တရုတ်နဲ့ ဂျပန်နိုင်ငံအကြား အငြင်းပွားနေတဲ့ ကိစ္စတွေဖြစ်တဲ့ အရှေ့တရုတ်ပင်လယ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးနဲ့ အစားအသောက် ဘေးကင်းလုံခြုံရေးတို့နဲ့ ပတ်သက်ပြီး ကြိုးစားဆွေးနွေး အဖြေရှာကြဖို့ တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင် (Wen Jiabao) နဲ့ ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) တို့က မနေ့က သဘောတူညီခဲ့ကြပါတယ်။
ပင်လယ်အောက်က သဘာဝဓာတ်ငွေ့တွေကို နှစ်နိုင်ငံ ပူးပေါင်းပြီး ရှာဖွေခြင်းအားဖြင့် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဟတိုယာမက မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
အခုနှစ် စောစောပိုင်းတုန်းကလည်း အရှေ့ တရုတ်ပင်လယ်အနီး နှစ်ဘက်စလုံးက ပိုင်တယ်လို့ ပြောနေကြတဲ့ သဘာဝ ဓာတ်ငွေ့သိုက်ရဲ့ တစိတ်တဒေသကို တရုတ်နဲ့ ဂျပန်တို့ ပူးပေါင်းလုပ်ကိုင်ကြမယ်လို့ သဘောတူခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ရာမှာ နှေးကွေးနေခဲ့တာ ဖြစ်ပါတယ်။
တရုတ်ကနေ ဂျပန်နိုင်ငံကို တင်သွင်းလာတဲ့ အစားအသောက် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း ဂျပန်က စိုးရိမ်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အရင်နှစ်တုန်းက တရုတ်ထုတ် ရေခဲရိုက် ဖက်ထုပ်တွေကို စားမိတဲ့ ဂျပန်နိုင်ငံသား တော်တော်များများ ဖျားနာခဲ့ကြရတာ ဖြစ်ပါတယ်။
မနေ့က တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေ တွေ့ဆုံကြရင်း အခုလိုကိစ္စတွေကို ဆွေးနွေးဖို့ တရုတ်နဲ့ ဂျပန်ခေါင်းဆောင်တွေ သီးခြားတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။