သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး ဦးအောင်ကြည် တပတ်အတွင်း ဒုတိယအကြိမ်တွေ့


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်အစိုးရက ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ပေးထားတဲ့ အလုပ်သမားရေး ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒီကနေ့ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးသား ပေးပို့ခဲ့ပြီး နောက်ပိုင်း တပတ်အတွင်း ဒုတိယအကြိမ်အဖြစ် ဦးအောင်ကြည်နဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကို ကိုသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်းက အခုလို စပြောပါတယ်။

“ကျနော်တို့လည်း ထပ်တွေ့တဲ့ သတင်းပဲ သိပါတယ်။ နာရီဝက်လောက် ကြာတယ်လို့ပဲ ကြားပါတယ်။ တွေ့တဲ့အကြောင်းရင်းတော့ ကျနော်တို့ မသိပါဘူး။”

ဟိုတနေ့က တွေ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရေးထားတဲ့ စာပေါ်မှာ အခြေခံပြီးတော့ တွေ့တယ်လို့ သတင်းစာမှာ ရေးပါတယ်။

“ဒီနေ့တွေ့တာလည်း အဲဒါရဲ့ အဆက်ဖြစ်ဖို့ ကျနော်တို့ ယူဆတယ်။”

ငါးရက်အတွင်းမှာ နှစ်ကြိမ်တွေ့တယ်ဆိုတော့ အရင်ထက်စာရင်တော့ တွေ့တာက နည်းနည်းလေး ပိုပြီး စိပ်လာတယ်လို့ ပြောလို့ရမှာပေါ့။ ဒီအပေါ်မှာရော NLD အနေနဲ့…။

“ကောင်းပါတယ်၊ ချက်ချင်း ဖြေကြား၊ မေးမြန်း၊ ဒါမျိုးတွေ ရှိမှာပေါ့လေ။ တွေ့တာတော့ ကျနော်တို့က ကြိုဆိုပါတယ်၊ ဘာပဲဖြစ်ဖြစ်။”

NLD CEC က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့အတွက် တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒီကိစ္စရော အခြေအနေ ဘာများ ထူးပါသလဲ။

“မရှိပါဘူးဗျ၊ မရှိပါဘူး။”

အခုအချိန်ထိ မရှိသေးဘူးပေါ့နော်။

“မရှိသေးပါဘူးခင်ဗျ။”

ရှေ့နေအဖွဲ့နဲ့ တွေ့ဖို့တောင်းထားတာ အယူခံမှုကို ပြင်ဆင်ချက် တင်ဖို့လားခင်ဗျ။

“ဟုတ်ကဲ့ပါ၊ မှန်ပါတယ်။”

တောင်းဆိုချက်ကရော တစုံတရာ ဟိုဘက်က တုံ့ပြန်မှု ထူးခြားမှု ရှိပါလားခင်ဗျ။

“ကျနော်တို့တောင်းထားတာ ဒီနေ့ပါပဲ။ ဒီနေ့တော့ ဟိုဘက်မှာ ဒေါ်စုက ပိုမိုအရေးကြီးတဲ့ ကိစ္စဆိုတော့ ကျနော်တို့ကို ရွှေ့ဆိုင်းတဲ့သဘော ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG