သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နိုင်ငံရေးအာဏာယူဖို့အနေအထား မရှိ


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အခုအချိန်အထိ ဆုံးဖြတ်ချက် တစုံတရာ မချရသေးတဲ့အကြောင်း NLD ခေါင်းဆောင်တွေက EU ဥရောပနိုင်ငံတွေက သံတမန်တွေကို ပြောဆိုလိုက်ပါတယ်။ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် တောင်းဆိုချက်ဟာ မြန်မာစစ်အစိုးရနဲ့ အာဏာခွဲဝေရေးအတွက် တောင်းဆိုတာ မဟုတ်ဘူးလို့လည်း ပြောဆိုပါတယ်။

ဒီနေ့ EU ဥရောပနိုင်ငံတွေက သံတမန်တွေနဲ့ NLD ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေကို ကိုသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းတဲ့အခါ ဦးခင်မောင်ဆွေက အခုလို စပြောပါတယ်။

“သူတို့က ဟောင်ကောင် Base ကနေပြီး ဆွီဒင်နိုင်ငံ သံအမတ်ကြီး ခေါင်းဆောင်ပြီးတော့ လာတာပါဗျ။ ဒီရောက်တော့မှာ ဒီက ဂျာမန်တို့၊ အင်္ဂလိပ်တို့၊ အီတလီတို့၊ ပြင်သစ်တို့ အစရှိတဲ့ သံအမတ်ကြီးတွေနဲ့ ပေါင်းပြီး၊ သံတမန်တွေလည်း ပါပါတယ်၊ အားလုံးပေါင်း လူ ၂၀ လောက်ပါတဲ့အဖွဲ့ ကျနော်တို့ကို လာတွေ့ပါတယ်။”

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဘယ်သူတွေ ပါပါသလဲခင်ဗျ။

“NLD ဘက်ကတော့ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးဝင်းတင်၊ ပြီးတော့ ကျနော်ပေါ့ဗျာ။”

အဓိက ဘာအကြောင်းအရာတွေ ဆွေးနွေးဖြစ်ပါသလဲ။

“အဓိကကတော့ ၂၀၁၀ ရွေးကောက်ပွဲ တကယ်လို့ ဖြစ်လာခဲ့ရင် ဘယ်လိုဖြစ်သန်းမလဲပေါ့ဗျာ။ အဲဒီအပေါ်မှာ ဘယ်လိုသဘောထား ထားပါသလဲပေါ့။ အဲဒါတွေ မေးပါတယ်။ ပြီးတော့ အခု ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နေတဲ့ ပိတ်ဆို့အရေးယူမှုကို ဘယ်လို ပြန်လည်ပြုပြင်မလဲဆိုတဲ့ အပေါ်မှာ အချက်အလက်ရှာဖွေပြီး လုပ်ဆောင်မယ့် ကိစ္စတွေကိုလည်း NLD အနေနဲ့ ဘယ်လို သဘောထားပါသလဲလို့ မေးပါတယ်။

“နောက်တခုက အခု အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ လုပ်နေတဲ့ကိစ္စဟာ Power Sharing အတွက်ပေါ့ဗျာ၊ အာဏာခွဲဝေယူရေးဆိုတဲ့ သဘောထားမျိုးနဲ့ လုပ်နေတာမျိုးလားလို့ မေးတဲ့ မေးခွန်းတွေကို ကျနော်တို့ ပြန်ဖြေရပါတယ်။”

ပထမဆုံး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ NLD ဘက်က ဘယ်လိုသဘောထား ပြန်ပေးခဲ့ပါသလဲခင်ဗျ။

“NLD ဘက်ကတော့ ကျနော်တို့ဟာ နိုင်ငံရေးပါတီတခု ဖြစ်တာနဲ့အညီ ဘယ်ရွေးကောက်ပွဲကိုမှ ဆန့်ကျင်တဲ့ သဘောထား မရှိပါဘူး။ မူအရ အားလုံး လက်ခံပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆိုတာကတော့ ဒါက ပါတီတခုရဲ့ ဆုံးဖြတ်ပိုင်ခွင့်ထဲမှာ ရှိလို့ ဆုံးဖြတ်ပြီးတဲ့ အခါကြမှ ဒါကို အတိအကျ ပြောနိုင်မှာ ဖြစ်ပါတယ်။ အခုလက်တွေ့မှာတော့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်အတိုင်းပဲ ကျနော်တို့ ရပ်တည်နေလျက် ရှိတယ်ဆိုတာ ရှင်းပြပါတယ်။”

ရွှေဂုံတိုင် ကြေညာစာတမ်းအရဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေကို ပြောင်းပေးမှ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စဉ်းစားမယ်ဆိုတဲ့ အချက်ပေါ့နော်။

“ဟုတ်ကဲ့။”

အဲဒီတော့ NLD အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အခုအချိန်ထိ တစုံတရာ မဆုံးဖြတ်သေးဘူးဆိုတဲ့ သဘောလားခင်ဗျ။

“ဟုတ်ပါတယ်။ ခုနေအခါမှာ ကျနော်တို့က ရွေးကောက်ပွဲဝင်ဖို့ အတွက်ကို Yes or No၊ မဝင်ဘူး၊ ဝင်မယ်လို့ တိကျပြတ်သားတဲ့အဖြေ ပေးလို့ မရသေးပါဘူး။ တိကျပြတ်သားတဲ့အဖြေ ရဖို့ဆိုတာ အချိန်စောင့်ရပါဦးမယ်။”

EU သံတမန်တွေဘက်ကရော NLD ရဲ့ သဘောထားကို တီးခေါက်တာမျိုးထက် သူတို့ဘက်ကလည်း မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒနဲ့ ပတ်သက်လို့ တစုံတရာ ပြောင်းလဲကောင်း ပြောင်းလဲမယ်ဆိုတဲ့ လေသံမျိုးတွေ ထွက်နေတော့ ဒါနဲ့ပတ်သက်လို့ရော သူတို့ဘက်က ဘာတွေ ပြောသွားတာ ရှိပါသလဲခင်ဗျ။

“သူတို့ဘက်ကတော့ တစုံတရာ ပြောင်းလဲမယ်ဆိုတဲ့ သဘောမျိုး မပြောပါဘူး။ သူတို့ကတော့ တချို့တွေက မြန်မာ့မိတ်ဆွေများ အဖွဲ့ထဲမှာ ပါတဲ့ နိုင်ငံတွေဖြစ်တယ်၊ တချို့နိုင်ငံတွေကလည်း ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေ အားလုံးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ကူညီဖြေရှင်းပေးချင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အပါအဝင် တခြားတခြားသော အဖွဲ့တွေကိုလည်း တွေ့မှာဖြစ်တဲ့အတွက် ကျနော်တို့နဲ့ လာတွေ့တဲ့အခါ NLD ရဲ့ လက်ရှိ သဘောထား ရပ်တည်ချက်ဟာ ဘယ်လိုရှိပါသလဲ ဆိုတာကို မေးမြန်းစုံစမ်းခြင်းသာ ဖြစ်ပါတယ်။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စက အာဏာခွဲဝေရေးအတွက် လုပ်ကိုင်နေတာလားဆိုတဲ့ မေးခွန်းကို NLD ဘက်က ဘယ်လိုပြန်ဖြေခဲ့ပါသလဲ ခင်ဗျ။

“ဟုတ်ကဲ့၊ ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ ကတိတွေ ပေးထားတဲ့အတိုင်း ပြည်သူလူထုကြီးကို ဒီမိုကရေစီ တံခါးပေါက်ဝကို ရောက်အောင် ပို့ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိပါတယ်။ အာဏာခွဲဝေယူဖို့၊ နိုင်ငံရေးအာဏာကို ယူဖို့ဆိုတဲ့ အနေအထားမှာ မရှိတော့ပါဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပဲ ရှင်းလင်းတင်ပြလိုက်ပါတယ်။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG