သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို လက်နက်ပိတ်ဆို့ရေး အရှေ့တီမောသမ္မတ တောင်းဆို


တကမ္ဘာလုံးက မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှုတွေ မလုပ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆွေးနွေးဆုံးဖြတ်ဖို့ အရှေ့တီမော သမ္မတ ရာမို့စ် ဟိုတာ (Ramos Horta) တောင်းဆိုလိုက်တာကို ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်းက ကြိုဆိုလိုက်ပါတယ်။ အခြားနိုင်ငံ အစိုးရတွေကလည်း အလားတူ တောင်းဆိုမှုတွေလုပ်ပြီး မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုတွေ ပိတ်ပင်ကြဖို့ အဲဒီအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အရှေ့တီမော သမ္မတ ရာမို့စ် ဟိုတာရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမဆန်မှုတွေကို ထောက်ပြပြီး နိုင်ငံတကာက ရောင်းချတဲ့ ဒီလက်နက်တွေနဲ့ မြန်မာလူထုကို နှိပ်ကွပ်နေတာကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာစစ်အစိုးရကို စစ်လက်နက်ပစ္စည်းတွေ မရောင်းချကြဖို့ တိုက်တွန်းထားတာပါ။ မြန်မာတိုင်းရင်းသား ပြည်သူတွေကို စစ်ဆင်တိုက်ခိုက်နေတာ၊ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက သံဃာတော်တွေ ဆန္ဒပြမှုကို အကြမ်းဖက် နှိမ်နင်းတာမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားဖို့ နိုင်ငံတကာအနေနဲ့ အခုလို လက်နက်ရောင်းချမှု ပိတ်ဆို့တာကစပြီး ကုလသမဂ္ဂကနေ မြန်မာစစ်အစိုးရကို ဖိအားပေးရမယ်လို့ မစ္စတာဟိုတာက ယူဆပါတယ်။

အခုလို အရှေ့တီမော သမ္မတရဲ့ တောင်းဆိုချက်အပေါ် ဗြိတိန်အခြေစိုက် CSW နိုင်ငံတကာ ခရစ်ယာန် သွေးစည်းရေးအဖွဲ့က ကြိုဆိုလိုက်ပါတယ်။ ဒီအပေါ်မှာ အခြားနိုင်ငံတွေကလည်း ထောက်ခံကြဖို့ မျှော်လင့်တယ်လို့ CSW အရှေ့အာရှရေးရာ တာဝန်ခံ ဘန် ရော်ဂျာစ် (Ben Rogers) က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုတွေ ပိတ်ပင်ဖို့ ကုလသမဂ္ဂကို အရှေ့တီမောနိုင်ငံ အကြီးအကဲ ရာမို့စ် ဟိုတာ တောင်းဆိုလိုက်တဲ့အတွက် ကျနော်တို့ အင်မတန် ဝမ်းမြောက်မိပါတယ်။ အခုလို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအကြီးအကဲ တဦးရဲ့ ဒီတောင်းဆိုချက်အပေါ်မှာ အခြားနိုင်ငံ အစိုးရတွေလည်း ပါဝင်ထောက်ခံလာကြမယ်လို့ မျှော်လင့်မိပါတယ်။”

ဗြိတိန်အခြေစိုက် CSW နိုင်ငံတကာ ခရစ်ယာန် သွေးစည်းရေးအဖွဲ့ကြီးဟာ မြန်မာနိုင်ငံကို ကမ္ဘာက လက်နက်ရောင်းချမှုတွေ မလုပ်ဖို့ ဦးဆောင် ဆော်သြနေတဲ့ လူ့အခွင့်အရေး အဖွဲ့တခု ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံ အတော်များများက မြန်မာနိုင်ငံအပေါ် ထားတဲ့ အရေးယူ ပိတ်ဆို့ရေး အယူအဆတွေကို ပြန်ပြီး သုံးသပ်နေကြတဲ့ အချိန်မှာ အခုလို ဖိအားပေး အရေးယူမှုကို ကုလသမဂ္ဂမှာ ဆွေးနွေးကြဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ ယူဆစရာ ရှိပါတယ်။ ဘန် ရော်ဂျာစ်ကတော့ မြန်မာအစိုးရကို စစ်လက်နက်တွေ မရောင်းချဖို့ နိုင်ငံအစိုးရ အချို့ရဲ့ ဆော်သြမှုတွေ ရှိထားတာမို့ တွန်းတွန်းတိုက်တိုက် လုပ်ရင် ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

“ဒါ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ စိန်ခေါ်ချက်တွေ ရှိမယ်ဆိုတာ ရှင်းပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ရုရှားနိုင်ငံတို့ပါ။ ဒါပေမဲ့ ဒီလုပ်ငန်းက အရှိန်အဟုန်တော့ ရှိနေပါတယ်။ EU ဥရောပသမဂ္ဂ ကိုယ်တိုင်က မြန်မာနိုင်ငံအပေါ် လက်နက် ရောင်းချမှု ပိတ်ပင်ထားသလို ဒီလို အရေးယူမှုမျိုး တကမ္ဘာလုံးက လုပ်ဖို့လည်း ထောက်ခံထားပါတယ်။ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကလည်း မြန်မာနိုင်ငံကို တကမ္ဘာလုံးက လက်နက်ရောင်းချတာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။

“အခြားနိုင်ငံတွေ နည်းတူ အခု အရှေ့တီမော နိုင်ငံကလည်း ဒီတောင်းဆိုချက်မှာ ပါဝင် တောင်းဆိုလာပါတယ်။ ဒါကြောင့် ဒီအရှိန်အဟုန်အတိုင်း လုပ်မယ်ဆိုရင် ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်လာဖို့ ဆိုရင်တော့ ကျနော်တို့ အတော်ကြီးတော့ လုပ်ရမှာပါ။”

မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းတွေ ရောင်းချမှု ပိတ်ပင်ထားတဲ့အထဲမှာ EU ဥရောပသမဂ္ဂအပြင် ဆွစ်ဇာလန်နိုင်ငံနဲ့ သြစတေးလျနိုင်ငံတို့လည်း ပါဝင်ကြပါတယ်။ အရှေ့တီမောသမ္မတ ရာမို့စ် ဟိုတာရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အခုလက်ရှိ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ထိစပ် ဆက်ဆံသွားမယ်ဆိုတဲ့ မူဝါဒတွေကို ကန့်ကွက်တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အခုလို ဆက်ဆံသွားဖို့ဆိုရင် တဘက်မှာ ထိရောက်တဲ့ ပစ်မှတ်ထား အရေးယူမှုမျိုးတွေနဲ့မှသာ မြန်မာဗိုလ်ချုပ်တွေကို ဆွေးနွေးဝိုင်း ထဲ ခေါ်နိုင်မှာ ဖြစ်တယ်လို့လည်း သူ့အမြင်ကို ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG