သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နဲ့ ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ တွေ့ဆုံအပြီး အမေရိကန်၊ ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မြဲစေဖို့အတွက် ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့မှာ ရုရှားသမ္မတနဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ကလင်တန်က အီရန်နဲ့ မြောက်ကိုရီးယား နျူကလီးယား ပြဿနာ ထိန်းချုပ်ရေးလို ကမ္ဘာ့ အဓိက ပြဿနာကြီးတွေအတွက် အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ မက်ဗီဒက်ဗ်ကလည်း အမေရိကန်နဲ့ ရုရှားဟာ အဆင့်မြင့် အရာရှိတွေ အဆင့်မှာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ပြောကြားခဲ့တဲ့အပြင် နိုင်ငံတကာ ပြဿနာတွေထဲက ခေါင်းအခဲရဆုံး ပြဿနာတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ချဉ်းကပ် ဆောင်ရွက်မှုတွေ တူညီ နေတယ်လို့လည်း ပြောပါတယ်။

ဝန်ကြီး ကလင်တန်ဟာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ် (Sergei Lavrov) နဲ့လည်း အင်္ဂါနေ့ အစောပိုင်းမှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နျူကလီးယားလက်နက် လျှော့ချရေး အစီအစဉ်မှာ သိသိသာသာ တိုးတက်မှုတွေရအောင် လုပ်နိုင် ခဲ့တယ်လို့ မစ္စတာလက်ဗ်ရော့ဗ်က ပြောပါတယ်။

START ခေါ် လက်ရှိ မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး စာချုပ်ဟာ ဒီဇင်ဘာလထဲမှာ ကုန်ဆုံးတော့မှာမို့ စာချုပ် အသစ် ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းနေကြကြောင်းလည်း ဝန်ကြီး ကလင်တန်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG