သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အယူခံ ရန်ကုန်တိုင်းရုံး ပယ်ချ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ နေအိမ်အကျယ်ချုပ် ချိုးဖောက်တယ်ဆိုပြီး ဆက်လက် ဖမ်းဆီးထားတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံကို ဒီကနေ့ ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ်လိုက် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကတော့ တရားရုံးချုပ်မှာ ပြင်ဆင်မှုကို ဆက်တက်မယ်လို့ ပြော ပါတယ်။ အပြည့်စုံကို ဘန်ကောက်ရောက် ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဥပဒေ ချိုးဖောက်တယ်ဆိုပြီးတော့ တရား စွဲဆိုထားတဲ့အမှု အယူခံကို ငြင်းပယ်တဲ့နေရာမှာ ရန်ကုန်တိုင်း တရားရုံးက ၁၉၇၄ ခုနှစ်အထိ အခြေခံဥပဒေကို သုံးလို့ မရဘူးဆိုတဲ့အချက်ကိုတော့ လက်ခံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ့ အဲန်အယ်လ်ဒီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သတ်မှတ်ထားတဲ့ တားဆီး ကန့်သတ်မိန့် တွေက တရားဝင်တယ်ဆိုပြီး အယူခံကို ငြင်းပယ်ခဲ့တာပါ။ ဒါကြောင့်လည်း တရားရုံးချုပ်မှာ ပြင်ဆင်မှု ဆက်မယ်လို့ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ ချုပ်ပြောရရင်တော့ ကျနော်တို့ကို ပယ်လိုက်တာပေါ့ဗျာ။ သို့သော် ကျနော်တို့က ဥပဒေကြောင်းအရ တင်ပြတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘူး၊ သုံးလို့မရဘူးဆိုတဲ့ အချက်ကိုတော့ တရားရုံးက လက်ခံတယ်။ အမှန်က ကျနော်တို့က ဒါကို လက်ခံတယ်ဆိုရင် ၁၉၇၄ အခြေခံဥပဒေ ပုဒ်မတွေညွှန်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်တားဆီးတဲ့အမိန့်တွေဟာ တရားမဝင်တော့ဘူး၊ တရားမဝင်ရင် ဒီအမှုလည်း မရှိတော့ဘူးဆိုတာကို ကျနော်တို့ သွားတယ်။ အခုတော့ တရားရုံးမှာ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိတော့တာကို လက်ခံတယ်။ သို့သော် တားဆီးမိန့် တွေဟာ တရားဝင်တယ်ဆိုပြီးတော့၊ ပြောရင်တော့ အသေးစိတ် အများကြီးပေါ့ဗျာ။ ကျနော်တို့က ဥပဒေအရ ပြောစရာ ပိုပြီးကောင်းတဲ့ ပြောစရာအချက်အလက်တွေ ပေါတယ်။ ဒါကြောင့် ကျနော်တို့ ပြင်ဆင်မှု ဖွင့်နိုင်ဖို့ အမြန်ဆုံး စီစဉ်နေပါ တယ်။ ဥပဒေအရ လုပ်ရမှာက ပြင်ဆင်မှု ဖွင့်ရမှာ၊ တရားရုံးချုပ်ကို။ အဲဒါကို ပြင်ဆင်မှုဖွင့်ဖို့ ဆောင်ရွက်မယ်လို့ ပြောတာ ပါ။"

ဒီနေ့မနက် ရန်ကုန်တိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ပတ်သက်လို့ စီရင်ချက်ချမယ်ဆိုတဲ့ သတင်းကြောင့် အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေ ရန်ကုန်တိုင်း တရားရုံးနားမှာသွားပြီး စုဝေးခဲ့ကြပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေရဲ့ တုံ့ပြန်ချက်တွေနဲ့ ပတ်သက်ပြီးတော့ အဲန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် တယောက်က အခုလို ပြောပါတယ်။

"ကျနော်တို့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ အကုန်လုံးနီးပါးပဲ။ အဲဒီမှာ လူ ၁၅၀၊ ၂၀၀ လောက်ရှိတာပေါ့။ အဲဒီရှေ့က လ္ဘက်ရည်ဆိုင် လမ်းကြားလေးတွေမှာပေါ့ ကျနော်တို့ ထိုင်ပြီးတော့ စောင့်နေကြတာ။ ဒီမှာ တော်တော်များများ စိတ်ပျက်တယ်ဗျာ။ ဒါပေမဲ့ တဘက်မှာလည်း မျှော်လင့်ပြီးသား ရှိတယ်ဗျာ။ တော်တော်များများ မျှော်လင့်ထားတာကတော့ ဒေါ်စုကို တိုင်းအဆင့်မှာ တော့ ပယ်မှာပဲ။ ဗဟိုအဆင့်ရောက်မှပဲ တမျိုးတဖုံ ဖြစ်ရင်ဖြစ်လာနိုင်တယ်ဆိုပြီးတော့ ဒါကတော့ မျှော်လင့်ထားပြီးသား ဖြစ်တယ်။ အရမ်း မပေါက်ကွဲဖြစ်အောင်ပေါ့နော်။ တချို့ကျတော့လည်း ဒေါသဖြစ်တာပေါ့။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အယူခံကို ရန်ကုန်တိုင်း တရားရုံးက ပယ်ချလိုက်တာကြောင့် မြန်မာစစ်အစိုးရဘက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် အမှန်တကယ် လုပ်ကိုင်လိုစိတ်ကို ပြသနိုင်တဲ့ အခွင့်အလမ်း ကောင်းတခုကို နောက်တကြိမ်လက်လွှတ်လိုက်တာ ဆိုပြီး ဝေဖန်သူတွေက ဝေဖန်ပါတယ် စစ်အစိုးရဟာ အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့တဲ့ ဂျွန်ယက်တော ကို ပြန်လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ချုပ်နှောင်ထားတာက မဖြစ်သင့်ဘူးလို့ ဝေဖန်ကြသူတွေလည်း ရှိပါတယ်။ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ အခုလို မြင်ပါတယ်။

"ဒီအမှုဖြစ်အောင်လုပ်တဲ့ ယက်တော ကျတော့ လုံးလုံးလွှတ်လိုက်ပြီးတော့ သူက မဖိတ်ခေါ်ဘဲ အိမ်လာတဲ့ပုဂ္ဂိုလ်ကြောင့် တရားစွဲခံရတာကိုး။ ဆိုတော့ တကယ့်အပြစ်ရှိသူကျတော့ လွှတ်ပြီးတော့ အဲဒီလူကလုပ်ပစ်ခဲ့တဲ့ ပြဿနာကြောင့် ဒီမှာ ထောင်ကျရတယ်ဆိုတာကတော့ တော်တော်ကို သဘာ၀ မကျတဲ့ဟာပေါ့။ ဟိုလူကို လွှတ်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လွှတ်ရမှာပေါ့။ အမှန်ကတော့ အမျိုးသားပြန်လည်ပေါင်းစည်းရေးကို ငဲ့ပြီးတော့ ပိုပြီးတော့ လွှတ်သင့်တယ်လို့ ယူဆပါတယ်။ ဒါကတော့ တရားရုံးကတော့ တရားဥပဒေအရ စီစဉ်တယ်ဆိုပြီးတော့ ဆုံးဖြတ်တယ်ဆိုပြီးတော့ လုပ်တာ ကိုး။ အမှန်ကတော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ စောစောကပြောသလို ထပ်ပြီးတော့ သူ့အာဏာစက်အသုံးကနေ လွတ်ငြိမ်းခွင့် ပေးသင့်တယ်လို့ ဒီလိုပဲ ယူဆပါတယ်။"

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် အယူခံကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချလိုက်တာနဲ့ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ရဲ့ အမြင်ပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG