သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်နိုင်ငံနယ်စပ် အငြင်းပွားမှု ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် ယုံကြည်


ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံနယ်စပ် အငြင်းပွားမှုတွေကို တပ်အင်အားတွေ မသုံးဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။ ဒီနေ့ ဒက်ကာမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်က ဆင့်ခေါ်ပြီး နယ်ခြားမှာ နှစ်ဘက်တပ်ဖွဲ့တွေ တိုးပြီးချထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားဒေသမှာ နှစ်ဘက်တပ်ဖွဲ့တွေ အင်အားတွေဖြည့်ပြီး တပ်ဖြန့်ချထားတယ်၊ တင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဒီပူ မိုနီ (Dr Dipu Moni) က ဒီနေ့ ခေါ်ယူတွေ့ဆုံခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာဗျုရို ဒါရိုက်တာ အမ်း ဂျီရာ အူဟတ်ဒ် (Ahm Jira Uhud) ကတော့ အခြေအနေဟာ နှစ်နိုင်ငံ အေးအေးဆေးဆေး ဖြေရှင်းလို့ ရမှာပါလို့ ဗွီအိုအေကို ပြောပါတယ်။

“အခြေအနေက သိပ်ကို ကြီးကျယ်တဲ့ ပြဿနာ၊ စိုးရိမ်ရတဲ့ ပြဿနာတခု မဟုတ်ပါဘူး။ ဒီနေ့ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ နိုင်ငံခြားရေး အတွင်းဝန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ တွေ့ဆုံ ဆွေးနွေးကြမှာပါ။ မြန်မာနိုင်ငံဟာ အိမ်နီးချင်းကောင်း နိုင်ငံတခုပါ။ ဒီလို ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်မှာပါ” လို့ ပြောသွားပါတယ်။

ဒက်ကာမှာရှိတဲ့ မြန်မာသံရုံးကို ဒီကိစ္စ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်ကြားချက် မရခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာတွေမှာတော့ နယ်ခြားမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေ တိုးချထားပြီး တပ်ဖွဲ့တွေအတွင်း မဖြစ်မနေ ယူရတဲ့ ခွင့်မျိုးကလွဲလို့ ခွင့်ယူခွင့် မပေးဘူးလို့ ရေးသားထားပါတယ်။ တပ်ဖွဲ့အားလုံး အသင့်ပြင်ထားရမယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနက နယ်ခြားစောင့်တပ်ကို ညွှန်ကြားထားတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာတွေမှာ ရေးပါတယ်။

နယ်စပ်အခြေအနေနဲ့ ပတ်သက်လို့ နယ်ခြားဒေသ သတင်းတွေကို အဓိကရေးသားတဲ့ ကုလားတန် သတင်းစာ အယ်ဒီတာ ကိုတင်ထွဋ်က အခုလို ပြောပါတယ်။

“ဗမာပြည်ထဲက ခြံစည်းရိုးကို သောကြာနေ့က သူတို့ ပြန်စနေတာပဲ။ သူတို့ ကြားထဲမှာ ၂ လတိတိ ရပ်ဆိုင်းသွားတယ်။ အဲလို ရပ်ဆိုင်းသွားပြီး သောကြာနေ့က ပြန်စတဲ့အချိန်မှာ အဲဒီခြံစည်းရိုးနဲ့အတူ စစ်တပ်လည်း နယ်စပ်တလျှောက်မှာ ချထားတယ်ဆိုတော့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ နယ်ခံတွေက ဒေသအာဏာပိုင်တွေကို စစ်တပ်တွေ တိုးလာတဲ့အကြောင်း ပြောပြတော့ အဲဒီမှာရှိတဲ့ နယ်စပ်တပ်တွေကို တိုးပြီး ပြန်ချထားတဲ့ပုံစံမျိုး ရှိတယ်။ ဘာမှ ပစ်တာခတ်တာတော့ မရှိသေးဘူး။ ဒါပေမဲ့ နှစ်ဘက်စလုံးကတော့ တင်းမာနေတဲ့ ပုံစံမျိုးတော့ ရှိတယ်။”

ဒီအတောအတွင်း အငြင်းပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ ရေပိုင်နက်ထဲမှာ ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ပြင်ဆင်တဲ့ အမေရိကန် ConocoPhillips (COP) ကုမ္ပဏီကို မြန်မာနိုင်ငံဘက်က ဆက်မလုပ်ဖို့ သတိပေးခဲ့တယ်ဆိုပြီး ဒက်ကာမှာ ထုတ်ဝေတဲ့ The Age သတင်းစာက ရေးသားခဲ့ပါတယ်။ ဒီသတိပေးချက်နဲ့အတူ နယ်ခြားမှာ မြန်မာဘက်က စပြီး တပ်တွေဖြန့်ချရင်း သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကာတဲ့ လုပ်ငန်းတွေကို စလုပ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားမှာ အရင်ကလည်း နယ်ခြားဒေသ အငြင်းပွားမှုတွေနဲ့ တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ဘူးပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အတွင်းမှာ မြန်မာသင်္ဘောတွေ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲကို ဝင်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ကိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စိန့်မာတင်ကျွန်း အနောက်တောင်ဘက် ရေကြောင်းမိုင် ၅၀ အကွာကို ဘင်္ဂလားဒေ့ရှ် ရေတပ်က စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ရေကြောင်းနယ်နိမတ် သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ကုလသမဂ္ဂက တဆင့် သံတမန်ရေးအရ ကန့်ကွက်ထားသလို နှစ်နိုင်ငံ အရာရှိတွေလည်း မကြာခဏဆိုသလို တွေ့ဆုံဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း သူတို့ရဲ့ ရပိုင်ခွင့် ရေပိုင်နက် အငြင်းပွားမှုကို ဥပဒေကြောင်းအရ ဆက်လက် ဖြေရှင်းသွားမယ်ဆိုပြီး ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG