်းအားပေး


၂၀၁၆ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်ကြီးကို အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ ကျင်းပခွင့်ရဖို့အရေး စည်းရုံးပြောဆိုဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်ကို ထွက်ခွာသွားပြီး ဒေသစံတော်ချိန် သောကြာနေ့မနက်မှာ ရောက်ဖို့ရှိပါတယ်။

အဲဒီမှာ နိုင်ငံတကာ အိုလံပစ်ကော်မတီ အဖွဲ့ဝင်တွေ ရှေ့မှောက်မှာ ချီကာဂို၊ မက်ဒရစ်၊ ရီယိုဒီ ဂျနေးရိုးနဲ့ တိုကျိုမြို့တွေထဲက ဘယ်မြို့ကို ရွေးချယ်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။

သမ္မတကတော် မစ်ရှဲလ် အိုဘားမား (Michelle Obama) ကတော့ သမ္မတအိုဘားမား မရောက်ခင် ကိုပင်ဟေဂင်မြို့တော်ကို ကြိုရောက်နှင့်နေပြီး တခြား ချီကာဂို မြို့သူမြို့သားတွေနဲ့အတူ သူတို့မွေးရပ်မြို့ အရွေးခံရရေးအတွက် စည်းရုံးလှုံ့ဆော်နေတာပါ။

အလားတူ ဘရာဇီးသမ္မတ၊ ဂျပန်ဝန်ကြီးချုပ်၊ စပိန်ဘုရင်နဲ့ ဝန်ကြီးချုပ်တို့ကလည်း သူတို့မြို့တွေ အရွေးခံရရေးအတွက် စည်းရုံးလှုံ့ဆော် နေကြပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ အနေနဲ့ ဘယ်မြို့ကို သူတို့ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်သလဲ ဆိုတာကို ဒေသစံတော်ချိန် သောကြာနေ့နှောင်းပိုင်းမှာ ကြေညာဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG