သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်း ကလေးမှောင်ခိုကူးရာမှာ မြန်မာပြည်ထိပ်ဆုံး


ကမ္ဘာ့တိုက်ကြီးသုံးတိုက်က ကလေး ကူးသန်းရောင်းဝယ်မှုတိုက်ဖျက်ရေးကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တပတ်ကြာကျင်းပခဲ့တာ ဒီကနေ့ ပြီးဆုံးသွားပါတယ်။ ဒီညီလာခံက ကလေးတွေကို လူကုန်ကူးခံရမှုကနေ ဘယ်လို အကောင်းဆုံး ကူညီစောင့်ရှောက်မလဲ ဆိုတာကို ဆွေးနွေးဖလှယ်နိုင်ခဲ့တယ်လို့ အရှေ့တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေး ကွန်ယက်အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ ပြီးဆုံးသွားတဲ့ ညီလာခံကို လက်တင်အမေရိက၊ အရှေ့တောင်အာရှ နဲ့ အရှေ့ ဥရောပဒေသတွေက ကလေး ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေးကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီညီလာခံမှာ အဖွဲ့အစည်းအသီးသီးက သူတို့ ၃ နှစ်တာ ဆောင်ရွက်ခဲ့ကြတဲ့ လုပ်ငန်း အတွေ့အကြုံတွေကို အပြန်အလှန် ဖလှယ်ပြီး ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အရှေ့တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေး ကွန်ယက်အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်သူ မစ်စ် အမီဟန် အဘူဗာ (Amihan V. Abueva) က ဒီဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ပြောပြပါတယ်။

"ဒီဆွေးနွေးပွဲကနေ ကလေးတွေ လူကုန်ကူးမခံရအောင် ဘယ်လိုကာကွယ်ရမယ် ဆိုတဲ့ နည်းလမ်းတွေ၊ လူကုန်ကူးခံရတဲ့ ကလေးတွေကို ဘယ်လို စောင့်ရှောက်ရမယ် ဆိုတာတွေ၊ ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လူထုအကြားမှာ ပညာပေးတာတွေ ကို ဘယ်လို ပိုမိုတိုးတက်အောင် ဆောင်ရွက်မလဲဆိုတဲ့ အရေးကြီးတဲ့ အချက်တွေကို လေ့လာနိုင်ခဲ့တယ်။" - လို့ ပြောသွား တာ ဖြစ်ပါတယ်။

လေ့လာချက်တွေအရဆို အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာပြည်ရဲ့ အခြေအနေဟာ အဆိုးဆုံးဖြစ်တယ်လို့ မစ်စ် အမီဟန်အဘူဗာ က ပြောပါတယ်။

ဒီညီလာခံမှာ ပါဝင်တက်ရောက်ခဲ့တဲ့ လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကတော့ မြန်မာကလေးတွေ လူကုန်ကူးခံရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

"ကလေးတွေ ဘာကြောင့် ကူးသန်းရောင်းဝယ်ခံထိလဲ။ ဆင်းရဲမှုကြောင့်ရယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံထိလို့ မိဘတွေ က ပြည်တွင်းမှာမနေနိုင်လို့ ထွက်လာတဲ့ကြားထဲကနေ ရွှေ့ပြောင်းမှုနဲ့အတူ ကလေးကူးသန်းရောင်းဝယ်မှု ရှိလာတာကို ကျနော်တို့ တင်ပြတယ်။ ထိုင်းနိုင်ငံမှာ ရောက်လာတဲ့အချိန်မှာ မြန်မာအစိုးရရဲ့၊ ပြီးတော့ ထိုင်းအစိုးရရဲ့ ကာကွယ် စောင့်ရှောက်မှု ယန္တယား အောက်မှာ ကောင်းကောင်းမွန်မွန် မရှိဘူး။ ရွှေ့ပြောင်းအလုပ်သမား ဆိုတဲ့ ပတ်ဝန်းကျင် အကြား မှာ နေတဲ့အခါမှာ ထိုင်းနိုင်ငံရောက်တဲ့ အခါမှာ ကလေးကူးသန်းရောင်းဝယ်မှုက ပိုမိုများပြားလာတဲ့အချက်တွေ တွေ့ရ တယ်။ အဲဒီလို တင်ပြတဲ့အခါမှာ သူတို့အနေနဲ့ တော်တော်များများ အံအားသင့်တာ။ သူတို့ နိုင်ငံမှာ ထောင်နဲ့ သောင်းနဲ့ သိန်းနဲ့ ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ မရှိဘူး။ ဒုက္ခသည်တွေ မရှိဘူး။ သူတို့ တိုင်းပြည်မှာ အစိုးရတွေ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလို့ လုပ်ငန်းတွေ အောင်မြင်ပေမယ့် ကျနော်တို့ တိုင်းပြည်မှာတော့ အစိုးရကိုယ်တိုင်က ဒီဟာကို ဟန်ပြလောက်လုပ်ပြီးတော့ တကယ့် အကြောင်းရင်းဖြစ်တဲ့ ပညာရေး နိမ့်ကျတာတွေ၊ ဆင်းရဲတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို တိတိကျကျ အဖြေရှာနိုင်အောင် မလုပ်တဲ့အတွက် အားနည်းချက်တွေ တွေ့တဲ့အခါမှာ ဒီကိစ္စ တော်တော် ခက်ခဲတယ် ဆိုတာကို နိုင်ငံတွေအားလုံးက သဘောပေါက် သွားပါတယ်။"

မြန်မာကလေးငယ်တွေဟာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ အများအားဖြင့် ရောင်းစားခံနေကြရတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းရောင်းစားခံရတဲ့ ကလေးအများစုဟာ လိင်လုပ်ငန်း၊ သူတောင်းစား လုပ်ငန်း၊ ဒုစရိုက် လုပ်ငန်းတွေနဲ့ တရုတ်ပြည်ဘက်မှာ ဇနီးမယားအဖြစ် ရောင်းစားတာတွေကို တွေ့ရသလို ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အတွက် ကူးသန်းရောင်း ဝယ်တာတွေ ရှိနေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

အခုအခါမှာတော့ အရှေ့တောင်အာရှဒေသတွင်းက အစိုးရတွေဟာ ကလေးကူးသန်း ရောင်းဝယ်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဥပဒေထုတ် ဆောင်ရွက်တာတွေ ရှိလာသလို မဲခေါင်မြစ်ဝှမ်း ဒေသတွင်းမှာ အစိုးရချင်း ပူးပေါင်း ဆောင်ရွက် တာတွေ ရှိလာနေပြီ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ ဒီကနေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ဂျာနယ်တစောင်မှာတော့ အစိုးရနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွက် အမေရိကန် ဒေါ်လာ ၁ သန်းနဲ့ မြန်မာကျပ်ငွေ သန်း ၂,၉၀၀ ကျော် သုံးစွဲ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ ဒီကနေ့ ပြီးဆုံးသွားတဲ့ ညီလာခံကိုတော့ မြန်မာနိုင်ငံက စစ်အစိုးရ ကိုယ်စားလှယ်တွေနဲ့ အခြား အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်လာတာတော့ မတွေ့ရပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG