သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ စစ်ဆေးရေးမှူးတွေ နျူကလီးယားစက်ရုံသစ် စစ်ဆေးဖို့ အီရန် သဘောတူ


အီရန်နိုင်ငံ ကွမ် (Qom) မြို့အနီးမှာရှိတဲ့ နျူကလီးယား စက်ရုံသစ်ကို လာမယ့် အောက်တိုဘာ ၂၅ ရက်နေ့မှာ စုံစမ်းစစ်ဆေးသူတွေကို ကြည့်ရှုခွင့်ပေးမယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

တီဟီရန်မြို့တော်မှာ အီရန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံအပြီး မနေ့တုန်းကပဲ IAEA အကြီးအကဲ မိုဟာမက် အယ်လ်ဘာရာဒေး (Mohamed ElBaradei) က ပြောဆိုလိုက်တာပါ။ ဒီတွေ့ဆုံမှုအတွင်း လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့ကြရင် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ ဗီယင်နာမြို့မှာ ပြန်ပြီး တွေ့ဆုံဖို့ကိုလည်း အီရန်နိုင်ငံက သဘောတူခဲ့တာပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဂျနီဗာမြို့မှာ ၆ နိုင်ငံနဲ့ တွေ့ဆုံစဉ် ကွမ်မြို့က နျူကလီးယားစက်ရုံကို စစ်ဆေးသူတွေကို ဝင်ရောက်လေ့လာခွင့် ပြုမယ်ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ အယ်လ်ဘာရာဒေးကတော့ IAEA အနေနဲ့ အီရန်ဟာ နျူကလီးယားလက်နက် အစီအစဉ်တွေ ရှိနေတယ်ဆိုတာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အထောက်အထား မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အီရန်က နျူကလီးယား လက်နက်ဆိုင်ရာ လေ့လာမှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆူဇန် ရိုက်စ် (Susan Rice) ကတော့ အီရန်နိုင်ငံဟာ နျူကလီးယားနဲ့ ပတ်သက်လို့ ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အကဲဖြတ်ချက်တွေ အမျိုးမျိုး ရှိနေတဲ့အကြောင်း ဝါရှင်တန်မှာ ပြောဆိုခဲ့တာပါ။ အီရန်အနေနဲ့ အများက စွပ်စွဲထားတဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေး အစီအစဉ်တွေကို မစွန့်လွှတ်ဘူး ဆိုရင်တော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို တိုးမြှင့်လုပ်ဆောင်ရလိမ့်မယ်လို့ မနေ့တုန်းက အမေရိကန် ရုပ်မြင်သံကြား အစီအစဉ်မှာ သူက မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG