သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှ-မြန်မာ နယ်စပ် နှစ်ဘက် လုံခြုံရေးတိုးမြှင့်


မြန်မာနဲ့ ဘင်္ဂလားရှေ့ နယ်စပ်တလျှောက် အခုရက်ပိုင်းအတွင်း နှစ်ဘက် တပ်အင်အားတွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခုလို မြန်မာနိုင်ငံဘက်မှာ တပ်ဖွဲ့အင်အားတွေ တိုးမြှင့်ချထားတာကတော့ နယ်စပ်ဒေသမှာရှိတဲ့ တပ်ဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်နက်ကိုင် အဖွဲ့အစည်းတွေက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ဖြစ်တယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“အခု ဘင်္ဂလားဒေ့ရှ်ဘက်က နေပြီးတော့ မူစလင် သူပုန်တွေက မြန်မာ နစက စခန်းကို ဝင်တိုက်သွားတာပေါ့။ သူတို့ကတော့ အဓိက ရခိုင်ပြည်ကို ဝင်ရောက် သိမ်းပိုက်လိုတဲ့ ဆန္ဒတွေရှိတဲ့ မူစလင် လွတ်မြောက်ရေး တပ်တွေပေါ့။ သူတို့က အခု တချက် ဝင်တိုက်သွားတာ တွေ့ရပါတယ်။ ဝင်တိုက်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ထဲကို ပြန်ဝင်ပြေးကြတယ်။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လုံခြုံရေး တော်တော်လေး ချထားတယ်။ အဓိက လုံခြုံရေးချထားတဲ့ နေရာကတော့ မဲ့ကျောက်စရီဘက်၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာ ရာမုဘက်၊ ပင်းဝေါ်ဘက်ပေါ့၊ အဲဒီဘက်မှာ တော်တော်လေး စစ်တပ်အင်အားတွေ တိုးချဲ့ထားတယ်။”

သူတို့က ဝင်တိုက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ပြန်ပြေးတယ်။ သဘောက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေစိုက်တဲ့ သူပုန်တွေပေါ့။

“ဟုတ်ကဲ့ပါ၊ ပြီးတော့ ဒီဘက်မှာ အဓိက ဘင်္ဂလားစစ်တပ် တိုးချဲ့ထားတာက အဲဒီလိုမျိုး ဝင်တိုက်တဲ့ တချက်ရယ်၊ ဗမာပြည် ဘက်မှာ အခုလက်ရှိ ဖြစ်နေတာက မူစလင် ၂၀,၀၀၀ ကျော်လောက် ဒီဘက်ကို ပြေးလာနိုင်တဲ့ အခြေအနေ ရှိတယ်။ အဲဒါကြောင့် ပြေးလာနိုင်တဲ့ နေရာတွေက မဲ့ကျောက်စရီဘက်ပေါ့၊ ပြီးတော့ ခေါင်းသုံးဘက်၊ ပြီးတော့ ရာမုဘက်မှာ အဓိက စစ်တပ် ချထားပါတယ်။”

ပြေးလာနိုင်တယ်ဆိုတာ မြန်မာဘက်ကိုလား၊ ဘင်္ဂလားဒေ့ရှ်ဘက်ကိုလား။

“ဘင်္ဂလားဒေ့ရှ်ဘက်ကိုပါ။ နောက်တချက်က အခု ဗမာစစ်တပ် တိုးချဲ့ထားတာကတော့ ဘင်္ဂလားဒေ့ရှ်မှာ ရေနံကုမ္ပဏီက စခန်းချပြီး ရေနံ စမ်းသပ်မယ်။ ၁၁ ဘလော့နဲ့ ၁၀ ဘလော့က ဗမာ အမြဲသွားနေတဲ့ နယ်စပ်ဖြစ်နေတယ်။ အဓိကတချက်က ဒီ ၁၁ နဲ့ ၁၀ ဟာ ဘင်္ဂလားဒေ့ရှ်ပိုင်သလို ဗမာဘက်ကလည်း ပိုင်တယ်လို့ အငြင်းပွားတဲ့နေရာ ဖြစ်တဲ့အတွက် ဗမာစစ်တပ် လည်း အဲဒီနေရာနဲ့ ပတ်သက်ပြီး တိုးချဲ့ထားတာ ဖြစ်ပါတယ်။”

အခုဖြစ်နေတဲ့ ပြဿနာ အဓိက အကြောင်းအရာတွေကို အကျဉ်းချုံးပြီး ပြောပြပေးပါ။

“အားလုံး ၃ ချက်ပေါ့။ တချက်က မွတ်ဆလင်တွေ ဒီဘက်ပြေးလာဖို့ တချက်ပါတယ်။ နောက်တချက်က ရေနံကိစ္စ၊ နောက် မွတ်ဆလင် လွတ်မြောက်ရေးတပ်တွေက ဝင်တိုက်တယ်၊ အဲဒီအချက်တွေ ပါတယ်။”

၂၀၀၈ ခုနှစ် နိုဝင်ဘာလတုန်းကလည်း သဘာဝဓာတ်ငွေ့ တူးဖော်ရေးအတွက် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ရေပိုင်နက် ဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် နှစ်ဘက် တပ်အင်အားတွေ တိုးမြှင့်ချထားပြီး အခြေအနေတွေ တင်းတင်း မာမာ ဖြစ်ခဲ့ပါတယ်။ အခုနှစ် အစောပိုင်းတုန်းကလည်း မြန်မာရေတပ်က ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်က စွပ်စွဲပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း နှစ်နိုင်ငံ နယ်စပ်တလျှောက် နှစ်ဘက်တပ်တွေ လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကတော့ ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံဘက်မှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာအာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မောင်းထုတ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ရရှိထားတဲ့ အကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံဘက်မှာရှိတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကို မောင်းထုတ်ဖို့ ပြင်ဆင်နေ တယ်ဆိုတဲ့ သတင်းတွေ လွန်ခဲ့တဲ့ ၂ ရက်လောက်က ရခဲ့ပါတယ်။ ဒီသတင်းကို အတည်ပြုနိုင်ဖို့ မြန်မာနိုင်ငံဘက်မှာ ရှိနေတဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေကတဆင့် စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။”

ဘင်္ဂလားရှေ့-မြန်မာ နှစ်နိုင်ငံရေပိုင်နက် အငြင်းပွားမှုအပြင် ရိုဟင်ဂျာကိစ္စကလည်း အငြင်းပွားစရာ ဖြစ်နေပါတယ်။ ရိုဟင်ဂျာတွေကိုယ်တိုင်က သူတို့ဟာ မြန်မာဌာနေတွေ ဖြစ်တယ်လို့ ပြောဆိုနေပေမဲ့ မြန်မာအာဏာပိုင်တွေဘက်ကတော့ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောင်းရွှေ့လာသူတွေလို့ ပြောပါတယ်။ ဒါကြောင့်လည်း နယ်စပ်ဒေသမှာ နှစ်ဘက် ကူးလူးသွားလာမှုတွေကို ကန့်သတ်လာကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG