သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့တွင် မိုးသည်းထန်စွာ ရွာပြီး ရေကြီး


စစ်ကိုင်းတိုင်း ကလေးမြို့မှာ မိုးများတာကြောင့် ချောင်းရေလျှံပြီး ပြည်သူတွေ ထောင်နဲ့ချီ ရေလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရသလို လယ်မြေဧက အတော်များများလည်း နစ်မြုပ်နေပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းမကြီးဖြစ်တဲ့ ကလေး-တမူးလမ်းနဲ့ ကလေး-ကလေးဝလမ်းလည်း ရေလွှမ်းတာကြောင့် ကားအသွားအလာတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ကလေးမြို့မှာ ဒီလ ၁ ရက်နေ့ကနေ ဒီကနေ့ထိ မိုးဆက်တိုက် ရွာသွန်းနေပြီး မြစ်သာမြစ် ရေလျှံတာကြောင့် အခုလို ရေလွှမ်းမိုးတာ ဖြစ်ပါတယ်။ ကလေးမြို့အတွင်း ရေလွှမ်းမိုးတဲ့ အခြေအနေကို မြို့ခံတယောက်က အခုလို ပြောပါတယ်။

“စစချင်းတုန်းက တနာရီကို တတောင်လောက်ကို တက်တာ။ နောက်တော့မှ ဖြည်းဖြည်းချင်း ၆ လက်မလောက် လျော့သွားတာပေ့ါနော်။ ဒါပေမယ့် အခုအချိန်ကတော့ တက်တုန်း။ နည်းနည်း ဖြည်းဖြည်းချင်း တက်တာပေါ့နော်၊ အစလောက် မမြန်တော့ဘူး။ တက်တာကတော့ တက်တုန်း။ အရင်တုန်းကဆိုရင် လမ်းမကျန်တယ်၊ တက်တယ်ဆိုရင် ဘေးတွေပဲပေါ့ လယ်တွေပဲ မြုပ်တာ။ ခုက လမ်းမတွေပါမြုပ်တာ။ ကလေး-တမူးလမ်း၊ ကလေးဝလမ်းတွေ အကုန်ပိတ်သွားတာပေါ့။ ကားလမ်းကို ရေကျော်ဆို ကားလမ်းလည်း မမြင်ရတော့ဘူး၊ တပြင်လုံး ရေပြင်ဖြစ်သွားတာပေ့ါ။”

ကလေး-တမူးလမ်းနဲ့ ကလေး-ကလေးဝလမ်းတွေဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းဖြစ်ပါတယ်။ အခြားမြို့ခံတယောက်က ကလေးမြို့အတွင်း ရေလွှမ်းမိုးတာကြောင့် ထိခိုက်ရတဲ့ အခြေအနေတွေကို အခုလိုပြောပါတယ်။

“ရေဘေးဒုက္ခသည်ကတော့ ၂,၀၀၀၊ ၃,၀၀၀ လောက် ရှိတာပေါ့။ မြို့ပေါ် ရေဘေးဒုက္ခသည်တင် လူ ၂,၀၀၀ လောက်ရှိတယ်။ တချို့က မြင့်တဲ့ ဘုန်းကြီးကျောင်းတွေမှာ နေကြတယ်။ တချို့ နီးစပ်ရာအိမ်တွေမှာ နေကြတယ်။ ကျွဲတွေ နွားတွေပါ ဆွဲပြီး လမ်းတွေပေါ်မှာ ကတ္တရာလမ်းတွေပေါ်မှာ ချည်ထားကြတာပဲ။ ဝက်တွေရော အစရှိသဖြင့်ပေါ့။ သစ်ထုတ်လုပ်ရေးဝင်းထဲက လူတွေဆို တဦးမှ မနေနိုင်လို့ ကားတွေပေါ်မှာ အိမ်လုပ်ပြီး နေနေကြတာ။ ကလေးနားတဝိုက်တင်ဆို လယ်ဧက အနည်းဆုံး ထောင်ဂဏန်းအောက် မရှိဘူး ပျက်စီးတာ၊ ထောင်ဂဏန်းအထက်မှာ ရှိမယ်။ ကလေးနဲ့ ကလေးဝလမ်းလည်း ပိတ်သွားပြီ။ ကလေး-တမူးလမ်းလည်း ပိတ်သွားပြီ။ သွားလို့မရဘူး၊ ရေကြီးနေတာ။ မနေ့ကစပြီး လုံး၀ မသွားနိုင်တော့ဘူး။”

ဒီကနေ့ တမူးကနေ ကလေးမြို့ကို ပြန်လာသူတချို့ဟာ ကားလမ်း ရေလွှမ်းတာကြောင့် စက်လှေနဲ့ ပြန်လာကြသူတွေလည်း ရှိပါတယ်။ ကလေးမြို့ အနီးအနားဝန်းကျင် ရေလွှမ်းမိုးတဲ့ ကျေးရွာတွေ အခြေအနေကို ကလေးမြို့ခံက အခုလို ဆက်ပြောပါတယ်။

“အဓိက ရေမြုပ်နေတဲ့ ရွာတွေကတော့ ကလေးနားကပ်လျက်က ကန်ပုလဲ အရှေ့ရွာ၊ ပြင်သာ၊ တောင်အူ၊ ဥယျာဉ်၊ အူရူ၊ ကင်မွန်းခြုံ အဲဒီရွာတွေကတော့ မြုပ်နေတယ်။ မနေ့က စမြုပ်တာပဲ။ မနေ့က မနက်က စမြုပ်တာ ပြင်သာတို့ တောင်အူတို့က။ မနေ့က ရွာထဲက သိပ်အခက်အခဲ မရှိသေးဘူး။ ဒီနေ့က စိုးရိမ်တဲ့အတွက် ကလေးမြို့ကို ဖြစ်သလိုနဲ့ မြို့ပေါ်ကို မြင့်တဲ့နေရာတွေ တက်လာတဲ့သူတွေ အများကြီးရှိတယ်။”

ကလေးမြို့ အနီးအနား ကျေးရွာတွေက ရေနစ်မြုပ်တဲ့ လယ်တွေပါဆိုရင် အနည်းဆုံး လယ်ဧက သောင်းဂဏန်းအထိ ရှိနိုင်ပြီး ကျွန်းမြေတွေမှာ စိုက်ပျိုးထားတဲ့ ပဲပုပ်၊ မြေပဲ၊ ပဲနီလေးခြံတွေလည်း ပျက်စီးကုန်တယ်လို့ ပြောပါတယ်။

အခုအခါမှာ ရေဘေးဒုက္ခသည်တွေကို ကလေးမြို့ခံတွေက ထမင်းထုပ်တွေ ထောက်ပံ့ ပေးဝေနေတယ်လို့ ဆိုပါတယ်။ အစိုးရအာဏာပိုင်တွေက အကူအညီပေးတာတော့ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၁၉၉၇ ခုနှစ်တုန်းက ကလေးမြို့မှာ ရေကြီးတာကြောင့် ကလေး-တမူး ကားလမ်း ပိတ်ခဲ့ရဘူးပါတယ်။ ဒါပေမဲ့ ဒီနှစ် ရေကြီးတာကတော့ ၁၉၉၇ ခုနှစ်ကထက် ပိုများပြီး ဒီကနေ့အထိလည်း ရေတက်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG