သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်အသွင်ပြောင်းရေး KIO အပေးအယူ ပြုလုပ်လို


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ မြန်မာစစ်အစိုးရကြား နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့အတွက် နှစ်ဘက် အပေးအယူလုပ်ဖို့ လိုအပ်တယ်လို့ KIO အဖွဲ့ဘက်က ထုတ်ဖော်ပြောဆိုလာပါတယ်။ ဒီလို ထုတ်ဖော်ပြောဆို လာတာကတော့ မြန်မာစစ်အစိုးရဘက်က KIO ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ KIA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ထပ်မံ တောင်းဆိုလာလို့ ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

KIO နဲ့ မြန်မာစစ်အစိုးရတို့ အကြားမှာ လွန်ခဲ့တဲ့အပတ် သြဂုတ်လ ၂၉ ရက်နေ့က ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာ မြန်မာစစ်အစိုးရဘက်က အရင်က တောင်းဆိုထားတဲ့အတိုင်း KIA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ထပ်မံဆွေးနွေးခဲ့တယ်လို့ KIO အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက အခုလို ထုတ်ဖော်ပြောဆိုပါတယ်။

“တပ်အမည်ကတော့ နယ်ခြားစောင့်တပ်ပဲ ဖြစ်ရမယ်ဆိုပြီး ပြောပါတယ်။ ဒါပေမဲ့ ကျနော်တို့လည်း နယ်ခြားစောင့်တပ်ရဲ့ သဘော သဘာဝ၊ အုပ်ချုပ်မှု၊ ကွပ်ကဲမှု အစစ အရာရာ ကျနော်တို့ မသိသေးဘူး။ မသိသေးတော့ အဲဒါတွေကို ကျနော်တို့ အချက်အလက် မေးမြန်းလိုတဲ့ သဘောပဲ ရှိပါတယ်။”

မြန်မာစစ်အစိုးရက KIO အပါအဝင် အပစ်ရပ် အဖွဲ့စည်းတွေကို လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းက နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ KIO က တပ်အသွင်ပြောင်းရေးကို မူအားဖြင့် လက်ခံခဲ့ပေမဲ့ နယ်ခြားစောင့်တပ်အစား ကချင်ပြည်ဒေသ ကာကွယ်ရေးတပ်အဖြစ် အသွင်ပြောင်းလဲဖို့နဲ့ ဒီလို အသွင်ပြောင်းလဲ ဖွဲ့စည်းရာမှာလည်း ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရ ပေါ်ပေါက်လာတဲ့အချိန်မှ အဆုံးသတ် ဆွေးနွေးဖို့ ပြန်လည် တောင်းဆိုထားပါတယ်။

ဒါကို မြန်မာစစ်အစိုးရဘက်က လက်မခံခဲ့ဘဲ အခုနောက်ဆုံး ဆွေးနွေးပွဲမှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ထပ်မံတောင်းဆိုလာတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ KIO နဲ့ မြန်မာစစ်အစိုးရအကြား ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းမယ်ဆိုရင် နှစ်ဘက် အပေးအယူလုပ်ဖို့ လိုအပ်မယ်လို့ ဒေါက်တာလဂျာက ဆက်ပြောပါတယ်။

“ကျနော်တို့ ငြိမ်းချမ်းရေးက ပျက်ပြားလို့ မဖြစ်ဘူး။ တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားရမယ်။ ကျနော်တို့ ဒီ အသွင်ကူးပြောင်းရေး ကိစ္စမှာတော့ စစ်နဲ့၊ လက်နက်နဲ့ ဖြေရှင်းလို့ အဖြေမရနိုင်ဘူးဆိုတဲ့၊ စစ်မက်နဲ့ တိုက်ပွဲနဲ့ ဖြေရှင်းတဲ့ နည်းနာကိုတော့ ကျနော်တို့ လုံး၀ မလိုလားဘူးဆိုတဲ့သဘော ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ပျက်ပြားလို့တော့ မကောင်းဘူးလေ။ ဆိုတော့ အပေးအယူတော့ ရှိရမှာပေါ့။ နှစ်ဘက်စလုံးက ဒီဟာကို အချိန်ယူပြီးတော့မှ အပေးအယူ ဆွေးနွေးတဲ့သဘောတော့ ရှိရမှာပါ။”

KIO ဘက်ကတော့ တပ်အသွင်ပြောင်းလဲရေးကို ဆက်လက်ဆွေးနွေးမယ်လို့ ပြောပါတယ်။ အခုနောက်ဆုံး ဆွေးနွေးပွဲမှာတော့ မြန်မာစစ်အစိုးရဘက်က တပ်အသွင်ပြောင်းလဲရေးကို ဘယ်အချိန် နောက်ဆုံးထား ပြောင်းလဲရမယ် ဆိုတာကိုတော့ ထပ်မံဆွေးနွေးတာ မရှိခဲ့ပါဘူး။

KIO နဲ့ မြန်မာစစ်အစိုးရတို့ဟာ တပ်အသွင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ၈ ကြိမ် ဆွေးနွေးခဲ့ပေမဲ့ အခုချိန်ထိတော့ တိကျတဲ့အဖြေ မရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG