သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေးကောင်စီ တောင်းဆို


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထားတဲ့ အမှုအယူခံကို တရားရုံးက ပယ်ချလိုက်ချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ သူအပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ လိုချင်တဲ့အကြောင်း ပြောလိုက်ပါတယ်။ အလားတူ ဂျီနီဗာမှာကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး နိုင်ငံရေး အပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့ အချေအတင် ဆွေးနွေးမှုတွေကြားက ဆုံးဖြတ်ချက် တရပ်ကိုလည်း ချမှတ်လိုက်တာပါ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတာကို ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့အမှုကို ပြင်ဆင်ဖို့ အယူခံထားတာကို ပယ်ချလိုက်တဲ့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့လွတ်မြောက်ရေး အတွက် ထပ်ပြီး တိုက်တွန်းလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ကို သူ့အနေနဲ့ မြင်လိုဆဲဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်း က ပြောဆို လိုက်တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူတဦးဖြစ်တဲ့ ဖာရင် ဟတ်ခ် (Farhan Haq) က သောကြာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောလိုက်တာ ဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ရဲ့ အယူခံကို တရားရုံးက ပယ်ချလိုက်တဲ့အကြောင်း အတွင်းရေးမှူးချုပ် သိထားပါတယ်။ သူ့ရဲ့ ရပ်တည်ချက်ဟာလည်း အရင်အတိုင်း မပြောင်းမလဲ ရှင်းရှင်းလင်းလင်း ရှိနေဆဲပါ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျန်နေ သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးရမှာဖြစ်သလို နိုင်ငံရေးလုပ်ငန်းစဉ်မှာလည်း သူတို့အားလုံးကို ပါဝင်ခွင့် ပြုရမှာ ဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာတုန်းကပဲ ဒေါ်အောင်ဆန်းစုကြည် ဟာ အပြစ်ရှိတယ်လို့ ရန်ကုန်အင်းစိန်ထောင်တွင်း အထူး တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် စီရင်ခဲ့ပေမဲ့ စစ်အစိုးရ အကြီးအကဲက သက်ညှာခွင့်အနေနဲ့ ပြစ်ဒဏ်ကို တဝက်လျှော့ချပြီး ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ခွဲ ကျခံစေခဲ့တာပါ။ ဒါပေမဲ့လည်း နေအိမ်ခြံဝန်းထဲ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ရေကူး ဝင်ရောက်လာတဲ့ ကိစ္စနဲ့ပတ်သက်လို့ အပြစ်ပေးတာဟာ မမှန်ဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေက အယူခံ လျှောက်ထားခဲ့ပေမဲ့ ရန်ကုန်တိုင်းတရားရုံးက ဒါကို ထပ်ပြီး ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်က ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ထပ်ပြီး တိုက်တွန်းလိုက်တဲ့ တချိန်တည်းမှာပဲ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ရဲ့ (၁၂) ကြိမ်မြောက် ညီလာခံအတွင်း နိုင်ငံတကာက လူ့အခွင့်အရေး ပြဿနာတွေနဲ့ပတ်သက်လို့ ဆွေးနွေးမှု အတော်များများ အတွင်း မြန်မာနိုင်ငံကိစ္စကိုလည်း အာရုံစိုက်ခဲ့ကြတာပါ။ အီးယူ (ဥရောပ သမဂ္ဂ) ရဲ့ ကိုယ်စားလှယ် ဆွီဒင်နိုင်ငံကဆိုရင် ညီလာခံအတွင်း ဆုံးဖြတ်ချက်တရပ် ချနိုင်ဖို့အတွက် ကျိုးပမ်းခဲ့ပါတယ်။

"ဒီဆုံးဖြတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးခင်တုန်းက ပြစ်ဒဏ်ပေး စီရင်ခဲ့တဲ့အပေါ် အလွန်အမင်း စိုးရိမ် မကင်း ဖြစ်ရတဲ့အပေါ် အလေးထား အာရုံစိုက်ထားတာဖြစ်သလို၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ ကျင်းပသွားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။"

ဒီလိုဆုံးဖြတ်ချက်ထုတ်ပြန်ဖို့ကို မူလက ကြာသပတေးနေ့မှာ စီစဉ်ခဲ့ပေမဲ့လည်း အချေအတင် ပြောဆိုမှုတွေ၊ ကန့်ကွက်မှု တွေနဲ့ အတူ နောက်တနေ့မှာမှ ထုတ်ပြန်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တရပ် ထုတ်ပြန်ဖို့ကို လက်မခံ ကန့်ကွက်တဲ့ အထဲမှာတော့ မြန်မာစစ်အစိုးရကို နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပေးလေ့ရှိတဲ့ တရုတ်၊ ရုရှား စတဲ့နိုင်ငံတွေ ပါဝင်ခဲ့တာပါ။

"အီးယူ အနေနဲ့ အခုလို ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းလာတဲ့အပေါ် တရုတ်ကိုယ်စားလှယ် အဖွဲ့အနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါဟာဆိုရင် အီးယူက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို တနှစ်မှာ တကြိမ်ပဲ တင်မယ်လို့ ပြောထား တဲ့ ကတိကို ဖောက်ဖျက်ရာ ရောက်သလို၊ လူ့အခွင့်အရေး ကောင်စီ တခုလုံးရဲ့ အခြေခံရပ်တည်ချက်တွေကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဒီအတွက် လူပုဂ္ဂိုလ်တဦး တယောက်အပေါ် အခြေခံပြီး ဆုံးဖြတ်ချက် ထုတ်ပြန်တဲ့အပေါ် တရုတ်နိုင်ငံက စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း ပြောလိုပါတယ်။"

ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ တရားစီရင်ရေးကို စွက်ဖက်ရာလည်း ရောက်တာမို့ ဆုံးဖြတ်ချက် ချမှတ် ဖို့ကို လက်မခံနိုင်ကြောင်း တရုတ်ကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်အစိုးရ ကိုယ်စားလှယ် ဦးကျော်မျိုးထွဋ် ကလည်း အလားတူ တုံ့ပြန် ပြောဆိုသွားခဲ့သလို နိုင်ငံရေး တိုးတက်မှုတွေ လုပ်ဆောင်နေတာတွေ ရှိနေတယ်ဆိုပြီး သူက ချေပပြောဆိုခဲ့တာပါ။

"ဒါဟာ ကျုးကျော်တဲ့၊ နိုင်ငံရေးရည်မှန်းချက်တွေ အကြီးအကျယ် ပါဝင်တဲ့ ဆုံးဖြတ်ချက် မူကြမ်းဖြစ်ပြီး အီးယူက ဒီနှစ် အတွင်း တင်သွင်းတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒါဟာ လူပုဂ္ဂိုလ် တဦးတယောက်၊ အုပ်စုတစုကိုသာ အာရုံစိုက်ပြီး တနိုင်ငံလုံးကို လွှမ်းခြုံမထားတဲ့ ထူးထူးခြားခြား မဖွယ်မရာ ဆုံးဖြတ်ချက် မူကြမ်းလည်း ဖြစ်ပါတယ်။"

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအဖြစ် မကြာခင်က အကျဉ်းသား ၇,၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပြီး သူတို့တတွေ အနေနဲ့လည်း ရှေ့နှစ်ရွေးကောက်ပွဲတွေမှာ ပါဝင်လာနိုင်စရာ ရှိကြောင်း မြန်မာကိုယ်စားလှယ်တွေက ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိတာမှာ မကြာသေးခင်က ပြန်လွှတ်ပေးလိုက်တယ် ဆိုတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လက်တဆုပ်စာသာ ပါတာမို့ မလုံလောက်သေးဘူးလို့ ဆုံးဖြတ်ချက် ထုတ်ပြန်ဖို့ ထောက်ခံခဲ့တဲ့ ဂျပန်နိုင်ငံ ကလည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"အားလုံးက သဘောတူလက်ခံတဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ လုပ်ရပ်အတွက် ဝမ်းမြောက် ကြောင်း ဂျပန်အစိုးရ အနေနဲ့ပြောချင်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်လို့ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် ကို ပြစ်ဒဏ်စီရင်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံက အထူး စိတ်ပျက်မိသလို၊ ဒေါ်အောင်ဆန်းစုကြည် လတ်တလော ကြုံတွေ့နေရတဲ့ အခြေအနေ အတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမဲ့ လည်း မကြာသေးခင်တုန်းက နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် ပြန်လွှတ်ပေးတဲ့ အတွက် ဂျပန်နိုင်ငံက ဒါဟာ အပြု သဘော ဆောင်တဲ့ ခြေလှမ်းတရပ်အဖြစ် ကြိုဆိုပါတယ်။ ဒီလိုပဲ နောက်ထပ်လည်း လွှတ်ပေးဖို့ ဒီမိုကရေစီ ဖော်ဆောင်မှု တွေမှာ အားလုံးပါဝင်နိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့ကိုလည်း ဂျပန်နိုင်ငံက မျှော်လင့်ပါတယ်။"

ဒီလို အချေအတင် ပြောဆိုမှုတွေကြားကပဲ မနေ့တုန်းကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ က ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးပြီး နိုင်ငံရေး အခြေအနေတွေ တိုးတက် အောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက် တရပ်ကို မဲခွဲဆုံးဖြတ်တာတွေ မလုပ်ဘဲ ချမှတ်လိုက်တာပါ။ ဒီအတောအတွင်း မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တာနား ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ပြစ်ဒဏ်ပေး စီရင်ပြီး ဆက်လက် ဖမ်းဆီးထားတာဟာ စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲတွေ လုပ်နေပါတယ်လို့ ပြောဆိုနေတာတွေကို သက်သေပြဖို့ အခွင့်အလမ်းကောင်းတခု လက်လွတ်ခဲ့တာ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မကြာခင်တင်သွင်းဖို့ ရှိနေတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG