သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနဲ့ ဖိလစ်ပိုင်မှာ မုန်တိုင်းကျ ရေကြီး၊ လူ အသေအပျောက်များ


အာရှဒေသမှာ သဘာ၀ ဘေးအန္တရာယ်တွေ ဒီ အပတ်အတွင်းမှာ ဆက်တိုက်ဆိုသလို ကျရောက်နေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ မိုးကြီးပြီး ရေလွှမ်းခဲ့တဲ့အတွက်ကြောင့် သေဆုံးသွားသူ အနည်းဆုံး ၁၉၄ ယောက် ရှိခဲ့ပြီ လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။

Karnataka ပြည်နယ်မှာ လူ ၁၄၅ ယောက် သေခဲ့ပြီး၊ အနီးက Andhra Pradesh ပြည်နယ်မှာ လူ အနည်းဆုံး ၅၀ လောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ရေလွှမ်းတဲ့နေရာကို တာဝန်ရှိသူတွေ အကုန်မရောက်နိုင်သေးတဲ့အတွက် အသေအပျောက် စာရင်း က ဒါ့ထက် များဖွယ်ရှိနိုင်ပါတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

ဖိလစ်ပိုင်မြောက်ပိုင်း နယ် ကာဂါယန်း မှာ တိုင်ဖွန်း မုန်တိုင်းကျပြီး မိုးသက်လေးပြင်းကြီး ကျရောက်ခဲ့တဲ့အတွက် လူ အနည်းဆုံး ၃ ယောက်သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

တိုင်ဖွန်း မုန်တိုင်း ပါမား ဟာ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ ရှိခဲ့ပြီး၊ စနေနေ့က ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ အဆောက်အဦးတွေရဲ့ အမိုးတွေ လွင့်သွားခဲ့သလို၊ သစ်ပင်တွေ၊ လျှပ်စစ်မီးလိုင်းတွေ ပြတ်တောက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း မုန်တိုင်းကျရောက်ခဲ့တဲ့အတွက် မြို့တော် မနီလာ မှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံး ရေလွှမ်းမိုးမှု ဖြစ်ခဲ့ပါတယ်။

ဖိလစ်ပိုင် အနီးကို ပါးမား မုန်တိုင်း ကပ်လာတဲ့ သောကြာနေ့တုန်းကလည်း သမ္မတ Gloria Arroyo က အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး၊ ခရိုင် ၆ ခရိုင်က လူတွေကို နေရာရွှေ့ပြောင်းဖို့ အမိန့်ပေးခဲ့ရပါတယ်။

တိုင်းဖွန်း ပါးမား ဟာ ပင်လယ်ပြင်ကို ပြန်ထွက်သွားပြီး ထိုင်ဝမ်ကျွန်းကို ဦးတည်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ထိုင်ဝမ် က တချို့နေရာတွေမှာ လူတွေက စတင်ရွှေ့ပြောင်းနေပြီဖြစ်ပါတယ်။

ထိုင်ဝမ် နဲ့ မိုင် ၁၅ မိုင်လောက်ပဲဝေးတဲ့ ကမ်းလွန်ဒေသမှာ ပြင်းအား ၆.၁ ရှိတဲ့ ငလျင် လှုပ်ခတ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ စူးစမ်းလေ့လာရေးဌာနက ပြောပါတယ်။ အပျက်အစီး၊ အသေအပျောက် သတင်းတွေကိုတော့ ခုထိ မသိရှိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG