သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရနဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံနိုင်တဲ့ အခွင့်အလမ်းရှိဟု NLD ယူဆ


အထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံခဲ့တာဟာ အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ဖယ်ရှားရေးမှာ ပူးပေါင်းဆောင်ရွက်လိုတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာအပေါ်မှာ အခြေခံ တွေ့ဆုံတာလို့ အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါ တယ်။ ဒီအခြေအနေကနေ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တစုံတရာ နားလည်မှုတွေ ရှိလာပြီးတော့ အပြန်အလှန် တွေ့ဆုံညှိနှိုင်းမှုတွေ ဖြစ်လာနိုင်မလား၊ အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး ဦးသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ဟာ အောက်တိုဘာ ၃ ရက် စနေနေ့ မွန်းလွဲပိုင်းက မိနစ် ၄၀ ကြာ တွေ့ဆုံခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွေထံကို လိပ်မူပေးပို့တဲ့ စာအပေါ် အခြေခံပြီး တွေ့ဆုံခဲ့တာလို့ စစ်အစိုးရ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အနောက်နိုင်ငံတွေကနေ မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားရေးအတွက် စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ် ဆိုတဲ့ သဘောထား ရေးသားပေးပို့ခဲ့တာပါ။

အခုလို အစိုးရဘက်က ဒီစာအပေါ် တစုံတရာ တုံ့ပြန်တဲ့သဘောနဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် လာရောက် တွေ့ဆုံသွားတာဟာ အပြန်အလှန် ထိတွေ့ဆက်ဆံနိုင်တဲ့ အခွင့်အလမ်း မြင်ရတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ယူဆပါတယ်။

“အမှန်တော့ တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားကို ရှေ့ရှုပြီး ဒါတွေဟာ တကယ်ပဲ မလိုအပ်တဲ့အတွက် ဒါတွေကို ဖယ်ရှင်းဖို့ လိုအပ်တယ်ဆိုရင် နှစ်ဘက်ပူးပေါင်းပြီး ဆောင်ရွက်ဖို့ကို ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်လက်ပြီး ထိတွေ့ဆက်ဆံ လုပ်ဆောင်သွားနိုင်တဲ့ အခွင့်အလမ်းကိုတော့ လှမ်းပြီးတော့ မြင်နေရပြီလို့ ကျနော် ယေဘုယျ ပြောနိုင်ပါတယ်။”

အခုအနေအထားမှာ ဦးအောင်ကြည်က တွေ့ခဲ့ပြီဆိုတော့ နှစ်ဘက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမယ်လို့ အန်ကယ် ယူဆပါသလား၊ နောက်ပိုင်းမှာပေါ့။

“ဟုတ်ကဲ့၊ ဖြစ်နိုင်ခြေတွေကတော့ အများကြီးရှိပါတယ်။ တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားကို ရှေးရှုရေးဆိုတာကို နှစ်ဘက်စလုံးက မသိကျိုးကျွံပြုပြီး မျက်နှာမမူဘဲ နေလို့မရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ရှေ့အလားအလာကတော့ အဆင်ပြေ နိုင်တဲ့ လမ်းကြောင်းတခုဆီကို ဦးတည်နေပြီလို့ ယူဆမယ်ဆိုရင်လည်း ယူဆနိုင်ပါတယ်။”

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားရေးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို ဒေါ်အောင်ဆန်းစုကြည် က တောင်းခံခဲ့သလို အနောက်နိုင်ငံ သံရုံး တာဝန်ရှိသူတွေနဲ့လည်း ဒီအတွက် တွေ့ဆုံလိုတယ်လို့ စစ်အစိုးရကို တောင်းဆို ထားပါတယ်။ မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးကတော့ ဒါဟာ နှစ်ဘက် အပြန်အလှန် တီးခေါက်မှုသဘောပဲဖြစ်ပြီး အပြန်အလှန် နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်မယ့် လက္ခဏာလို့တော့ မယူဆပါဘူး။

“ဒေါ်အောင်ဆန်းစုကြည်က ဘာကိုဆိုလိုတာလဲ၊ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘယ်လိုပုံစံမျိုးတွေနဲ့ အလိုက်အလျော ပေးပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖယ်ရှားမှာလဲဆိုတဲ့ တဘက်နဲ့တဘက် တီးခေါက်တဲ့ပုံစံလောက်ပဲလို့ ကျနော့် အနေနဲ့ ထင်ပါတယ်။ သိပ်ပြီးတော့ ဒီ့ထက်ပိုပြီး ကြီးကျယ်တဲ့ ဆွေးနွေးပွဲတော့ ဖြစ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မထင်ပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မကြာသေးခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို ပယ်ချထားတာ ရှိတယ်။”

နိုင်ငံရေးအရ တခုခုအတွက် အဖြေထုတ်ဖို့ တွေ့ဆုံဆွေးနွေးရေး မဟုတ်တာတောင်မှ တစုံတခု အကြောင်းရပ်ပေါ်မှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာတွေရော ရှိလာနိုင်ပါသလား။

“ကျနော်တို့နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အနေအထားအတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှု တွေကို စစ်အစိုးရအနေနဲ့ လိုက်လျောနိုင်တဲ့ အနေအထားတွေ တခါမှ ပြခဲ့တာမျိုး မတွေ့ခဲ့ရဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း စစ်အစိုးရအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါစေချင်တဲ့ဆန္ဒမျိုး လုံး၀ မရှိဘူးခင်ဗျ။”

မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွေတို့အကြား ကြားခံအဖြစ် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို စစ်အစိုးရက လွန်ခဲ့တဲ့ ၂ နှစ်က ခန့်ခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံး ၂၀၀၈ ဇန်နဝါရီလအတွင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ တွေ့ခဲ့ပေမဲ့ နောက်ပိုင်း မတွေ့ဖြစ်ခဲ့သလို ဖွဲ့စည်းပုံကိစ္စ၊ ရွေးကောက်ပွဲကိစ္စ တွေမှာ နှစ်ဘက် အပြန်အလှန် နိုင်ငံရေး တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ အခုတွေ့ဆုံတဲ့ကိစ္စဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကိစ္စအပေါ် အခြေခံတာ ဖြစ်ပေမဲ့လို့ ၂၀၁၀ ရွေးကောက်ပွဲ အပါအဝင် အခြား နိုင်ငံရေးကိစ္စတွေနဲ့တော့ ဆက်စပ် ဖွယ် မရှိဘူးလို့ မြန်မာ့အရေး လေ့လာသူအချို့က ယူဆကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG