စစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အတည်ပြု ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းးထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ဟာ ကြိုတင် အကြောင်းကြားထားခြင်း မရှိဘဲ ရုတ်တရက် ဒေါ်အောင်ဆန်းစုကြည်ကို စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ ဒီကနေ့ နေ့လယ် ၁ နာရီလောက်က ခေါ်ယူ တွေ့ဆုံ သွားတဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အတည်ပြု ပြောဆိုပါတယ်။
"ဒီနေ့ နေ့ခင်း ၁ နာရီကနေ ၁ နာရီ ၄၅ လောက်။ ၁ နာရီ နီးနီးလောက် ကြာတာပေါ့။ ဒီနေ့တွေ့တာလည်း ကျနော်တို့ ကြိုမသိဘူး။ အခုတော့ တွေ့တယ်ဆိုတာတော့ မှန်တာပေါ့။"
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ပိတ်ဆို့အရေးယူထားတာတွေ ပြန်လည် ရုပ်သိမ်းရေးအတွက် စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ကမ်းလှမ်းတဲ့ စာ စက်တင်ဘာ ၂၅ ရက် နေ့စွဲနဲ့ရေးသားပေးပို့အပြီးမှာ အခုလို ဆက်ဆံရေးဝန်ကြီးက လာရောက် တွေ့ဆုံတာ ဖြစ်တာ ကြောင့် အဲဒီစာနဲ့ တိုက်ရိုက် ဆက်ဆံမှုရှိလိမ့်မယ်လို့ ဦးဉာဏ်ဝင်းက ခန့်မှန်းပြီး အခုလို တွေ့ဆုံတာဟာ ကောင်းတဲ့ လက္ခဏာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။
"ဖြစ်နိုင်တာဆိုတာ ကျနော်တို့ ထင်တာပေါ့လေ၊ ဟုတ်မဟုတ်လည်း မသိဘူး၊ တိုက်ရိုက် ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့တဲ့စာနဲ့ ဆက်စပ်မလားလို့ အဲဒီလိုတော့ တွေးမိတယ်။ အဲဒီလိုပဲ တွေးလို့ရပါတယ်၊ သိတော့ မသိသေးပါဘူးဗျာ၊ အတိအကျတော့။ ဒါပေမဲ့လို့ တခုပဲ ပြောနိုင်တာကတော့ တွေ့တာကတော့ ကောင်းတာပါပဲ။ တွေ့မှ စကားပြောဖြစ်မယ်၊ စကားပြောဖြစ်မှ ရှေ့ဆက်ဆောင်ရွက်ဖို့ တိုးတက်မှုဆိုတာ ရှိနိုင်မယ်လေ။ အဲဒီတော့ တွေ့တာကိုတော့ ကျနော်တို့က သဘောကျပါတယ်။"
ဒါဟာ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ (၇) ကြိမ်မြောက် တွေ့ဆုံကြခြင်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို လာတွေ့တဲ့အပေါ် NLD ပါတီအနေနဲ့ အသေးစိတ် မသိရသေးတဲ့အတွက် လာမယ့် တနင်္လာနေ့ ပုံမှန် အပတ်စဉ် စည်းဝေးပွဲအတွင်းမှာ ထည့်သွင်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
"ကျနော်တို့ကတော့ အခု ပိတ်ရက်တော့ ဘာမှ အစီအစဉ်မရှိဘူး။ ဒါပေမဲ့ ရုံးဖွင့်တဲ့နေ့ Monday (တနင်္လာနေ့) က ကျနော်တို့ရဲ့ Regular Meeting (ပုံမှန် စည်းဝေးပွဲ) လည်း ရှိတယ်လေ။ ဒီဟာကိုတော့ ဆွေးနွေးဖြစ်မှာပေါ့။"
ဒီအတောအတွင်း သူ့အပေါ် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဆက်လက် ဖမ်းဆီး ထားတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံဝင်ခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက မနေ့က ငြင်းပယ်လိုက် တဲ့အတွက် တရားရုံးချုပ်မှာ ပြင်ဆင်မှု မတင်သွင်းခင် အမှုကိစ္စ တိုင်ပင်ရအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ရှေ့သီတင်းပတ်အတွင်း အာဏာပိုင်တွေထံ တောင်းဆိုသွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။