သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံရတဲ့ မြန်မာလူမျိုး အမေရိကန် နိုင်ငံသားနဲ့ ရှေ့နေဖြစ်သူ တွေ့ဆုံခွင့်ရ


ပြီးခဲ့တဲ့ လဆန်းက မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် နိုင်ငံသား ကိုညီညီအောင်ကို သူ့ရှေ့နေတွေ ဒီနေ့ပဲ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ သူ့ရဲ့ အမှုသွား အမှုလာ နောက်ဆုံးအခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကြီးကိုလုပ်ပြီး ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်အောင် ဖန်တီးတယ်၊ အကြမ်းဖက် ဖောက်ခွဲမှုတွေနဲ့ ဆက်စပ်တယ်ဆိုပြီး မြန်မာသတင်းစာမှာ စွပ်စွဲခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ကိုညီညီအောင်နဲ့ ရှေ့နေတွေ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့ တွေ့ဆုံချိန်မှာတော့ သူ့ကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်ပြီး သူ မသိရှိတဲ့အကြောင်း ပြောပြတယ်လို့လည်း ဆိုပါတယ်။ ကိုညီညီအောင်ကို လက်ရှိ ရမန်ယူ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။

“လောလောဆယ် ရမန်ယူထားတာက ၄၂၀ နဲ့ ၄၆၈၊ အဓိပ္ပာယ်က ၄၂၀ ကတော့ လိမ်လည်မှုပေါ့၊ ၄၆၈ ကတော့ စာရွက်စာတမ်းအတု အသုံးပြုတာပေါ့။ အဲတော့ ဘယ်ဟာကို စွဲသလဲဆိုတာတော့ အန်ကယ်တို့လည်း မရှင်းသေးဘူး။ အခုစွဲတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူ ဘာသိလဲလို့ အန်ကယ်တို့ကမေးတော့ သူ့ကို ဘယ်လိုစွဲထားတယ် ဆိုတာတောင် သူက မသိဘူး။ မသိတော့ သူလည်း မဖြေတတ်ဘူးပေါ့။ ဒါနဲ့ အန်ကယ်တို့က သူလာခဲ့တဲ့ ခရီးစဉ်တွေ၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုဖြစ်တယ်၊ ဒါတွေပဲ မေးလာတယ်။ အန်ကယ်တို့လည်း အမှုအခြေအနေတော့ အမှုစွဲ ကျမှပဲ အသေအချာ ပြောပါမယ်။”

နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရတယ်ဆိုပြီး သတင်းစာမှာ ပါပေမဲ့ အခုတပ်နေတဲ့ ပုဒ်မတွေနဲ့ ကွဲလွဲနေကြောင်းလည်း ရှေ့နေကြီးက ပြောပါတယ်။

“ပထမပိုင်း ရမန်ယူတုန်းက ပါတယ်လို့ ကိုညီညီအောင်က ပြောတယ်။ အခုယူတော့ မပါဘူး။ အဲဒါတွေနဲ့ အခုတပ်တဲ့ ပုဒ်မနဲ့တော့ သိပ်မဆိုင်ဘူးလို့ ထင်တာပဲ။”

အလားတူ အောက်တိုဘာလ ၃ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ အင်္ဂါနေ့တိုင်း ဝတ်ပြုဆုတောင်းတဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ မနော်အုန်းလှတို့ ၄ ဦးကိုတော့ နိုင်ငံရေးပုဒ်မ ၅(ည) နဲ့ ရမန်ယူထားကြောင်း၊ ဒါပေမဲ့ တရားစွဲဆိုတာတွေတော့ မရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ အင်းစိန်ထောင်တွင်း ထောင်ဝင်စာ ဒီနေ့ သွားရောက်တွေ့ဆုံခဲ့တဲ့ မချိုချိုလွင်ရဲ့ မိသားစုဝင်တဦးက အခုလိုပြောပါတယ်။

“ပုဒ်မ ၅(ည) နဲ့ပဲ ယာယီ ရမန်နှစ်ပတ် ယူထားတယ်တဲ့။ ဘယ်ရုံးမှာယူထားလဲတော့ မသိဘူး။ ၁၉ ရက်နေ့မှာ ရမန်စေ့မယ်တဲ့။ စစ်ကြောရေးမှာ ၄ ရက်နေခဲ့ရတယ်တဲ့၊ ကောင်းကောင်းမွန်မွန်ပါပဲတဲ့။ စစ်ကြောရေးက မြို့ထဲမှာ ခြောက်ထပ်ရုံးခေါ်တာပေါ့၊ အရင်တုန်းကတော့။ ပန်းပဲတန်းမြို့နယ်ထဲမှာ ရှိတာ၊ ဆူးလေဘုရားနားက။ အဲဒီ ခြောက်ထပ်ရုံးမှာ SB က အခန်းတွေယူပြီးတော့ စစ်ကြောရေး အခန်းလေးတွေ လုပ်ထားတယ်။ ဒါ အခုမှသိတာပါ။ အဲဒီမှာ သူတို့ ၄ ရက်လောက် နေခဲ့ရတယ်တဲ့။

“သူတို့ အတွင်းဘက်မှာလည်း အမှုထမ်း အမျိုးသမီးတယောက်၊ အပြင်မှာလည်း အမျိုးသမီးတယောက် အကုန်လုံး လျှောက်ပြီး လိုက်ရေးတာပဲ။ သူတို့ကို တာဝန်ပေးထားမှာပေါ့လေ။ အဲဒါတော့ တမျိုးဖြစ်တာပေါ့။ မလွတ်လပ်တဲ့သဘော ဖြစ်တာပေါ့။ ဒါပေမဲ့ ကျနော်တို့အနေနဲ့လည်း ဘာမှ ဥပဒေနဲ့ ငြိစွန်းမယ့်ကိစ္စ ပြောစရာ မရှိပါဘူး။”

ကိုညီညီအောင်ကတော့ စစ်ကြောရေးကာလ အတွင်းမှာ သူ့ကို နှိပ်စက်ညှဉ်းပန်းမှုတွေ ခံခဲ့ရကြောင်း သူခံစားရသမျှ ရှေ့နေတွေကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ မနော်အုန်းလှတို့ ၄ ဦးကိုတော့ သူတို့နဲ့မဆိုင်တဲ့၊ မသိတဲ့ ကိစ္စတွေကို စစ်ဆေးမေးမြန်းတာ ခံခဲ့ရတယ်ဆိုပြီး မိသားစုတွေက ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG