သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါးစားခံလုပ် စီးနင်းမှုကို ပါကစ္စတန်ကွန်မန်ဒိုတပ်က ဝင်ရောက်ကယ်တင်


ပါကစ္စတန် နိုင်ငံရဲ့ မြို့တော် အစ္စလာမာဘတ် မြို့ အနီး ရဝယ်ပင်းဒီး (Rawalpindi) မှာရှိတဲ့ ပါကစ္စတန် စစ်ဌာနချုပ်အနီးက အဆောက်အဦတစ်ခုကို စစ်သွေးကြွတွေက သိမ်းပိုက်ထားတာ အဆုံးသတ်သွားပါပြီလို့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တွေက ပြောကြပါတယ်။ စစ်သွေးကြွတွေက တနင်္ဂနွေနေ့ အရုဏ်အချိန်လောက်ကစပြီး အဆောက်အဦးကို သိမ်းပိုက်ခဲ့ကြ တာပါ။ လူ ၃၀ လောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပါတယ်။ တပ်မတော် ကွန်မန်ဒိုတပ်တွေက ဌာနချုပ်နားက အဆောက်အဦကို ပြန်ဝင်စီးခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးအတွင်းမှာ စစ်သွေးကြွ ၄ ယောက်၊ စစ်သား ၂ ယောက် နဲ့ ဓားစာခံ ၃ ယောက်တို့ သေဆုံးခဲ့ကြပါတယ်။ ဒဏ်ရာရသွားတဲ့ စစ်သွေးကြွ တစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ အစ္စလာမ်မာဘတ်မြို့ကနေ Ayaz Gul သတင်းဆောင်းပါး ပေးပို့ထားတာကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

အကြမ်းဖက် သိမ်းပိုက်တာက စနေနေ့ မွန်းတည့်ချိန် မတိုင်မီလေးမှာ စခဲ့တာပါ။ လက်နက်တွေ အပြည့်အစုံ တပ်ဆင်ထား တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ပါကစ္စတန် စစ်ဌာနချုပ်အတွင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ အဓိက ဝင်ပေါက် ရှိတဲ့ စစ်ဆေးရေး ဂိတ် က သူတို့ကို တားလိုက်တဲ့အခါမှာတော့ စောင့်နေတဲ့ စစ်သားတွေကို စက်သေနတ် တွေနဲ့ သူတို့က စတင်ပစ်ခတ်ကြပါတော့တယ်။ အပြန်အလှန် ပစ်ခတ်ကြရာက အဲဒီမှာပဲ စစ်သား ၆ ယောက် နဲ့ စစ်သွေးကြွ ၄ ယောက် သေဆုံးသွားကြပါတယ်။

ကျန်တဲ့ စစ်သွေးကြွတွေက လူ ၃၀ ကျော် ကို ခေါ်သွားပြီး၊ အနားက အဆောက်အဦအတွင်း မှာ ဓားစာခံ အဖြစ် ဖမ်းထား လိုက်ကြပါတယ်။ အများစုက လုံခြုံရေး ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။

ပါကစ္စတန် တပ်မတော် ကွန်မန်ဒိုတပ်ဖွဲ့က အဲဒီ အဆောက်အဦ ဝင်း ကို ချက်ချင်းဝိုင်းထားလိုက်ပြီး၊ ဓားစာခံတွေ လွတ်မြောက်ရေး အတွက် ကြိုးစားခဲ့ပါတယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အတာ အဘာ့စ် (Athar Abbas) က ပြောပါတယ်။ အကျပ်အတည်း က တနင်္ဂနွေနေ့ မနက်အထိ ရောက်သွားခဲ့ပါတယ်။ ဒီအချိန်မှာတော့ ကွန်မန်ဒို တပ်ဖွဲ့က အဆောက်အဦကို စီးနင်းတိုက်ခိုက်ခဲ့ပြီး၊ ဓားစာခံ အများစု လွတ်မြောက်သွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

"ဓားစာခံ အားလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။ သုံးယောက်ကတော့ သေဆုံးသွားပါတယ်။ အကြမ်းဖက် သမား ၄ယောက် သေခဲ့ပြီး တစ်ယောက် ဖြစ်တဲ့ အကီးလ် (Aqeel) ခေါ် ဒေါက်တာ အုစ်မန်း (Doctor Usman) ကိုတော့ ဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့ပါတယ်။"

ဖမ်းဆီးမိလိုက်တဲ့ စစ်သွေးကြွက အကြမ်းဖက်တိုက်ခိုက်မှုကို ဦးဆောင်ခဲ့တာ ဖြစ်တယ်လို့ သူ ယူဆကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။

ဒီ စစ်ဆင်ရေး မှာ စစ်သား ၂ ယောက် သေဆုံးပြီး၊ အနည်းဆုံး ၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်လို့ ဗိုလ်မှူးချုပ် အဘာ့စ် က ပြောပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေက ဒီ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ရာမှာ အလွန်ကို သတိထားခဲ့ရပါတယ်လို့ သူက ပြောပါ တယ်။ ဘာကြောင့်လဲဆိုတော့ အသေခံ ဗုံးဖောက်ခွဲရေး သမားတစ်ယောက် က အဆောက်အဦးရဲ့ ထောင့်မှာ စောင့်ကြပ် နေတာကြောင့်ဖြစ်ပါတယ်။

"အသေခံ ဗုံးဖောက်ခွဲမယ့်သူတစ်ယောက် က အသေခံ ဗုံးတွေကို အင်္ကျီ လို ကိုယ်မှာ ပတ်ဝတ်ထားပါတယ်။ သူ ဖောက်ခွဲ လိုက်ရင် အထိခိုက်ဆုံး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူ့ ကိုယ်သူ ဗုံး မဖောက်ခွဲနိုင်မီမှာ ဒီ အကြမ်းဖက်သမားကို ရှင်းပစ်ဖို့ စစ်ဆင်ရေးတစ်ခုလုံး က အဓိက ထားခဲ့ပါတယ်။ အဲဒီလို မဖောက်ခွဲနိုင်မီမှာပဲ သူ့ကို လုံခြုံရေး တပ်ဖွဲ့တွေက အောင်အောင်မြင်မြင် ရှင်းပစ်နိုင်ခဲ့ပါတယ်။"

ဒီတိုက်ခိုက်မှုအတွက် အစွန်းရောက် တာလီဘန်တွေကို အာဏာပိုင်တွေက အပြစ်တင်လိုက်ကြပါတယ်။ အာဖဂန်နစ္စတန် နယ်စပ် ဒေသတွေက လူမျိုးစုတွေ နေထိုင်ကြတဲ့ ဒေသတွေမှာ အယ်ကိုင်းဒါး နဲ့ တာလီဘန် စစ်သွေးကြွတွေ ကို ပါကစ္စတန် စစ်တပ် က တိုက်ခိုက်နေပါတယ်။ အဲဒီဒေသတွေမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ သူတို့က လေ့ကျင့်ရေး စခန်းတွေ ဖွင့်ထားတယ်လို့ ယုံကြည်ကြပါတယ်။

စနေနေ့ က စစ်ဌာနချုပ်ကို တိုက်ခိုက်တာဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တတိယမြောက် အဓိကကျတဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အစ္စလာမ္မာဘတ်မြို့ မှာရှိတဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ရုံး အတွင်းမှာ အသေခံ ဗုံးခွဲသူ တစ်ယောက်က ဖောက်ခွဲခဲ့တဲ့အတွက်၊ WFP ဝန်ထမ်း ၅ ယောက် သေဆုံးခဲ့ကြပါတယ်။ သောကြာနေတုန်းကလည်း ပါကစ္စတန် အနောက်မြောက်ပိုင်း ဒေသက ပီရှားဝါး မြို့မှာ အသေခံ ကားဗုံးဖောက်ခွဲခဲ့တဲ့အတွက် လူ ၅၀ ကျော် သေဆုံးခဲ့ ကြပါတယ်။

ဝါဇီရစ်တန် (Waziristan) လူမျိုးစု ဒေသမှာရှိတဲ့ အကြမ်းဖက်သမားတွေ ရဲ့ အခြေစိုက်စခန်းတွေကို စစ်တပ်က တိုက်ခိုက်ဖို့ စောင့်နေခဲ့တာ ကြာခဲ့ပါပြီ။ နောက်ဆုံးတိုက်ခိုက်မှုကြောင့် စစ်တပ်က အဲဒီ စခန်းတွေကို တိုက်ခိုက်ဖို့ တွန်းအားပေး လိုက်သလို ဖြစ်သွားနိုင်ပါတယ်လို့ ပိုင်းခြား သုံးသပ်သူတွေက ပြောကြပါတယ်။ အာဖဂန်နစ္စတန်မှာရှိတဲ့ နိုင်ငံတကာ တပ် တွေကို တိုက်ခိုက်ရာမှာ အဲဒီ စခန်းတွေကို အကြမ်းဖက်သမားတွေက အသုံးပြုနေကြတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG