ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူနေလို့ မဆက်ဆံနိုင်ဘူးဆိုတဲ့ မူဝါဒဟာ မှားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မကြာမီက ပြောသွားပါတယ်။ ဒါကြောင့်မို့ ဒဏ်ခတ်အရေးယူရင်း တဖက်ကလည်း တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်မူဝါဒသစ်ကို ကြိုဆိုလိုက်ပြီး စစ်အစိုးရကိုရော အတိုက်အခံကိုရော ဆက်ဆံဆွေးနွေးတာမျိုး ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီအရေးမှာ တိုးတက်မှုရှိလာတာနဲ့ ဒဏ်ခတ်တာကို လျော့ပေးမယ့် သဘောပါပဲ။
အိုဘားမားအစိုးရနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ဗမာစစ်အစိုးရဘက်က စတင်ကမ်းလှမ်းလာတဲ့အတွက် တွေ့ဆုံဆွေးနွေးရေးမှုကို လက်ခံလိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာထမ်းတဦးက ဆိုပါတယ်။ အခုလို လုပ်နည်းကိုင်နည်းပြောင်းလိုက်ပေမဲ့ အမေရိကန်ရဲ့ ရည်မှန်းချက်ကတော့ မပြောင်းလဲဘဲ ပြည်သူ့အခွင့်အရေးကို ရိုသေလေးစားပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးဖြစ်တယ်လို့ ဆိုပါတယ်။ စစ်အစိုးရနဲ့ လက်ဝေခံလုပ်ငန်းရှင်တွေကို ဒဏ်ခတ်အရေးယူတဲ့အတွက် ဗမာစစ်အုပ်စုဘက်က လေသံပြောင်းလာတာလို့ ရှုမြင်ကြပါတယ်။
ဗမာစစ်အစိုးရကို ၁၉၉၇ မေလက စပြီး အမေရိကန်က ဒဏ်ခတ်အရေးယူလာတာမို့ (၁၂) နှစ်ရှိနေပါပြီ။ ဒီပဲယင်း အရေးအခင်းကို ကန့်ကွက်တဲ့အနေနဲပ ၂၀၀၃ ဇူလိုင်လမှာ ကွန်ဂရက်လွှတ်တော်က ဥပဒေပြဌာန်းပြီး မြန်မာပြည်က သွင်းကုန်အားလုံးကို ပိတ်ပင်လိုက်ပါတယ်။ သံဃာဦးဆောင်တဲ့ လူထုဆန္ဒပြပွဲကို အကြမ်းဖက် နှိမ်နင်းတဲ့ ဗမာစစ်အစိုးရကို ၂၀၀၇ အောက်တိုဘာမှာ အရေးယူ ဒဏ်ခတ်ပြန်ပါတယ်။ အဲဒီနောက် ၂၀၀၈ ခုနှစ် ဧပြီလမှာ တကြိမ်၊ ဇူလိုင်လမှာ တကြိမ် ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့နဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားတွေနဲ့ ဘဏ္ဍာရေးအရ အရေးယူပါတယ်။ ဒါကြောင့် အမေရိကန်က (၁၂) နှစ်အတွင်းမှာ စုစုပေါင်း (၅) ကြိမ် ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူထားပါတယ်။
စစ်အစိုးရနဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားတွေကို ၂၀၀၇ နောက်ပိုင်းမှာ ဘဏ္ဍာရေးအရ အရေးယူလာတာဟာ တဖြည်းဖြည်း အကျိုးသက်ရောက်မှု ရှိလာပုံရပါတယ်။ ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းသင့်ကြောင့် မြန်မာပြည်ကို ဒဏ်ခတ်အရေးယူနေတာဟာ မတရားတဲ့ လုပ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ ၂၀၀၈ စက်တင်ဘာလက နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ နောက်တခါ ဒီနှစ်မေလ အစောပိုင်း ဟာဗားနားမြို့မှာ ကျင်းပတဲ့ ဘက်မလိုက်နိုင်ငံများ အစည်းအဝေးမှာလည်း ဖွံ့ဖြိုးစနိုင်ငံတွေကို ဒဏ်ခတ်အရေးယူတာတွေ ရပ်ဆိုင်းသင့်ကြောင့် ဦးဉာဏ်ဝင်း က ပြောပြန်ပါတယ်။ ဒါကြောင့် ဒဏ်ခတ်မှုဟာ စစ်အစိုးရအသိုင်းအဝိုင်းကို ထိခိုက်နေတယ်လို့ ယူဆကြပါတယ်။
တိုင်းသူပြည်သားတွေကို ဖိနှိပ်ညှဉ်းပမ်းနေတာ ရပ်ဆိုင်းပြီး အတိုက်အခံများကို လေးစားမယ်၊ နိုင်ငံရေး လွတ်လပ်မှုပေးမယ်ဆိုရင် ဒဏ်ခတ်အရေးယူမှုတွေ လျော့ပါးသွားနိုင်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရနဲ့ လက်တွဲနေတဲ့ စီးပွားရေးသမားတစုကို ထိခိုက်လာတော့မှ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်အုပ်စုက ပြောဆိုလာတာကို မရိုးသားဘူးလို့ မှတ်ချက်ချသူတွေ ရှိနေပါတယ်။
မြန်မာစီးပွားရေးမှာ စစ်အရာရှိကြီးတစုနဲ့ သူတို့နဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားတစုကသာ ကြီးပွားချမ်းသာနေပြီး လူများစုဟာ ဆင်းရဲနွမ်းပါးနေပါတယ်။ ဒီလိုစနစ်မှာ ချမ်းသာသူတစုကိုရွေးပြီး ဒဏ်ခတ်အရေးယူတာဟာ ပစ်ကွင်းကို ထိမှန်နိုင်ပါတယ်။ စီးပွားရေးဒဏ်ခတ်အရေးယူရုံနဲ့ ဒီမိုကရေစီရမှာ မဟုတ်ပေမယ့် ဗမာစစ်အစိုးရနဲ့ စီးပွားရေးသမားတစု လုပ်ချင်တိုင်းမလုပ်နိုင်တဲ့ အခြေအနေကို ရောက်သွားပါတယ်။ ဒဏ်ခတ်အရေးယူတာဟာ ဗမာစစ်အစိုးရကို လူဆိုးစာရင်းထဲ ထည့်လိုက်တဲ့ သဘောဖြစ်တာမို့ ဒီသဘောနဲ့ကြည့်ရင် အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုသာ မရှိရင် ဗမာစစ်အစိုးရရဲ့ သောင်းကျန်းမှုနဲ့ ရက်စက်မှုတွေကို အခုလောက် လူသိများမှာ မဟုတ်ပါဘူး။ ဒဏ်ခတ်အရေးယူလို့သာ ဗမာစစ်အစိုးရကို မင်းဆိုးမင်းညစ် အဖြစ် သတ်မှတ်ကြတာပါ။
ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူတာဟာ အမေရိကန်သမ္မတ တဦးတည်း မဟုတ်ပါဘူး။ ကွန်ဂရက်လွှတ်တော်တရပ်လုံးက ဒဏ်ခတ်အရေးယူထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေး ပါတီကြီးတွေဖြစ်ကြတဲ့ Republican Party နဲ့ Democratic Party တို့ဟာ ဗမာစစ်အစိုးရကို ဒဏ်ခတ်တဲ့နေရာမှာ တသာတည်း ဖြစ်နေကြပါတယ်။ ဒါကြောင့် ဒဏ်ခတ်မှု ရုတ်သိမ်းရေးမှာ ကွန်ဂရက်လွှတ်တော်တရပ်လုံးနဲ့ ရင်ဆိုင်ရမယ့် ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ လိုအင်ဆန္ဒ၊ အပြည်ပြည်ဆိုင်ရာရဲ့ ပန်ကြားချက်နဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကဏ္ဍကောစ လုပ်နေတဲ့ ဗမာစစ်အစိုးရကို အရေးယူဒဏ်ခတ်တာဟာ မှန်ကန်တဲ့ နိုင်ငံရေး လှုပ်ရှားမှု ဖြစ်တယ်လို့ ကွန်ဂရက်လွှတ်တော်က ယူဆပါတယ်။
၂၀၀၃ ခုနှစ် ဇူလိုင်လမှာ ပြဌာန်းခဲ့တဲ့ မြန်မာလွတ်လပ်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေဟာ သက်တမ်းတနှစ်တာ ရှိတာမို့ နှစ်စဉ်သက်တမ်းတိုးနေရပါတယ်။ အိုဘားမား အစိုးရကလည်း လွန်ခဲ့တဲ့ ဇူလိုင်လကပဲ ဒီ ဥပဒေကို နောက်ထပ်တနှစ် သက်တမ်းထပ်တိုးလိုက်ပါတယ်။ ဒါကြောင့်မို့ ဗမာစစ်အစိုးရနဲ့ ဆက်ဆံဆွေးနွေးရုံလောက်နဲ့ ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းမှာ မဟုတ်ပါဘူး။ လက်တွေ့ ပကတိ အခြေအနေတွေ ပြောင်းလဲလာမှသာ ဒဏ်ခတ်အရေးယူမှုကို တဖြည်းဖြည်းချင်း ရုတ်သိမ်းသွားဖို့ အလားအလာရှိကြောင်း သုံးသပ်နေကြပါတယ်။