သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ့်မြေကိုယ်ထွန်သူ ၁၂ ဦး ထောင်ကျ


မကွေးတိုင်း အောင်လံမြို့နယ်မှာ ကိုယ့်လယ်ယာမြေတွေ အသိမ်းခံရတဲ့အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကို လယ်သမားတွေက တိုင်ကြားခဲ့ကြပြီးတဲ့နောက် သူတို့ရဲ့ လယ်ယာမြေတွေကို ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ပြန်ရထားတဲ့ လယ်ယာမြေတွေအပေါ်မှာ လယ်စိုက်ဖို့ ယာစိုက်ဖို့ ပြန်လုပ်ကြတဲ့အခါမှာတော့ ပိုင်နက်ကျူးလွန်မှုနဲ့ အဲဒီလယ်သမားတွေကို တရားစွဲပြီး ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဘန်ကောက်မြို့ကနေ ကိုသိန်းထိုက်ဦးက ဆက်သွယ်စုံစမ်းပြီး အစီရင်ခံထားပါတယ်။

မြေအသိမ်းခံခဲ့ရလို့ အိုင်အယ်လ်အို ကို တိုင်ကြားခဲ့ဖူးတဲ့ အောင်လံမြို့နယ် စမ်းကလေးရွာက လယ်သမားတွေ၊ အခုတော့ သူတို့ တခါက ပိုင်ခဲ့ဖူးတဲ့ လယ်မြေထဲမှာ နှမ်းနဲ့ ပဲနီစိမ်းတွေ စိုက်မိလို့ ပိုင်နက်ကျူးလွန်မှုန့ တရားရုံးက ထောင်ဒဏ် ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တာပါ။ ဒီလို ထောင်ဒဏ်တွေ ချမှတ်လိုက်တာနဲ့ပတ်သက်လို့ အောင်လံမြို့ခံ တယောက် က အခုလို ပြောပါတယ်။

"ကိုသန်းစိုး၊ သူက အလုပ်ကြမ်းတွေပါ ပါတယ်နော်။ သူ့ကို ၁ နှစ်၊ မောင်သက်က ၉ လ၊ ကိုမြင့်သိန်းက ၂ နှစ်နဲ့ ၃ လ၊ မအေးဝင်းက ၄ နှစ် ၉ လ၊ မောင်မျိုးက ၉ လ၊ ကိုသိန်းဝင်းက ၂ နှစ် ၃ လ၊ ကိုသိန်းထွန်းက ၂ နှစ် ၃ လ၊ ကိုနိုင်စိုးက ၂ နှစ် ၃ လ၊ ကိုထွန်းကြည်က ၂ နှစ် ၃ လ။ ပြီးတော့ ကိုစိုးမြင့် ၃ လ၊ ကိုဝင်းနိုင်ဦး ၂ နှစ် ၃ လ၊ မမိမာ ၂ နှစ် ၃ လ။ အဲဒီမှာ ကိုသန်းစိုးတို့က သားအဖ သုံးယောက်ပေါ့နော်။ ကိုသန်းစိုး ရယ်၊ ကိုသက် ရယ်၊ ကိုမျိုး ရယ်က သားအဖ သုံးယောက်။ နောက်ပြီးတော့ မအေးဝင်းကလည်း လင်မယားနှစ်ယောက်ပေါ့နော်။ သူ့ယောက်ျား ရယ်၊ ပြီးတော့ ညီမ ရယ်။"

၂၀၀၇ ခုနှစ်မှာ အောင်လံမြို့နယ် စမ်းကလေး ကျောင်းစုအတွင်း လယ်သမားတွေရဲ့ ဘိုးဘွားဘီဘင်ပိုင် လယ်မြေဧက ၅၀ ကျော်ကို အောင်လံမြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ စီမံချက်တခုဖြစ်တဲ့ MEC သကြားစက် အမှတ် (၅) က သိမ်းယူ ခဲ့ပါတယ်။ ဒီလို သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး လယ်သမားတွေက သက်ဆိုင်ရာ အစိုးရ အရာရှိတွေနဲ့ အိုင်အယ်လ်အို အလုပ်သမား အဖွဲ့ချုပ်ကို တိုင်ကြားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မတ်လအတွင်း နေပြည်တော်မှာရှိတဲ့ အလုပ်သမားရေး ဝန်ကြီး ဌာနနဲ့၊ အိုင်အယ်လ်အို အရာရှိတွေ ဒီကိစ္စနဲ့ပတ်သက်လို့ လာရောက် စစ်ဆေးခဲ့ပြီး ဒီလယ်ယာတွေကို လယ်သမားတွေ ပြန်ပြီး ပိုင်စေ ဆိုတဲ့ နှုတ်မိန့်နဲ့ ပြန်ပြီး လုပ်ပိုင်ခွင့် ပေးခဲ့ပါတယ်။ ဒီအကြောင်းကို မိသားစုဝင်တွေနဲ့ မြို့ခံတွေက အခုလို ရှင်းပြပါတယ်။

"(၄၄၇) နဲ့ တရားစွဲတာ ပိုင်နက်ကျူးလွန်မှုပေါ့။ သူတို့အခင်းကို ပြန်သိမ်းလို့။ ၄ လပိုင်း မတိုင်ခင်တုန်းကလေ သူတို့ ဝန်ကြီးတွေနဲ့ ဒီမှာ လာစကားပြောတဲ့အခါကျတော့ ပြန်ပေးတယ်ပေါ့နော်။ နှုတ်မိန့်နဲ့ ပြန်ပေးသွားတယ်ပေါ့နော်။"

"၂၀၀၇ ခုနှစ်မှာ သိမ်းတယ်။ ၂၀၀၈ ခုနှစ် သူတို့ အိုင်အယ်လ်အိုမှာ တိုင်ထားတယ်။ အဲဒါ အိုင်အယ်လ်အို အရာရှိရော၊ နေပြည်တော် ဝန်ကြီးဌာနက ဗိုလ်မှူးကြီး လွင်အောင် ရော၊ အားလုံး မယက ရော၊ ရယက ရောပေါ့နော်။ အားလုံး အစုံအလင်ရှေ့မှာ - ခင်ဗျားတို့ ယာမြေတွေ ဟုတ်ပါသလား။ ဘယ်သူက ဘယ်နှစ်ဧကတုန်း ဆိုပြီး မေးတဲ့အခါမှာ သူတို့က ဧကတွေ ပြောပြတဲ့အခါကျတော့ ဒါ မှန်ကန်တယ်။ ဆိုတော့ ခင်ဗျားတို့လယ် ခင်ဗျားတို့ ယာကို လွတ်လပ်စွာ လုပ်စား ပေါ့နော်။ လွတ်လွတ်လပ်လပ် လုပ်စား စိုက်စား ဆိုပြီး ဗိုလ်မှူးကြီး လွင်အောင် က နှုတ်မိန့်နဲ့ ပေးခဲ့တယ်။ နှုတ်မိန့်နဲ့ ပေးခဲ့တဲ့ဟာမှာ ယာသမားတွေက ယာဆင်းလုပ်တာပေါ့။ ဒီ့ အရင်တုန်းကလည်း ယာသမားတွေက ယာပဲ လုပ်စားတာ။ အဲဒါကို လယ်ယာဌာနက တရားစွဲတယ်။ သူတို့မြေကို ဒီတောင်သူတွေက ကျူးကျော်ပါတယ်ဆိုပြီးတော့ တရားစွဲတယ်။ တရားစွဲပြီးတော့ ခုတော့ နေ့လယ် ၁ နာရီမှာ ထောင်ချလိုက်တယ်လေ။ အခု သရက် ကို ပို့လိုက်ပြီ။"

အခုတော့ လယ်သမားတွေကို ဖမ်းဆီးပြီး သရက် ထောင်ကို ပို့လိုက်ပါပြီ။ ပြီးခဲ့တဲ့ ဇွန်လ မိုးဦးကျမှာ လယ်သမားတွေက သူတို့မြေတွေကို လုပ်ပိုင်ခွင့်ရပြီဆိုပြီး ထယ်ရေးပြင်ပြီး နှမ်းနဲ့ ပဲနီစိမ်းတွေ စိုက်ခဲ့တာပါ။ ဒါကြောင့်လည်း ပိုင်နက် ကျူးလွန် တယ် ဆိုပြီး အောင်လံမြို့နယ် အာဏာပိုင်တွေရဲ့ စီမံချက်ဖြစ်တဲ့ သကြားစက်က ပြန်တရားစွဲခဲ့ပြီး အခုတော့ ဒီနေ့ နေ့ခင်း ပိုင်းမှာ သူတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒီလို ထောင်ဒဏ်တွေ ချမှတ်ခံလိုက်ရတဲ့အတွက် ကျန်ရစ်တဲ့ မိသားစုတွေရဲ့ အခြေအနေကိုလည်း လယ်သမားတွေရဲ့ မိသားစုဝင်တယောက်က အခုလို ပြောပါတယ်။

"အခုတော့ အိမ်မှာ အိမ်ထောင်ဦးစီးတွေ လုပ်နိုင်ကိုင်နိုင်တဲ့လူတွေချည်းပဲ ချလိုက်တာ ဆိုတော့ အိမ်ကလူတွေ အကုန်လုံး ဒုက္ခရောက်ကုန်တာပေါ့။ လှည်းတွေရော နွားတွေရော။ အခုဆို စိုက်ပျိုးပြီးခါစပဲ ရှိသေးတယ်လေ။ အခု နောက်ပိုင်းမှာ ရိတ်သိမ်းဖို့ရော အလုပ်တွေကတော့ အများကြီးပေါ့။ အဲဒါ ဘာမှ မလုပ်နိုင်တော့ဘူးလေ။ အဲဒါ ခုတော့ မအေးဝင်း ဆိုရင် လည်း ၄ နှစ်နဲ့ ၉ လ၊ သူဆိုလို့ရှိရင် သူ့ယောကျ်ားရော သူ့ညီမလေးရော။ ညီမလေးကဆို ကျပ်မပြည့်ဘူးလေ။ အခု ညီမလေးရော၊ သူ့ယောကျ်ားရော ဆိုတော့ အိမ်မှာ ကလေးနှစ်ယောက်နဲ့ အဘွားကြီး ၈၀ ကျော်လောက် အမေအိုကြီးပဲ ကျန်ခဲ့တော့တယ်။ ကြည့်မယ့်သူမရှိတော့ ဒီအတိုင်းပဲ ထားခဲ့ရတယ်ဆိုတော့ နွားတွေလှည်းတွေလည်း ကြည့်မယ့်သူ မရှိဘူးပေါ့။"

အိုင်အယ်လ်အို အလုပ်သမား အဖွဲ့ချုပ်ကြီးနဲ့ မြန်မာစစ်အစိုးရအကြား သဘောတူညီချက် အရ အဓမ္မလုပ်အားပေး ခိုင်းစေမှု တွေ အတင်းအကျပ် မြေယာသိမ်းမှုတွေကို လယ်သမားတွေဘက်က တိုင်ကြားခွင့်ရှိပြီး ဒီလို တိုင်ကြားသူတွေကို စစ်အစိုးရ ဘက်က လက်တုံ့ပြန် အရေးမယူပါဘူးလို့ သဘောတူထားပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရဟာ အိုင်အယ်လ်အိုနဲ့ သဘောတူထားတဲ့ နားလည်မှု သဘောတူညီမှု စာချွန်လွှာတွေအားလုံးကို ပယ်ဖျက်သလို ဖြစ်နေပြီဆိုပြီး ဒေသခံ လယ်သမား တယောက်က အခုလို မှတ်ချက်ချပါတယ်။

"နေပြည်တော် အစိုးရနဲ့ ကျနော်တို့ အိုင်အယ်လ်အို အဖွဲ့အစည်းနဲ့ သဘောတူစာချွန်လွှာတွေ၊ လက်မှတ်ရေးထိုး ထားတာ တွေကို သူတို့ကနေ လွယ်လွယ်လေးနဲ့ ဖောက်ဖျက်တဲ့သဘောလို့ ကျနော် မြင်တယ်ခင်ဗျ။ ခံစားရတာ ပြောရရင်တော့ ဒီတောင်သူလယ်သမားတွေက တနိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနေတဲ့ တောင်သူလယ်သမားတွေပေါ့ဗျာ။ ကျနော်တို့ သီးနှံတွေ စိုက်ပျိုးပေးနေတဲ့ တောင်သူတွေအနေနဲ့ ကိုယ့်လယ်ယာမြေကို လွတ်လွတ်လပ်လပ် လုပ်မစားရတဲ့ အခြေအနေမျိုးကို ရောက်နေပြီခင်ဗျ။ ခုတော့ တောင်သူလယ်သမားတွေဟာ၊ အဲဒီထဲမှာ အငှားလိုက်လုပ်တဲ့လူတွေရော၊ စက်အငှားမောင်းတဲ့သူတွေပါ အကုန်လုံးကို မဆိုင်တဲ့သူတွေပါ အကုန်ရောနှောပြီး ထောင်ချပစ်လိုက်တယ်ဗျ။ တော်တော်လေးကို ဒုက္ခရောက်နေကြပြီခင်ဗျ။"

အခု ထောင်ဒဏ်ပစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ လယ်သမားတွေဟာ စမ်းကလေးရွာက လယ်သမားတွေပါ။ တခြား ကျေးရွာတွေ မှာလည်း အလားတူ လယ်ယာသိမ်းခံရတာတွေ ရှိပြီး အဲဒီလယ်သမားတွေက အိုင်အယ်လ်အို ကို တိုင်ကြားထားပါတယ်။ ညံဝိုင်း၊ ရေပေါ်၊ သပြေပင် စတဲ့ကျေးရွာတွေက လယ်ယာတွေလည်း အသိမ်းခံထားရပြီး အဲဒီကျေးရွာတွေက အိုင်အယ်လ်အို ကို တိုင်ကြားထားတဲ့ လယ်သမားတွေကိုလည်း ကြံစက်က ပြန်တရားစွဲဆိုထားပါတယ်။ သူတို့ကိုလည်း မကြာခင်ရက်ပိုင်းအတွင်းမှာ အမိန့်ချမယ်လို့ အောင်လံဒေသခံတွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG