သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်စစ်တပ် တိုက်ခိုက်ခံရမှု စစ်သား ၆ ဦးသေ၊ ၁၅ ယောက် ဖမ်းဆီးခံရ


မနေ့က ပါကစ္စတန်မြို့တော်အနီး ရာဝါပင်ဒီ (Rawalpindi) မှာရှိတဲ့ ပါကစ္စတန်စစ်တပ် ဌာနချုပ်ကို သေနတ်သမား ၆ဦး ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရစစ်သား ၆ဦး သေဆုံးသွားတယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။ သေနတ် သမား ၆ဦးထဲက ၄ဦးကတော့ အပြန်အလှန် တိုက်ခိုက်ကြရင်း သေဆုံးသွားပြီး ကျန် ၂ယောက်ကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ အခုချိန်ထိ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ တာဝန်ယူ ကြေညာခြင်း မရှိသေး ပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အစ္စလမ်မာဘတ် (Islamabad) မြို့က ဗွီအိုအေသတင်းထောက် ရှောင် မာရိုနီ (Sean Maroney) ပေးပို့ထားတဲ့သတင်းကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မနေ့က စနေနေ့မွန်းတည့် မတိုင်ခင်လေးအချိန်မှာ ပါကစ္စတန်စစ်ဝတ်စုံ ၀တ်ပြီး အယောင်ဆောင်ထားတဲ့ သေနတ်သမား ၆ဦးဟာ ဗင်ကားတစီးကို စီးလာပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့ ပါကစ္စတန်စစ်တပ် ဌာနချုပ်ရဲ့ အ၀င် စစ်ဆေးရေးဂိတ်ကို အတင်းစီးနင်းပြီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသလို စစ်တပ်ခြံဝင်းထဲကိုလည်း လက်ပစ်ဗုံးတလုံး ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် အာဏာပိုင်တွေက ချက်ချင်းပဲ စစ်တပ်ထဲဝင်တဲ့ လမ်းတွေကို ပိတ်ဆို့လိုက်ကြပါ တယ်။ အဲဒီနောက် တနာရီလောက် ကြာတော့မှ အခြေအနေတွေ အားလုံးကို ထိန်းချုပ်နိုင်ပြီလို့ ပါကစ္စတန်စစ်တပ်က ကြေညာနိုင်ခဲ့တာပါ။

သေနတ်သမား ၆ဦးထဲက ၄ဦးကို အသေဖမ်းမိခဲ့ပေမဲ့ ကျန်တဲ့ ၂ဦးကတော့ လုံခြုံရေး အဆောက်အအုံ တခုထဲက ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး အဲဒီမှာရှိတဲ့ ပါကစ္စတန် လုံခြုံရေးတပ်သား ၁၅ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ အဲဒီ အဖမ်းခံထားရတဲ့ ပါကစ္စတန် လုံခြုံရေးတပ်သားတွေ ပြန်လွတ်နိုင်ရေးအတွက် ကြိုးစားနေပါတယ်လို့ ပါကစ္စတန် စစ်တပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် အတ်ထာ အဘတ်စ် (Athar Abbas) က ပြောခဲ့ပါတယ်။

“အဲဒီအဆောက်အအုံကို ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့က ၀ိုင်းထားပါတယ်။ အဲဒီမှာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ဘက်က ဖြိုခွင်း တိုက်ခိုက်မှု တခုခု လုပ်မယ်ဆိုရင်တောင် လုပ်ပြီးတဲ့အခါကျမှပဲ အသေးစိတ်ကို အသိပေးလို့ရမှာ ဖြစ်ပါတယ်။”

ခုချိန်ထိ အဲဒီအဆောက်အအုံ အနီးအနား လမ်းတွေမှာ အာဏာပိုင်တွေက ပိတ်ဆို့ တပ်ချထားဆဲ ဖြစ်ပါတယ်။ အခင်း ဖြစ်ပွားပြီးနောက် အဲဒီနေရာကို အလျှင်အမြန် သွားနေတဲ့ ဆေးရုံကားတွေကို အနည်းဆုံး ရဟတ်ယာဉ် ၃စီးက မိုးပေါ်ကနေ ၀ိုင်းရံပေးထားခဲ့ပါတယ်။ မကြာခဏဆိုသလို သေနတ်ပစ်ဖောက်သံတွေကိုလည်း ကြားခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကလည်း မြို့တော် အစ္စလမ်မာဘတ်က ကုလသမဂ္ဂရုံး အနီးမှာ အသေခံဗုံးတလုံး ကွဲခဲ့သလို သောကြာနေ့တုန်းကလည်း ပါကစ္စတန် အနောက်မြောက်ပိုင်း ပက်ရှ်ဝါ (Peshawar) မြို့မှာ အသေခံဗုံး ကွဲခဲ့လို့ လူ ၅၀ ထက်မနည်း သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂရုံး ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာလီဘန်တို့က သူတို့ လက်ချက် ဖြစ်တယ်လို့ တာဝန်ယူ ပြောဆိုခဲ့တဲ့အပြင် တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ခုနောက်ဆုံး တိုက်ခိုက်မှုတွေကို ကြည့်ခြင်းအားဖြင့် ပါကစ္စတန်စစ်တပ်က တိုင်းပြည်တောင်ပိုင်း ၀ါဇီရစ်စ်တန် (Waziristan) ဒေသမှာ ခြေကုပ်ယူ လှုပ်ရှားနေတဲ့ စစ်သွေးကြွတွေအပေါ် ထိုးစစ်ဆင်လာတာကို စစ်သွေးကြွတွေက စိုးရိမ်နေတာကို ပြသနေတာ ဖြစ်တယ်လို့ ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး ကာမာ ဇာမန် ကိုင်ရာ (Qamar Zaman Kaira) က သူ့ရဲ့ ထင်မြင်ချက်ကို သတင်းထောက်တွေကို မနေ့က ပြောခဲ့ပါတယ်။

“ခု အကြမ်းဖက်သမားတွေ ပြေးနေကြရပါပြီ။ သူတို့ဟာ ကစဥ့်ကလျားနဲ့ ဆောက်တည်ရာမရ ဖြစ်နေပြီးတော့ အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူတွေ စိတ်ချောက်ချားအောင် ကျနော်တို့ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ၊ အရပ်သားတွေနဲ့ အစိုးရ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနေကြတာပါ။”

ဒီတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်စစ်တပ်က အာဖဂန်နယ်စပ်မှာ ခြေကုပ်ယူ လှုပ်ရှားနေတဲ့ တာလီဘန် စစ်သွေးကြွတွေကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်သွားမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ ဘယ်နေ့ ဘယ်ရက်မှာ အာဖဂန် နယ်စပ်မှာ ပြင်းထန်တဲ့ ထိုးစစ်တွေကို စတင်မလဲ ဆိုတာကိုတော့ ပါကစ္စတန်စစ်တပ်က မကြေညာသေးပါဘူး။ ဒါပေမဲ့ စစ်ဖြစ်လာမှာကို စိုးရိမ်ကြတဲ့ ပြည်သူ ၈၀,၀၀၀ လောက်ကတော့ သူတို့အိုးအိမ်တွေကို စွန့်ပစ် ထွက်ပြေးနေကြပြီလို့ ကုလသမဂ္ဂ အရာရှိတွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG