၂၀၁၆ ခုနှစ်နွေရာသီအိုလံပစ် အားကစားပွဲတော်မှာ အိမ်ရှင်လုပ်မယ့် ဘရာဇီးနိုင်ငံ ရီယိုဒီ ဂျနဲရိုး (Rio de Janeiro) မြို့ကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက (IOC) ရွေးချယ်လိုက်လို့ တောင်အမေရိကန်တိုက်မှာ ပထမဆုံး ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဆန်ကာတင်မြို့ကြီး လေးမြို့ဖြစ်ကြတဲ့ ချီကာဂို၊ မက်ဒရစ်၊ ရီယိုဒီ ဂျနဲရိုး နဲ့ တိုကျိုမြို့တို့အတွက် သက်ဆိုင်ရာ ခေါင်းဆောင်တွေက သောကြာနေ့ ကိုပင်ဟေဂင်မြို့မှာပြုလုပ်တဲ့ IOC စည်းဝေးပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းတင်ပြ ကြပြီးတဲ့နောက် မဲခွဲဆုံးဖြတ်လိုက်တာပါ။
ပထမတကြိမ် မဲခွဲလိုက်တဲ့အခါမှာ ချီကာဂိုမြို့ အရင်ဆုံး အရေးနိမ့်သွားပြီး ဒုတိယအကြိမ် မဲခွဲတဲ့အခါမှာတော့ တိုကျိုမြို့ ပြုတ်သွားပါတယ်။ ရီယိုနဲ့ မက်ဒရစ် နှစ်မြို့ပဲ ကျန်တော့တဲ့အချိန် ဘရားဇီးနိုင်ငံသမ္မတ လူးဝစ်အင်န်ချီရို လူလာ ဒါ ဆေးလ်ဗား (Luiz Inacio Lula da Silva) က ၁၈၉၆ ခုနှစ် ခေတ်သစ်အိုလံပစ်ပွဲတော် စတင်ကျင်းပကတည်းက တောင်အမေရိကတိုက်မှာ တခါမှ မကျင်းပဖူးသေးပါဘူးလို့ ထောက်ပြသွားပါတယ်။
အမေရိကန်သမ္မတ ဘရက်အိုဘားမား ကိုယ်တိုင် သူ့ရဲ့ မြို့ဖြစ်တဲ့ ချီကာဂို အတွက် သွားရောက်မဲဆွယ်ပြီးတဲ့နောက် အရေးနိမ့်ပြီး ဝါရှင်တန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။